ကျနော် အကြိမ်ကြိမ် ပြန်စဉ်းစားနေကြည့်မိသည်။ စဉ်းစားလိုက်တိုင်း အဖြေက မိမိကိုယ်ကို သာ အပြစ်တင် နေမိသည်။ ဘာကြောင့် ဒီလောက် ဖော်ရွေမှု နည်းရပါသလဲဟု .. ဖြစ်ပုံက ဒီလို ..
ကျနော် အလုပ်လုပ်သော ကာစီနိုထဲတွင် လှည့်ကာ ကျနော်တို့ Dept နှင့်သက်ဆိုင်သော Slot Machines များကို လှည့်ကြည့်နေတုန်း ဖြတ်လာသော Marketing မန်နေဂျာကို ကျနော် တွေ့လိုက်သည်။ တွေ့လိုက်ပါလျှက် မိမိ အထက်လူကြီးတယောက်ကို ပြုံးပြသင့်ပါလျှက် ကျနော် သူ အနားရောက်လာချိန်ထိ ကျနော်မပြုံးပြ မိသည့်အပြင် အဲ့အချိန်မှာ ကျနော့မျက်နှာက တော်တော် တည်နေခဲ့သည်ဟု ကျနော်ထင်သည်။ သူကတော့ အဲ့လိုမဟုတ် Marketing မန်နေဂျာ ပီသစွာ ဖော်ရွေသော အပြုံးတချက်ကို ကိုယ့်လက်အောက် ငယ်သားပင် ဖြစ်စေကာမူ ပြုံးပြသွားခဲ့သည်။ အဲ့ဒီ စက္ကန့်ပိုင်းလေး အတွင်းမှာပင် ကျနော် အရှက်ကြီး ရှက်ရတော့သည်။ မိမိလုပ်နေသည်က လူအများနှင့် ဆက်ဆံနေရသော နေရာတခု ထို့အပြင်ကိုယ့် အလုပ်က ပိုရွေ့ လူအများနှင့် တိုက်ရိုက်ထိတွေ့ရသော အလုပ်။ အများကြီး စဉ်းစားမိကာ မိမိ အပြုအမူအတွက် အရှက် ရမိတော့သည်။ ထိုကြောင့် သူ တပတ်ပြန်လာသော အခါ ကျနော် က ဦးအောင် ဖော်ဖော်ရွေရွေ ပြုံးပြ လိုက်မိသည်။ ထို့အတွက် သူက ကျနော့ ပုခုံးကို ပုတ်ကာ ခေါင်းညိမ့် ဆက်လျှောက်သွားတော့သည်။
အမှန်က ကျနော် ဒီရက်ပိုင်း တော်တော့ ကို အလုပ်များနေသည်။ ပုံမှန် ၀န်ထမ်းတယောက် အနေနှင့် သိပ်မများ နိုင်ပေမဲ့ ကျနော်တို့ယူထားရသော နေရာက တဌာနလုံးမှာမှ ကျနော်အပါအ၀င် လေးယောက်သာရှိသည်။ ကျနော်တို့ ညဂျူတီတွင် ၂ ယောက်သာရှိသည့် အတွက် အထဲတွင်ရော ရုံးခန်းတွင်ပါ ကျနော်တို့ အလုပ်များ ကြသည်။ ဒီရက်ပိုင်း ပိုများသည့် အကြောင်းက နေရာတူ သူငယ်ချင်းတယောက်က အပြီး ပြန်သွားခဲ့သည်။ သူပြန်သွားတော့ သူကိုင်ထားသော ပရော့ဂျက်များကို HOD လုပ်သူက ကျနော့ကို လုပ်နိုင် မလုပ်နိုင် မမေးပဲ တာဝန်ပေးခဲ့သည်။ ပေးခဲ့တာက ကျနော်လုံးဝ မကျွမ်းကျင်သော ဂရပ်ဖစ်ဒီဇိုင်းများ ... ပထမရက်ပိုင်း တော်တော်ကို စိတ်တိုခဲ့သည်။ သို့ပေမဲ့ သူ့ဆန်စား ရဲရမည် ဟု တင်းကာ ဖြစ်အောင် လေ့လာခဲ့ကာ အရင် အခြေခံနှင့် ပေါင်းပီး ကျနော်တတ်နိုင်သမျှ ကြိုးစားခဲ့သည်။ ထုတ်သမျှ ဒီဇိုင်းကို ဂျေးများကာ ပြန်ပြင်ခိုင်းခဲ့သော မားကက်တင်း ဌာနကိုလည်း ကျေးဇူးတင်သည်။ သူတို့ ဂျေးများလို့သာ အခု ကျနော် နားလည်ရသည်။ တပတ်အတွင်း ကျနော် ဒီဇိုင်း ၇ ခု ထုတ်ပေးခဲ့သည်။ သို့ပေမဲ့ ရလဒ်က ကျနော် လူရှေ့သူရှေ့ မရှောင် ဟန်မဆောင်နိုင်လောက်အောင် စိတ်ကျဉ်းကျပ်မှုကြောင့် မျက်နှာက မှုန်ကုတ်ကုတ် ဖြစ်သွားရသည်။ နောက် တချက် ရီပြဖို့ကို သေမလောက် တွန့်တိုနေခဲ့တော့သည်။ တချက်ရယ်ရင် တရက်အသက်ပိုရှည် မည်ဟု ကြားဖူးပေမဲ့ ဘာကိုမှ ဂရုမစိုက်နိုင်လောက်အောင် ကျနော့် အလုပ်ပိခဲ့သည်။ သို့ပေမဲ့ ဒီမနက် သင်ခန်းစာက ကျနော့ကို ပြုပြင်ပေးလိုက်ပြီ။
အလုပ်ဘယ်လောက်များများ ကျနော် နောက်ကို ပြုံးဖို့ ၀န်မလေးတော့ပါ။ ကျနော့အပြုံးက လူတယောက်ကို စိတ်အဆင်ပြေမှု ပေးနိုင်တယ်ဆို ကျနော် ပြုံးရကျိုး နပ်ပီဟု .....
Labels: ကျနော့မှတ်စု, ခံစားချက်
ဟန်လွင်ဦး
ကျနော့ရဲ့ ညီအကို လိုချစ်တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက သူငယ်ချင်းတယောက်ပါပဲ။ ဒီကောင့်ကိုတော့ အဖွဲ့ထဲမှာ ချီးကြောင် ရယ်လို့ နာမည်ဖျက်ပေးထားကြတယ် ခင်ဗျ။ ပုံမှန်ဆိုရင် ကောင်းပေမဲ့ တခါတခါ ကျပ်မပြည့်ပဲ လုပ်ချင်တာ ထလုပ်တတ်လို့ ဒီနာမည်ကို ပေးထားရခြင်းဖြစ်ပါတယ်။ ခုမှရတဲ့နာမည်လည်း မဟုတ်ပါဘူး ဟိုးငယ်ငယ် လေးတန်းကျောင်းသား ဘ၀လောက်တည်းက ပိုင်ဆိုင်ထားတဲ့ ဘွဲ့ဖြစ်ပါတယ်။ လူပုံစံကတော့ ဖြူဖြူ ပိန်ပိန်နဲ့ ရုပ်ရည်က ခပ်သန့်သန့်မို့ SKB ပေါ့ဗျာ။ (ဒါပေမဲ့ ခုချိန်ထိ ရည်းစား မယ်မယ်ရရ မရှိသေးပါဘူး အီစီကလီတွေတော့ ရှိပါရဲ့)။ ဒီကောင်နဲ့ ကျနော် စခင်တာက ကျနော် သင်္ဃန်းကျွန်းကနေ ကျောင်းပြောင်းလာပီး ပထမဆုံး ကျနော် ကျောင်းစတက် ရမဲ့ နေ့မှာပါ။ ဖြစ်ချင်တော့ ဒီကောင်ကလည်း ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် အဲလိုနဲ့ ကျနော်တို့ တူတူထိုင်ဖြစ်ရင်း ခင်ခဲ့ကြတယ်ပေါ့။ အဲ အဲ့ဒီကနေ စလို့ အတူတူထိုင်လိုက်တာဟာ ကျနော်တို့ တက္ကသိုလ်ကျောင်း နောက်ဆုံးနှစ်ထိပါပဲ။ နောက် ဒီကောင့် အိမ်နဲ့ ကျနော့်အိမ်က ရှေ့နောက် ကပ်နေတာဆိုတော့ သူ့အိမ်ဟာ ကျနော့်အိမ် ကျနော့်အိမ်ဟာ သူအိမ်ကို ဖြစ်နေတော့တာပါပဲ။ တခါတရံ ကျနော်က ဒိကောင့် မိသားစုနဲ့ ထမင်းစားနေချိန်မှာ ဒီကောင်က ကျနော့်အိမ်က ထမင်းစားဝိုင်းမှာ ခပ်တည်တည်နဲ့ မျိုဆို့နေတတ်ပါတယ်။ ဘောလုံးကန်လည်း တူတူ၊ ကျူရှင် သင်တန်း တက်လည်းတူတူ စာကျက်တော့လည်း တူတူ ဘယ်တော့ဖြစ်ဖြစ် တတွဲတွဲ တွေ့ရတတ်တာကြောင့် သူငယ်ချင်းတွေကြားထဲမှာ ကျနော်တို့ ၂ယောက်ဟာ ဖြူမဲ ညီနောင်ရယ်ဆိုပီး နာမည်တွင်ခဲ့ပါတယ်။ မှတ်မိသလောက် ကျနော်တို့ ခုနစ်တန်း အရွယ်မှာ အိမ်က ကုက္ကိုင်း ရေကူးကန်ကို ရေကူးသင်ဖို့ လွှတ်ခဲ့ပါတယ်။ အိမ်က ပထမအပတ်လောက်ပဲ လိုက်ပို့ကာ နောက်ရက်တွေ တက္ကစီနဲ့ပဲ လွှတ်ပါတော့တယ်။ တနေ့ ကျနော်တို့ ရေကူးသင်ရင်း ရေနစ်လို့ ၂ယောက်လုံး ကြောက်ပီး နောက်နေ့တွေ သင်တန်း မသွားတော့ပဲ ဂိမ်းဆိုင်မှာသာ အချိန်ဖြုန်းပီး အချိန်တန်မှ အိမ်ပြန်ခဲ့ ကြပါတယ်။ ခပ်တည်တည်ပဲပေါ့ အဲ သင်တန်းပီးတော့ သင်တန်းဆင်း လက်မှတ် ပေးပွဲကြီးက တီဗီမှာလာတော့မှ ကျနော်တို့မှာ အဆူခံ ရပါတော့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျနော်တို့ ၂ယောက်လုံး သူငယ်ချင်းတွေ ကောင်းမှုနဲ့ ရေမကြောက်တော့ပဲ ကျွမ်းကျွမ်း ကျင်ကျင် ကူးတတ်တဲ့ အဆင့်ထိ ရောက်သွားပါတယ်။ အဲ့အရွယ်ထဲက ကျနော်တို့က အဲ့လိုပါ။
ကိတ်စတော်တော်များများကို ဒီကောင်မပါပဲ ကျနော်မလုပ်တတ်သလို သူကလည်း ကျနော့ကို မတိုင်ပင်ပဲ မလုပ်တတ်ပါဘူး အနည်းဆုံး အသိတော့ ပေးကြပါတယ် ဘယ်ခြေလှမ်းမယ်ဆိုတာကိုပေါ့။ ကျနော်တို့ မိုးတွေသိပ်သည်းတဲ့ ညလိုမျိုးမှာ လမ်းထွက်လျှောက်ဖူးတယ်၊ ကောင်မလေး တယောက်ကို ၂ ယောက် အတူတူ ကြိုက်ခဲ့ဖူးတယ် (နောက်တော့လည်း ဟုတ်တာမဟုတ်ပါဘူး)၊ ဗိုလ်တထောင် ဆိပ်ကမ်းမှာ ညကြီးသန်းခေါင် ဂစ်တာထိုင်တီးခဲ့ကြဖူးတယ်၊ ဒီကောင် အရူးထတာ မနက်လေးနာရီလောက်ကြီး ကျနော့်ကို နှိုးပီး သူကြိုက်နေတဲ့ ကောင်မလေး အိမ်ကို ပန်းသွားချိတ်ချင်တယ် ဆိုလို့ ကျနော် လိုက်ပေးခဲ့ရဖူးတယ်၊ ကျနော် အိမ်က ခိုးလစ်ပီး ခရီးတယောက်တည်း သွားမယ်ဆိုတော့ ဒီကောင်က အဖော်လိုက်ပေးခဲ့ဖူးတယ်၊ ကျနော်တို့ အိမ်တွေ ပြသနာ ကြုံရတိုင်း ခေါင်းချင်းဆိုင်ဖြေရှင်း ကြတာ ကျနော်တို့ ၂ယောက်ပါပဲ၊ ကျနော်တို့ အတူဖြတ်သန်းလာတဲ့ အချိန်က များလွန်းပါတယ် ဒါကြောင့်တယောက်နဲ့ တယောက် ဘာလုပ်ချင်တယ်ဆိုတာ နားလည်မှု အရမ်းရှိပါတယ်။
ကျနော် သင်္ဘောတက်လာတော့ ဒီကောင်က အင်ဂျင်ဘက် ရွေးတာမို့ ဒေါက်ဆင်းရင်း ကျန်ခဲ့ပေမဲ့ အရင်လိုပဲ ကျနော့်အိမ်မှာ မေမေလိုသမျှကို ကူညီ လုပ်ကိုင်ပေးနေပါတယ်။ ကျနော့်ကို လေယာဉ်ကွင်း လိုက်ပို့တုန်းက ဒီကောင် မျက်ရည်ဝဲပီး ပြောခဲ့တာကို အမှတ်ရပါသေးတယ် ငါတို့ ၂ယောက် ဘယ်တုန်းကမှ ဒီလောက် အကြာကြီး မခွဲခဲ့ကြဖူးဘူး ငါတို့ ငယ်ငယ်တုန်းက အချိန်တွေကို ပြန်ရချင်တယ်ကွာ တဲ့ ကျနော် တချက်ပြုံးပီး ငပေါ လို့သာ ပြောနိုင်ပါတယ် ကျနော်ကိုယ်တိုင်လည်း စိတ်ထဲက ဒီကောင့်လို ပြောမိနေလို့ပါပဲ။ ခုတော့ ဒီကောင်က ရည်းစားတွေ ဘာတွေရလို့ အိုကေနေပီတဲ့ ကျနော့ကို ဒီကောင်ကြောသွားပီပေါ့ အဟင်းဟင်း (သတိထားစေချင်ပါသည်) ဘာပဲဖြစ်ဖြစ် ပြန်မဲ့အချိန်ကျရင်တော့ ၂ယောက်လုံး နည်းနည်းပါးပါး သောက်တတ် နေကြပီမို့ သွားစရာ နေရာတနေရာ တိုးဦးမည် ဟု တွေးရင် ချီးကြောင် အကြောင်း ဒီမှာပဲ ရပ်ပါရစေ။ တခြား ချစ်သယ်ချင်းတွေအကြောင်းကိုလည်း အလျဉ်းသင့်သလို တင်ပါဦးမည်။
Labels: ကျနော့မှတ်စု, ခံစားချက်, သူငယ်ချင်း

''ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
ပြာမှိန်လျက် မြူချေဆိုင်း .. ။
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း'' ............ ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူ
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။ (ထိုစာသားများကို ကိုနန္ဒ၏ Mail Forward မှ ယူကာ အသုံးပြုထားပါသည်)
အော ဘာလိုလိုနဲ့ သီတင်းတခါကျွတ်လာပြန်ပီ .. ဒီနေရာမှာ အောက်တိုဘာကို ဖြတ်လာတာ သုံးခါ တိတိရှိခဲ့ ပြန်ပီပေါ့ .. အဲဒီလို အခါသမယတွေရောက်တိုင်း ကိုယ့်နေရပ် ကိုယ့်ဌာနီကို သတိရမိတာ တအားပါပဲ ...
မိသားစု၊ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေဟာ ဒီအချိန်မှာ ခံစားမှုကို နက်နဲ စေတာပါပဲ ....
ဟိုး ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်ပီဆိုရင် ဖေဖေ မေမေ နဲ့ လိုက်ပြီး ကန်တော့ထိုက်တဲ့ သူတွေကိုလိုက် ကန်တော့ ခဲ့တာ မှတ်မိနေပါတယ်။ အဲ့လိုနေ့မျိုးဆို ၀တ်ကောင်းစားလှတွေဝတ် မနက်စောကြီး ရွှေတိဂုံဘုရားကို တက်ဖူး ဘုရားစောင်းမှာ မနက်စာ နန်းကြီးသုပ်စား နောက်တော့ ဖေဖေက သွားချင်တဲ့ နေရာမှန်သမျှ တနေကုန် လိုက်ပို့ပါတယ် လျှောက်လည် ရုပ်ရှင်ကြည့်ပေါ့ ... ညပိုင်းကျတော့ ဘိုးဘိုး၊ ဘွားဘွား၊ ဦးလေး အဒေါ်တွေကို လိုက်ကန်တော့ မုန့်ဖိုးတွေရ ပွဲဈေး လျှောက်လည် မုန့်စားနဲ့ ပျော်စရာ သိပ်ကောင်းခဲ့ပါတယ်။
အသက်အရွယ်လေး ရလာတော့ အိမ်နဲ့မသွားတော့ဘူး။ အမေနဲ့ အဖေကတော့ တနေကုန် ဘုန်းကြီးကျောင်း မှာသာ ဥပုသ်ယူရင်း အချိန်ကုန်စေတော့တယ်။ သူငယ်ချင်းတွေနဲ့ မနက်ဆို ဘုရားတက်တယ် အင်းကျီ အဖြူ ယောပုဆိုးလေးတွေနဲ့ တူညီပေါ့။ အဲ ကားထဲမှာတော့ အိတ်တွေနဲ့ ထုပ်ထားတယ် ဘောင်းဘီတွေ တီရှပ်တွေ ပါတယ်ခင်ဗျ ;D။ ပီးတာနဲ့ ကဲကြမယ်ဆိုတဲ့ အကြံနဲ့လေ။ ဘုရားဖူးပီး ပြန်လာပီ ဆိုတာနဲ့ တနေကုန် တနေကမ်း လျှောက်အလေလိုက်တော့ တာပါပဲ။ ညနေရောက်တော့ အိမ်မှာ မီးပုံးတွေ တပ် မီးပူဇော်၊ အိမ်ရှေ့ကကျောက်ခက် ပင်တွေမှာ မီးအလှ လိုက်ဆင် နဲ့ အချိန်ကုန်စေတော့တာပါပဲ။ အားလုံးပီးပီ ဆိုရင် ဒန်းလေးပေါ် ထိုင်ပီး ထိန်ထိန်သာနေတဲ့ လကြီးကို ငေးရင် တယောက်တည်း စိတ်ကူးယဉ်၊ စိတ်ပေါက်ရင် ဂစ်တာ ထတီး နဲ့ အဲလိုညမျိုးကို မအိပ်ပဲ ကုန်ဆုံးစေခဲ့ဖူးပါတယ်။
နောက် ကျနော်တို့က ပုဇွန်တောင်သားတွေဆိုတော့ ပုဇွန်တောင် သီတင်းကျွတ် ပွဲဈေးဆိုတာ နာမည် ကြီးပဲလေ တအားစည်တာ ရောက်ဖူးသူတွေ သိကြမှာပါ။ ဈေးသည်တွေ အစီအရီ ကစားနည်းတွေမျိုးစုံနဲ့ သိပ်စည်တဲ့ ပွဲဈေးတခုပါ။ ဆယ်တန်းပီးတော့ မှတ်မှတ်ရရ သူငယ်ချင်းတွေ စုပီး ပွဲဈေးမှာ ဈေးဆိုင် ဖွင့်မယ် ဆိုပီး စပ်ဆော့ကြတယ်။ အဲလိုနဲ့ စလိုက်တာဟာ တကယ်တမ်းလိုက်လုပ်တော့ မပီးတော့ပါဘူး ဈေးဆိုင်အတွက် နေရာယူရ၊ မြို့နယ်ရုံးပေါင်းစုံ သွားရ ခံဝန်ကတိတွေ များစွာ ထိုးရနဲ့ ငါးယောက်လုံး ကိုယ့်ဟာနဲ့ကိုယ် အလုပ်ရှုပ်ကုန်ပါတယ်။ အားလုံးပီးတော့ ဆိုင်ဖွင့်တာဟုတ်ပါပီ ဘာရောင်းမှာတုန်း ဆိုတော့ ၀ိုင်းစဉ်းစားရင်း Burger, Snack & Soft Drink ဆိုင်လေး ဖြစ်သွားတယ်။ နီးစပ်ရာ အသိုင်းအ၀ိုင်းကို လက်မှတ်တွေ ၀ယ်ချင်လည်းရောင်း မ၀ယ်ချင်လည်း ရောင်းနဲ့ ရှိသမျှ ကူပွန်တွေ ကုန်သွားတယ်ပေါ့ ;D ။ ကိုယ့်ဟာကို decorate လုပ်ထားတဲ့ ဆိုင်လေးကို တကယ်ဖွင့်တော့မဲ့ အဖိတ်နေ့ ညနေမှာ ကြည့်ရင်း ကြည်နူးနေကြမိတယ်။ ဒီဆိုင်လေးအတွက် ပေးထားရတဲ့ အချိန်က နည်းမှ မနည်းပဲကိုး။ တကယ်လည်း အလုပ်စရော မှာထားတဲ့ အော်ဒါတွေက တော်တော်နဲ့ မရောက်နိုင်ဖြစ်ပီး ဆိုင်က ကိုးနာရီလောက်မှ စဖွင့် နိုင်တော့တယ် ရောက်နေတဲ့ သူငယ်ချင်းတွေကို အားနာပါးနာနဲ့ လျှောက်ကြည့်ခိုင်းထားရတယ်။ အားလုံးစုံပီ ဆိုတော့မှ ကိုယ်တွေပဲ စားပွဲထိုး၊ ကိုယ်တွေပဲ ဧည့်ကြို၊ ကိုယ်တွေပဲ ဒီဂျေ ပေါ့ တယောက်တလက်နဲ့ လုပ်လိုက်ကြတာ ပင်ပမ်းလို့ ပင်ပမ်းမှန်းတောင် မသိရပါဘူး။ ဒီကြားထဲ ကိုယ်တွေလိုပဲ ဆိုင်ဖွင့်တဲ့ လသာ ဘက် သူငယ်ချင်းတွေကလည်း ဖိတ်ထားတာမို့ သူတို့ဆီလည်း ၂ယောက်လောက်ကို လွှတ်ရသေးတယ်။ မနက်ကျတော့လည်း မနားရ တယောက်က ဆိုင်စောင့် ထားရတယ် ဆိုင်မှာပဲနေပေါ့ ဒီပွဲတော်ရက်ကတော့ အဲလို စီစဉ်ထားတာ တကယ်တမ်းလည်းကျရော တယောက်တည်း မထားရက်တာနဲ့ ငါးယောက်လုံး ဆိုင်မှာပဲ နေကြ ထမင်းစားတဲ့အချိန်လောက်ပဲ အိမ်ကို ခဏပြန်ကြတယ် အိမ်တွေကလည်း တော်တော် မျက်စိ စပါးမွှေး ဆူးနေကြပီ အဟိ။ ပွဲတော်ရက်ပီးလို့ အားလုံးပြန်ချုပ်ကြတော့ နဂိုက မှန်းထားတဲ့အတိုင်း အရှုံးက ပေါ်နေတော့ သိပ်မထူးဆန်းတော့ပါဘူး စလုပ်တည်းက ကျနော်တို့ မြတ်ချင်လို့ လုပ်ခဲ့တာမှ မဟုတ်တာ ကျနော်တို့ သူငယ်ချင်းတွေရဲ့ စည်းလုံးမှု အတွေ့အကြုံ တွေကို လိုချင်လို့ လုပ်ခဲ့တာဖြစ်လို့ ကျနော်တို့ ပျော်ပျော်နဲ့ပဲ ပြီးခဲ့ကြပါတယ်။
ခုနှစ်တွေမှာတော့ ပုဇွန်တောင်ဟာလည်း ပျော်စရာမကောင်းတော့ပါဘူး။ သီတင်းကျွတ်ဆိုရင်လည်း ဘာမှန်း မသိပဲ ပြီးပြီးသွားတတ်တယ်။ အရင်လို ပျော်ပွဲ ရွှင်ပွဲ လုပ်ခွင့်မပေးတော့ဘူး ဘာကြောင့်မှန်းတော့ မသိဘူးပေါ့ နော်။ ကျနော်ကတော့ ကျနော်ဖြတ်သန်းခဲ့တဲ့ နှစ်တွေကို ပဲ သတိရနေတယ်။ ဟော အခု တခါရောက်လာပြန်ပီ ဒီနေ့ ဘာမှ ထွေထွေထူးထူး မလုပ်နိုင်တော့ သက်သက်လွတ်လောက်တော့ ဖြစ်အောင်စားမယ် ဆုံးဖြတ်ပီး သီတင်းကျွတ်လပြည့် နေ့ကို တယောက်တည်း ဖြတ်သန်းခဲ့ပါတော့တယ်။
Labels: ကျနော့မှတ်စု, ခံစားချက်
သို့
ဖေဖေ .. ဘာလိုလိုနဲ့ ကိုးနှစ်တောင် ရှိခဲ့ပီနော်။ ဖေဖေ သားတို့ကို စွန့်ခွာပီး အဝေးကို ထွက်သွားခဲ့တာ ကိုးနှစ်တောင် ရှိခဲ့ပီပေါ့။ အချိန်တွေ အကုန်မြန်လိုက်တာ ဖေဖေရယ် ကိုးနှစ်ဆိုတာ သားမျက်လုံးထဲမယ် မနေ့ တနေ့ကလိုပါပဲ။ ခုထက်ထိ ဖေဖေ့ ဈာပန အခမ်းအနားကို မေ့မရနိုင်သေးပါဘူး။ မေမေ့ မျက်ရည်တွေ၊ ညီလေး ၂ ယောက်ရဲ့ မျက်ရည်တွေ ဒါတွေကို မြင်ပီး သားရဲ့ရင်ထဲက ဆုံးရှုံးမှုက ဘာနဲ့မှ အစားထိုးမရခဲ့ပါဘူး။ အဲ့ဒီတုန်းက သားတယောက်ပဲ မျက်ရည် မကျခဲ့ဘူးနော်။ ဒါကို ဖေဖေ အပြစ်တင်မှာလား သားကိုနားလည်ပီး ပြုံးကြည့် နေခဲ့မှာလား ဆိုတာ သား အမြဲ တွေးနေခဲ့ မိတယ် ဖေဖေ။ တကယ်တော့ သားမျက်ရည် မကျခဲ့တာဟာ ဖေဖေ့ကို မချစ်လို့ မဟုတ်ပါဘူး ငိုနေတဲ့ မေမေနဲ့ ညီလေးတွေကို ကြည့်ပီး သားဟာ အဖေ့ နေရာကို ၀င်ရပ်ရတော့မယ် တာဝန်ကြောင့် ပျော့ညံ့တဲ့ စိတ်ဓာတ်ကို အနိုင်မပေးခဲ့တာပါ ဖေဖေ။ ဒါပေမဲ့ သားရင်ထဲမှာ ငိုနေတာကို တော့ ဘယ်သူမှ သိနိုင်ခဲ့မယ် မထင်ပါဘူး။ အဲ့ဒီတုန်းက မကျခဲ့တဲ့ မျက်ရည်ဟာ သားအတွက် နောက်ပိုင်းမှာ ပြသနာတခုခု ကြုံရလို့ ဖြေရှင်းရတိုင်း ဖေဖေ့ကို သတိရတမ်းတ ခဲ့တဲ့အခါ သားဟာ အိပ်ယာ၊ အိမ်သာ၊ ရေချိုးခန်းစတဲ့ နေရာတွေမှာ မေမေနဲ့ ညီလေးတွေ မသိအောင် ခိုးငိုခဲ့ရတာပေါ့။
ဖေဖေ ရှိစဉ်အခါ က ချာတိတ်အရွယ် သားဟာ ခုအခါ လူလားမြောက်ခဲ့ပါပီ ဖေဖေ။ လောကကြီးက ပို့ချတဲ့ သင်ခန်းစားတွေကို သား သင်ယူခဲ့ပီးပါပီ။ တချို့တွေက ခါးသီးခဲ့သလို တချို့က ချိုမြိန်ပါတယ်။ ရွယ်တူ သူငယ်ချင်းတွေ ပျော်တိုင်း သားဟာ မပျော်ပါးနိုင်ခဲ့ပါဘူး တခုခုလုပ်ချင်တိုင်း ညီလေး ၂ယောက်ကို ဦးစား ပေးခဲ့ပါတယ်။ ဒါတွေအတွက် သား နစ်နာတယ်လို့ တခါမှ မယူဆခဲ့ပါဘူး ဂုဏ်တောင် ယူပါသေးတယ်။ သား အကိုကြီး တယောက်ရဲ့ တာဝန်ကျေချင်တယ် ဖေဖေ။ ဖေဖေကိုယ်တိုင်လည်း ဖေဖေ့ရဲ့ ဆန္ဒတွေကို ဘေးဖယ် မိသားစု အတွက်သာ ဦးစားပေးခဲ့တာ မဟုတ်လား။ ဖေဖေ့သား ကျနော်က ဖေဖေ့ ခြေရာကို ဘာလို့ မနင်းနိုင် ရမှာလဲ။ ဘာပဲပြောပြော ဖေဖေ ဆုံးမခဲ့တဲ့ ငါ့သားကြီးက ပျော့ညံ့တယ် ပြသနာတခုကို လွယ်လွယ် အရှုံးပေးချင် တယ် ပြသနာတိုင်းကို သေချာကိုင်တွယ်ပီး ထွက်ပြေးဖို့ မစဉ်းစားပဲ တယောက်တည်း ဖြေရှင်း နိုင်အောင် ကြိုးစားဆိုတဲ့ စကားတွေကို သားတသက် မေ့ရမှာ မဟုတ်ပါဘူး။ ဒါတွေဟာ သားအတွက် အားအင်တွေပါ ဖေဖေ။ ဒါပေမဲ့ သားဟာ ပြသနာတခု ဖြေရှင်းပီးတိုင်း စိတ်ဓာတ်က အောက်ခြေအထိ ထိုးကျပီး လူလောက ကနေ ဖေဖေ့လို အဝေးဆုံးကို ပြေးထွက်ချင်မိတဲ့အထိ ဖြစ်ပျက်ခဲ့ရတာတွေဟာ သားဟာ ပျော့ညံ့ဆဲ ဆိုတာ သား ၀န်ခံပါတယ်။ အဲ့လို အချိန်တွေတိုင်း ဖေဖေ့ ဆီက ငါ့သားကြီးက တော်လိုက်တာ လိမ်မာလိုက်တာ ဆိုတဲ့ အားပေးစကားတွေကို အရမ်း တမ်းတမိတယ် ဖေဖေ။ အဲဒီအသံတွေသာ သားကြားရရင် သားရဲ့ အားအင်တွေ ပြန်ပြည့်လာမှာ အမှန်ပါပဲ။
ဖေဖေ မရှိတဲ့ နောက်ပိုင်း သားဟာ သားတို့မိသားစုလေးကို စည်ကားပျော်ရွှင် ရအောင် တတ်နိုင်သမျှ ကြိုးစား ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖေ့ကို တော့ ဘယ်မှီပါ့မလဲနော်။ မှတ်မိသေးတယ် ဖေဖေ သားတို့မိသားစု စနေ၊ တနင်္ဂနွေတိုင်း မနက်ဆို ဖေဖေ ချက်ကျွေးတဲ့ ထမင်းကိုစား ညနေဆို လျှောက်လည် ကြတဲ့ အချိန်တွေကို သား မှတ်မိနေသေးတယ်။ အော် ဖေဖေ့ ကို သားတိုင်ပင်စရာ ပြောပြစရာ ရှိနေသေးတယ် သားလေ သားအတွက် ရင်ခုန်နှုန်းမြန်စေတဲ့ ကောင်မလေး တယောက် တွေ့နေပီ ဖေဖေ။ ဖေဖေ့ကို ပြရင် ဖေဖေ သဘောကျမဲ့ အလိမ်မာလေးပါ။ ဒါပေမဲ့ သူက သားကို ပြန်မချစ်နိုင်တာလည်း သိနေတော့ မပြတော့ဘူးနော်။ ဘာလို့လည်း လို့ မေးရင်တော့ နားလည်မှုလို့ ပဲ ပြောရမှာပဲ ဖေဖေ .. ဖေဖေကတော့ ပြုံးပီး ကြည့်နေမလားပဲ ဒီလို ပြောပြတာဟာ သားမရိုသေတာ မဟုတ်ရပါဘူးဖေဖေ သားကို သူငယ်ချင်းလို ပေါင်းတဲ့ ဖေဖေ့ကို ပွင့်ပွင့် လင်းလင်း တိုင်ပင်တာပါ။ ထားလိုက်ပါတော့ ဒီကိစ္စအတွက် သားတကယ်ကို အချိန်မပေးနိုင်သေးပါဘူး။ ညီလေး တွေအတွက် သားအများကြီး ကြိုးစားရဦးမယ်။ ဖေဖေသူတို့ နားမှာ မရှိတဲ့အတွက် သူတို့ မျက်နှာ မငယ်စေချင် ဘူး ဖေဖေ။ တကယ်ဆို သားဟာ ဖေဖေနဲ့ ၁၄ နှစ်ဆိုတဲ့ အတိုင်းအတာထိ ဖေဖေ့ မေတ္တာကို ရခဲ့သူပါ။ ညီလေးတွေကတော့ သားလိုမဟုတ်ဘူးလေ ဒီလိုစဉ်းစားတိုင်း သားညီလေးတွေကို အရမ်း သနားမိပါတယ်။ အဲဒါ ကြောင့် သားညိလေးတွေကို အစစအရာရာမှာ အလိုလိုက်ခဲ့ပါတယ်။ ဒါကြောင့်လားမသိဘူး ကိုဖြိုး တော်တော် ဆိုးတယ် ဖေဖေ ဒါပေမဲ့ စိတ်မပူပါနဲ့ သားကိုင်တွယ်နိုင်မှာပါ။ ငယ်လေးကတော့ အရမ်း လိမ်မာတာပဲ ဖေဖေ စာတော်တာ နောက် လူကြီးဆန်တာ တအားပဲ။
မေမေလား မေမေကတော့ တကယ့်မေမေပါပဲ။ ဖေဖေမရှိတဲ့နောက် သားသုံးယောက်ကို မျက်နှာမငယ်ရအောင် သူများတွေနဲ့ တန်းတူ နေနိုင်အောင် မေမေ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ထင်ပါရဲ့ မေမေရဲ့ ခေါင်းမှာ ဆံဖြူတွေ များလာလေရဲ့ ဖေဖေရှိသေးရင် နှုတ်ပေးရင် စဦးမလားပဲ :) ။ ဆွေမျိုး အသိုင်းအ၀ိုင်းတွေရဲ့ နှိပ်ကွပ်မှုကို ကြံ့ကြံ့ ခံကာ မိသားစု မပြိုကွဲရအောင် မေမေ ကြိုးစားခဲ့ပါတယ်။ သားက ဒီကိတ်စတွေကြောင့် ဒေါသထွက်ကာ ဆွေဖြတ် မျိုးဖြတ်မယ် လုပ်တိုင်း မေမေက လေသံအေးအေးလေနဲ့ သီးခံနိုင်ဖို့ကို ဆုံးမပါတယ်။ မေမေ့ ဆီက သား ရခဲ့တာကက သီခံနိုင်ခြင်းပါပဲ။
ဖေဖေ့အတွက် ကိုးနှစ်ပြည့်ကို သားတို့ အရင်နှစ်တွေလိုပဲ အိမ်မှာ ဘုန်းကြီး ဆွမ်းကျွေး တရားနာ လုပ်ခဲ့ပါတယ်။ သားတို့ ပြုသမျှ ကုသိုလ် အစုအဖို့ပါကကို ဖေဖေ ရောက်လေရာ ဘ၀ကနေ သာဓု ခေါ်နိုင်ပါစေ။ သားကတော့ အဝေးကနေပဲ သာဓု ခေါ်နိုင်ခဲ့ပါတယ်။ သားတို့ မိသားစုရဲ့ ရင်မှာ ဖေဖေဟာ ဘယ်တော့မှာ ပျောက်ကွယ် မသွားပဲ အမြဲကိန်းအောင်း နေမှာပါ။ ဖေဖေဟာ သားတို့ကို စောင့်ရှောက်နေတဲ့အတွက် ဖေဖေ ချစ်တဲ့ သားတို့ ဟာ ဒီထက် အောင်မြင်ကြဦးမှာပါ။ ဖေဖေ့ ဆန္ဒတွေဟာလည်း ပြည့်ဝလာရမှာပါ။ ဖေဖေ့ကို သားဒီနေရာကနေပဲ ဦးချ ကန်တော့လိုက်ပါတယ် ဖေဖေ။
ဖေဖေ့ ချစ်သားကြီး
Labels: ကျနော့မှတ်စု, ခံစားချက်
မနေ့ညက မုန်တိုင်းကလည်း ဆဲခါစဆိုတော့ သင်္ဘောပေါ် လာဆော့တဲ့ ခရီးသည် နည်းလှပါတယ်။ ခရီးသည်က နည်းတော့ အလုပ်မရှိတာနဲ့ အတွေးနယ်ချဲ့ရင်း ဟိုး ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်စဉ်းစားရင်း ငယ်သူငယ်ချင်း ၂ ယောက်ကို သတိရမိသွားပါတယ်။ ကျနော် ငယ်ငယ်က သုဝဏ္ဏမှာ မွေးစကနေ ၇ နှစ်သားလောက်ထိ နေခဲ့ဖူးပါတယ်။ ကျန်တဲ့ သူငယ်ချင်း တွေကို မမှတ်မိပေမဲ့ ခုချိန်ထိ ကျနော့ ခေါင်းထဲ စွဲနေတဲ့ သူငယ်ချင်း ၂ ယောက်တော့ ရှိပါတယ်။
တယောက်က ချစ်မင်းဇော်တဲ့။ ကျနော်နဲ့ သူငယ်တန်းစတက်တော့ သိတာ။ ဒီကောင်နဲ့ ကျနော်က အရာရာမှာ တယောက်နဲ့ တယောက်ပြိုင်ရမှ ကျေနပ်ကြတာ။ သူငယ်တန်းကနေ ကျနော်မပြောင်းခင် ၂တန်းထိ ဒီကောင်နဲ့ ကျနော် တတန်းထဲ ဘေးချင်းကပ် ထိုင်ကြတာ။ လပတ်စာမေးပွဲ၊ နှစ်စဉ်စာမေးပွဲတိုင်း ၂ ယောက်လုံး အဆင့် ၁ ချည်း ရလို့ အတန်းထဲမှာ အဆင့် ၂ သမား အမြဲ ပျောက်တယ်။ ကျနော်တို့ ၂ယောက် ထမင်းစားလဲ ပြိုင်တယ်။ က ခ ရေးလည်း ပြိုင်တယ်။ ကျောင်းပြန်လို့ လမ်းထဲ ထွက်ကစားလည်း တခုမဟုတ် တခု ပြိုင်နေကြ။ ဒီကောင်နဲ့ ကျနော့ ကြားမှာ မမေ့နိုင်စရာအဖြစ် တခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တခါ ကျနော်တို့ ၂ယောက် ရန်ဖြစ်တယ် ကျောင်းမှာ။ တစ်တန်းတုန်းက ထင်တာပဲ .. စာပြိုင်ရေးရင်း ဒီကောင်က ပါးစပ်ကနေ ပွစိ ပွစိ ပြောပီး ကျနော့ကို အာရုံပြောင်းအောင် လုပ်တယ် ကြာတော့ ကျနော် သည်းမခံနိုင်တော့ပဲ ကွန်ပါဘူးနဲ့ ဒီကောင့် ခေါင်းကို ရိုက်ပလိုက် မိတယ်။ ဒီကောင်ကလည်း သူရေးနေတဲ့ ခဲတဲ့ နဲ့ ကျနော့ကို ပြန်ထိုးတာ ကျနော်က လက်ဝါးနဲ့ ခံလိုက်တော့ လက်ဝါးမှာ စိုက်သွားတာပေါ့။ ဒီကောင့်ခေါင်းလဲ မကွဲပေမဲ့ သွေးတော့စို့သွားတယ်။ ကျနော့ လက်လည်း လက်ဝါး အလယ်မှာ အပေါက်ဖြစ်ပီး သွေးထွက်တော့တာပဲ။ ငယ်တုန်းဆိုတော့ ဘာပြသနာမှတော့ မတက်လိုက်ဘူး။ ၂ဘက်လုံး မိဘတွေ နဲ့တော့ ခေါ်တိုင်တယ် ထင်တာပဲ။ သိပ်မကြာပါဘူး ပြန်တည့်တာပဲ။ ကျနော့မွေးနေ့မှာ ဒီကောင် ပေးထားတဲ့ (သူ့မိဘပိုက်ဆံပေါ့) မွေးပွရုပ်လေး ခုထိ အိမ်မှာရှိသေးတယ်။ ကျနော်ကသာ ဒီအချိန်မှာ ဒီကောင့်ကို အမှတ်ရနေတာ ဒီကောင်က ကျနော့် နာမည်ကိုတောင် မှတ်မိသေးရဲ့လားမသိ။
နောက်တယောက်က ဖူးပွင့်ငုံ တဲ့။ ကျနော့အိမ်ဘေး တအိမ်ကျော်မှာနေတဲ့ ကောင်မလေး။ ဖြူဖြူဖွေးဖွေးနဲ့ ကော်ပတ်ရုပ်လေး ကျနေတာပဲ (ဓာတ်ပုံပြန်ကြည့်ရင်း မှတ်မိတာပါ :D )။ အဲ့ကလေးမ က တဦးတည်းသော သမီး အဖော်မရှိ ကျနော် တို့အိမ်မှာပဲ ကျနော်နဲ့ လာလာကစားနေတာ။ ကျနော့ထက် တနှစ်ကျော်ငယ်တယ် ကျနော့ကို ကိုကို .. ကိုကို နဲ့ ခေါ်တယ်။ အဲ့ကလေးမကို ကျနော် သိပ်နိုင်တာတော့ မှတ်မိတယ်။ သူက ကျနော့်ဆီ ကစားချင်လို့ လာတယ် ကျနော်က သူလာပီဆို ကျနော်က မေမေ ကွယ်ရာကို ခေါ်ပီး (သိချင်နေပီပေါ့ .. ပြောဘူး ၀ယ်ဖတ် :D ) အ၀တ်စုတ်ကို ရေဆွတ် ကြမ်းတိုက်ခိုင်း တော့တာပဲ။ အကျင့်များ မကောင်းလိုက်ပုံပြောပါတယ် သူများ သားသမီးကို လုပ်ပုံက။ ချာတိတ်မက တုံးကလည်း တုံးသေးတယ်ဗျ။ အိမ်မှာ ငယ်ငယ်က အောက်စက် ဘာညာမှရှိပါဘူး။ ကလေးမ လာရင် အခွေကြည့်မလား အောက်စက်ဝယ်လိုက်ပီ ဆိုပီး ကြွားတယ်။ ကြည့်မယ်ဆိုတော့ စားပွဲက အံဆွဲ လေးထဲ ကက်ဆက်ခွေတွေထည့် တီဗီဖွင့်ပြ အဲဒါလည်း ယုံတာပဲ။ အဲဒိတုန်းကတော့ သဘောတွေ ကျတာပေါ့။ ခု ပြန်စဉ်းစားတော့ တော်တော့ကို လွမ်းမိပါတယ်။ ကျနော့် အနွံတာ တော်တော်ခံခဲ့ရတဲ့ သူငယ်ချင်းမလေးပါ။ နောက်ဆုံး ကျနော်တို့ ပုဇွန်တောင်ဘက်ပြောင်းမယ် ဆိုတော့ လာနှုတ်ဆက်ပါသေးတယ် ကိုကို ပြန်လာခဲ့နော်တဲ့။ အဲ့အချိန်က ကျနော်မမှတ်မိတဲ့ စကားကို မေမေက အမြဲ ပြောပီး နောက်တတ်ပါတယ်။ ဘာလဲဆိုတော့ မေမေ သားအတွက် အဲ့ကောင်မလေးကို ငါးဆယ်နဲ့ ၀ယ်ခဲ့ပေးပါတဲ့ :D ။
ဒီနှစ်ယောက်အပြင် ကျနော် တခြားသူတွေကို မမှတ်မိတော့ပါဘူး။ ဒါတောင် သူတို့ရဲ့ ငယ်ရုပ်တွေပဲ မှတ်မိတာပါ ဒီအချိန် လမ်းမှာ တွေ့လို့ တိုက်သွားရင်တောင် မှတ်မိကြမယ် မထင်တော့ပါဘူး။ ကျနော့် ဘ၀မှာ သူငယ်ချင်းပေါင်း များစွာ ရှိခဲ့ပါတယ်။ ကျနော်အတွက် သူငယ်ချင်းတွေဟာ ဒုတိယ ဘ၀ပါပဲ။ ကျနော့် မိသားစုနဲ့ ထပ်တူ ချစ်ရပါတယ်။ ကျနော်ချစ်သလို သူတို့ရဲ့ ချစ်ခင်မှု ပြန်မရမှာလဲ အသေကြောက်ဖူးပါတယ်။ ခုလည်း ကျနော်တွေးမိ ပြန်ပါပီ။ ကျနော် ဒီ ၂ယောက်ကို သတိရနေချိန်မှာ သူတို့ ကျနော့် နာမည်လေးကိုတောင် သိကြပါတော့မလားလို့း( ။
Labels: ကျနော့မှတ်စု, ခံစားချက်
တညလုံး အလုပ်လုပ် ပီးတော့ မနက်ကျရင် မနားနိုင်သေး Boat Drill က ရှိလို့ စိတ်ညစ်မယ် ကြံသေး မနက် Drill ပြီးတာနဲ့ Marketing manager ရဲ့ Briefing ရှိတယ်တဲ့။ သေဟ လို့ပဲ စိတ်ထဲက ကျိန်ဆဲမိလိုက်တယ်။ ဒီရက်ပိုင်း အလွန့် အလွန် များပြားလှတဲ့ မလေးရှားရဲ့ ဟောလီးဒေးတွေကြောင့် အိုတီတွေ လုပ်နေရတာက လွတ်မယ်ကြံသေး။ လာပြန်ပီ ဒီ Briefing။ ဟိုတခါ ပေးထားတဲ့ Project က ပီးရုံရှိသေး ဘာများထပ်လာဦးမလဲ မသိလို့ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ရယ်။
Drill ပီးတာနဲ့ မနားနိုင် အသည်းအသန် Conference room ရှိရာကို ပြေးရပါတယ်။ သူများနောက်ကျရင် အရေးမကြီး ကိုယ်နောက်ကျရင်တော့ ပြသနာပေါင်း သောင်းခြောက်ထောင် ရှိနိုင်သည်။ ဟိုရောက်တော့ အခန်းပင် မဖွင့်ရသေး ဘာလို့လဲဆိုတော့ ဒီနေ့ HOD meeting ရှိသည်တဲ့။ ဟုတ်ပါ့ ၂ ရက်နေ့ပဲလို့ တွေးရင်း ဆက်စောင့် ရတော့တာပေါ့ Day Shift Night Shift ခေါ်ထားတာကြောင့် အလုပ်ဝင်ရမဲ့ လူတွေက အချိန်ကပ်နေသလို ညသမားတွေကလည်း ဒီအချိန်ထိ မနားရသေးလို့ စိတ်ညစ်နေကြပီ။ နောက်ဆုံး suprv ရဲ့ meeting cancel လုပ်တယ် ဆိုလို့ ကောင်းလိုက်တာဆိုပီး အခန်းပြန်နားရုံ ရှိသေး ဖုန်းခေါ်ပီး ခုချက်ချင်း စပီတဲ့။ ပြေးရ ပြန်ပီပေါ့။
Title ကိုကြည့်ပီး စိတ်က ဟိုးးး အောက်ဆုံးထိ ကျသွားတယ်။ ကျနော့ နားထဲ ဘာမှ မကြားတော့ပါဘူး။ ကျနော်တို့ project တခု ပီးရုံ ရှိသေး နောက်တခုကို ကျနော်တို့ ဌာနကို ထပ်ပေးပြန်ပီ။ အမှန်ဆို ဒီပရော့ဂျက်တွေဟာ ကျနော်တို့ ဌာနနဲ့ ဘာမှကို မဆိုင်တာ။ အဲဒါတွေကို အော်ကြိး ဟစ်ကျယ်နဲ့ ရှင်းနေတဲ့ Manager ကို ကြည့်ရင်း ကျနော် တော်တော်စိတ်ကုန်သွားပါတယ်။ အားလုံးလည်း ကျနော့် လိုပါပဲ။ ဒီပရော့ဂျက်တွေဟာ အနည်းဆုံး သုံးလကနေ ဆယ်လထိ ကြာတတ်တယ် ကြားကာလမှာလည်း သင်းတို့ ဌာနက ဘာမှဝင်မကူတာ အရမ်းခံရခက်လှပါတယ်။ ကျနော်ကတော့ ပေတေပီး သူတို့ပြောနေတာတွေ တလုံးမှ နားထဲ မ၀င်ဖို့ ကြိုးစားရင်း ညည်းလိုက်မိပါတယ် SUCK ။
Labels: ကျနော့မှတ်စု, ခံစားချက်
၃၁ သြဂုတ်လ ၂၀၀၈ …
…………………………………………………………………………………………………………………
ဒိုင်ယာရီ စာအုပ်ထဲမှာ အဓိပ္ပါယ်မဲ့ လျှောက်ရေးခြစ် နေမိတယ်။ နောက်ဆုံး ရေးထား တဲ့ စာမျက်နှာကို ကြည့်မိတော့ လွန်ခဲ့တဲ့ သုံးလကျော်က ရေးထားတဲ့ အကြောင်း အရာကလည်း စိတ်ပျက်စရာမို့ အရသာခံပြီး မကြည့်နိုင်တော့။ တကယ်ဆို ရေးစရာတွေ ရှိနေတယ်။ ကိုယ့်ဘာသာ ၀န်ခံရမှာလား လိမ်ရမှာလား အတော် ခက်ခဲနေတယ်။ ဒီစာအုပ်လေး ထဲမှာ ငါလုပ်ခဲ့သမျှ ကောင်းတာ ဆိုးတာ ခါးသီးခဲ့တဲ့ နေ့ရက်တွေ ပျော်ရွှင်စရာ နေ့ရက်တွေကို ရေးချမိခဲ့တာပဲ။ အပြင်မှာ ဖောက်ခွဲထွက်ဖို့ မလွယ်ကူတဲ့ ငါ ဒီစာအုပ်လေးတွှေက ငါ့ရဲ့ ပေါက်ကွဲရာ နယ်မြေပါပဲ။
ဘုရားရေ .. ဘယ်လို အသိဥာဏ်မျိုးနဲ့ ငါ ကိုယ့်ကိုယ်ကို လိမ်ဖို့ ကြိုးစားမိပါသလဲ။ အတွေးတွေက ရှုပ်ရှက်ခက်ကာ စာအုပ်ပေါ် ကြည့်မိတော့ အဓိပ္ပါယ်မဲ့ ရေးခြစ်ထားတဲ့ အရာတွေ။ Damn It !! ခပ်ဝေးဝေး နေစမ်းပါကွာ။ ယောင်လို့ တောင် ငါ့ခေါင်းထဲ နောက်တကြိမ် မ၀င်လာပါနဲ့။
Labels: ကျနော့မှတ်စု, ခံစားချက်
(I do swear that I'll always be there. I'd give anything
and everything and I will always care. Through weakness
and strength, happiness and sorrow, for better, for worse,
I will love you with every beat of my heart.)
From this moment life has begun
From this moment you are the one
Right beside you is where I belong
From this moment on
From this moment I have been blessed
I live only for your happiness
And for your love I'd give my last breath
From this moment on
I give my hand to you with all my heart
Can't wait to live my life with you, can't wait to start
You and I will never be apart
My dreams came true because of you
From this moment as long as I live
I will love you, I promise you this
There is nothing I wouldn't give
From this moment on
You're the reason I believe in love
And you're the answer to my prayers from up above
All we need is just the two of us
My dreams came true because of you
From this moment as long as I live
I will love you, I promise you this
There is nothing I wouldn't give
From this moment
I will love you as long as I live
From this moment on
Shania Twain ရဲ့ From this moment on ပါ အားလုံး နားထောင်ဖူး ကြမယ် ထင်ပါတယ်။ ဘာကြောင့်မှန်း မသိဘူး (အဟဲ ဒီတလော ဘာကြောင့်မှန်း မသိတာတွေ များနေတယ်) တော်တော်ကြိုက်နေမိတယ် မနက်နိုးရင်၊ ညအိပ်ယာ ၀င်ရင် နားမထောင်ပဲ မနေနိုင်ဘူး။ စိတ်ထင် ရက် ၂၀ ကျော်ပီ။ သေချာတော့ မမှတ်မိဘူး။ ပထမ Shania Twain တယောက်တည်း ဆိုထားတဲ့ ဗားရှင်းကို သိပ်သဘောမကျဘူး။ နောက်ပိုင်း BSB နဲ့ Duet ဗားရှင်းမှာ တော်တော် ကြိုက်သွားတာ။ ကျနော့အတွက် အရမ်း အဓိပ္ပါယ်ရှိနေတယ်။ လတ်တလော အကြိုက်ဆုံး သီချင်းပါ။
ဒီနေရာ မှာ ဒေါင်းနိုင်ပါတယ်
