အဖေ့ ထံသို့ ....

သို့
ဖေဖေ .. ဘာလိုလိုနဲ့ ကိုးနှစ်တောင် ရှိခဲ့ပီနော်။ ဖေဖေ သားတို့ကို စွန့်ခွာပီး အဝေးကို ထွက်သွားခဲ့တာ ကိုးနှစ်တောင် ရှိခဲ့ပီပေါ့။ အချိန်တွေ အကုန်မြန်လိုက်တာ ဖေဖေရယ် ကိုးနှစ်ဆိုတာ သားမျက်လုံးထဲမယ် မနေ့ တနေ့ကလိုပါပဲ။ ခုထက်ထိ ဖေဖေ့ ဈာပန အခမ်းအနားကို မေ့မရနိုင်သေးပါဘူး။ မေမေ့ မျက်ရည်တွေ၊ ညီလေး ၂ ယောက်ရဲ့ မျက်ရည်တွေ ဒါတွေကို မြင်ပီး သားရဲ့ရင်ထဲက ဆုံးရှုံးမှုက ဘာနဲ့မှ အစားထိုးမရခဲ့ပါဘူး။ အဲ့ဒီတုန်းက သားတယောက်ပဲ မျက်ရည် မကျခဲ့ဘူးနော်။ ဒါကို ဖေဖေ အပြစ်တင်မှာလား သားကိုနားလည်ပီး ပြုံးကြည့် နေခဲ့မှာလား ဆိုတာ သား အမြဲ တွေးနေခဲ့ မိတယ် ဖေဖေ။ တကယ်တော့ သားမျက်ရည် မကျခဲ့တာဟာ ဖေဖေ့ကို မချစ်လို့ မဟုတ်ပါဘူး ငိုနေတဲ့ မေမေနဲ့ ညီလေးတွေကို ကြည့်ပီး သားဟာ အဖေ့ နေရာကို ၀င်ရပ်ရတော့မယ် တာဝန်ကြောင့် ပျော့ညံ့တဲ့ စိတ်ဓာတ်ကို အနိုင်မပေးခဲ့တာပါ ဖေဖေ။ ဒါပေမဲ့ သားရင်ထဲမှာ ငိုနေတာကို တော့ ဘယ်သူမှ သိနိုင်ခဲ့မယ် မထင်ပါဘူး။ အဲ့ဒီတုန်းက မကျခဲ့တဲ့ မျက်ရည်ဟာ သားအတွက် နောက်ပိုင်းမှာ ပြသနာတခုခု ကြုံရလို့ ဖြေရှင်းရတိုင်း ဖေဖေ့ကို သတိရတမ်းတ ခဲ့တဲ့အခါ သားဟာ အိပ်ယာ၊ အိမ်သာ၊ ရေချိုးခန်းစတဲ့ နေရာတွေမှာ မေမေနဲ့ ညီလေးတွေ မသိအောင် ခိုးငိုခဲ့ရတာပေါ့။

ဖေဖေ ရှိစဉ်အခါ က ချာတိတ်အရွယ် သားဟာ ခုအခါ လူလားမြောက်ခဲ့ပါပီ ဖေဖေ။ လောကကြီးက ပို့ချတဲ့ သင်ခန်းစားတွေကို သား သင်ယူခဲ့ပီးပါပီ။ တချို့တွေက ခါးသီးခဲ့သလို တချို့က ချိုမြိန်ပါတယ်။ ရွယ်တူ သူငယ်ချင်းတွေ ပျော်တိုင်း သားဟာ မပျော်ပါးနိုင်ခဲ့ပါဘူး တခုခုလုပ်ချင်တိုင်း ညီလေး ၂ယောက်ကို ဦးစား ပေးခဲ့ပါတယ်။ ဒါတွေအတွက် သား နစ်နာတယ်လို့ တခါမှ မယူဆခဲ့ပါဘူး ဂုဏ်တောင် ယူပါသေးတယ်။ သား အကိုကြီး တယောက်ရဲ့ တာဝန်ကျေချင်တယ် ဖေဖေ။ ဖေဖေကိုယ်တိုင်လည်း ဖေဖေ့ရဲ့ ဆန္ဒတွေကို ဘေးဖယ် မိသားစု အတွက်သာ ဦးစားပေးခဲ့တာ မဟုတ်လား။ ဖေဖေ့သား ကျနော်က ဖေဖေ့ ခြေရာကို ဘာလို့ မနင်းနိုင် ရမှာလဲ။ ဘာပဲပြောပြော ဖေဖေ ဆုံးမခဲ့တဲ့ ငါ့သားကြီးက ပျော့ညံ့တယ် ပြသနာတခုကို လွယ်လွယ် အရှုံးပေးချင် တယ် ပြသနာတိုင်းကို သေချာကိုင်တွယ်ပီး ထွက်ပြေးဖို့ မစဉ်းစားပဲ တယောက်တည်း ဖြေရှင်း နိုင်အောင် ကြိုးစားဆိုတဲ့ စကားတွေကို သားတသက် မေ့ရမှာ မဟုတ်ပါဘူး။ ဒါတွေဟာ သားအတွက် အားအင်တွေပါ ဖေဖေ။ ဒါပေမဲ့ သားဟာ ပြသနာတခု ဖြေရှင်းပီးတိုင်း စိတ်ဓာတ်က အောက်ခြေအထိ ထိုးကျပီး လူလောက ကနေ ဖေဖေ့လို အဝေးဆုံးကို ပြေးထွက်ချင်မိတဲ့အထိ ဖြစ်ပျက်ခဲ့ရတာတွေဟာ သားဟာ ပျော့ညံ့ဆဲ ဆိုတာ သား ၀န်ခံပါတယ်။ အဲ့လို အချိန်တွေတိုင်း ဖေဖေ့ ဆီက ငါ့သားကြီးက တော်လိုက်တာ လိမ်မာလိုက်တာ ဆိုတဲ့ အားပေးစကားတွေကို အရမ်း တမ်းတမိတယ် ဖေဖေ။ အဲဒီအသံတွေသာ သားကြားရရင် သားရဲ့ အားအင်တွေ ပြန်ပြည့်လာမှာ အမှန်ပါပဲ။

ဖေဖေ မရှိတဲ့ နောက်ပိုင်း သားဟာ သားတို့မိသားစုလေးကို စည်ကားပျော်ရွှင် ရအောင် တတ်နိုင်သမျှ ကြိုးစား ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖေ့ကို တော့ ဘယ်မှီပါ့မလဲနော်။ မှတ်မိသေးတယ် ဖေဖေ သားတို့မိသားစု စနေ၊ တနင်္ဂနွေတိုင်း မနက်ဆို ဖေဖေ ချက်ကျွေးတဲ့ ထမင်းကိုစား ညနေဆို လျှောက်လည် ကြတဲ့ အချိန်တွေကို သား မှတ်မိနေသေးတယ်။ အော် ဖေဖေ့ ကို သားတိုင်ပင်စရာ ပြောပြစရာ ရှိနေသေးတယ် သားလေ သားအတွက် ရင်ခုန်နှုန်းမြန်စေတဲ့ ကောင်မလေး တယောက် တွေ့နေပီ ဖေဖေ။ ဖေဖေ့ကို ပြရင် ဖေဖေ သဘောကျမဲ့ အလိမ်မာလေးပါ။ ဒါပေမဲ့ သူက သားကို ပြန်မချစ်နိုင်တာလည်း သိနေတော့ မပြတော့ဘူးနော်။ ဘာလို့လည်း လို့ မေးရင်တော့ နားလည်မှုလို့ ပဲ ပြောရမှာပဲ ဖေဖေ .. ဖေဖေကတော့ ပြုံးပီး ကြည့်နေမလားပဲ ဒီလို ပြောပြတာဟာ သားမရိုသေတာ မဟုတ်ရပါဘူးဖေဖေ သားကို သူငယ်ချင်းလို ပေါင်းတဲ့ ဖေဖေ့ကို ပွင့်ပွင့် လင်းလင်း တိုင်ပင်တာပါ။ ထားလိုက်ပါတော့ ဒီကိစ္စအတွက် သားတကယ်ကို အချိန်မပေးနိုင်သေးပါဘူး။ ညီလေး တွေအတွက် သားအများကြီး ကြိုးစားရဦးမယ်။ ဖေဖေသူတို့ နားမှာ မရှိတဲ့အတွက် သူတို့ မျက်နှာ မငယ်စေချင် ဘူး ဖေဖေ။ တကယ်ဆို သားဟာ ဖေဖေနဲ့ ၁၄ နှစ်ဆိုတဲ့ အတိုင်းအတာထိ ဖေဖေ့ မေတ္တာကို ရခဲ့သူပါ။ ညီလေးတွေကတော့ သားလိုမဟုတ်ဘူးလေ ဒီလိုစဉ်းစားတိုင်း သားညီလေးတွေကို အရမ်း သနားမိပါတယ်။ အဲဒါ ကြောင့် သားညိလေးတွေကို အစစအရာရာမှာ အလိုလိုက်ခဲ့ပါတယ်။ ဒါကြောင့်လားမသိဘူး ကိုဖြိုး တော်တော် ဆိုးတယ် ဖေဖေ ဒါပေမဲ့ စိတ်မပူပါနဲ့ သားကိုင်တွယ်နိုင်မှာပါ။ ငယ်လေးကတော့ အရမ်း လိမ်မာတာပဲ ဖေဖေ စာတော်တာ နောက် လူကြီးဆန်တာ တအားပဲ။

မေမေလား မေမေကတော့ တကယ့်မေမေပါပဲ။ ဖေဖေမရှိတဲ့နောက် သားသုံးယောက်ကို မျက်နှာမငယ်ရအောင် သူများတွေနဲ့ တန်းတူ နေနိုင်အောင် မေမေ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ထင်ပါရဲ့ မေမေရဲ့ ခေါင်းမှာ ဆံဖြူတွေ များလာလေရဲ့ ဖေဖေရှိသေးရင် နှုတ်ပေးရင် စဦးမလားပဲ :) ။ ဆွေမျိုး အသိုင်းအ၀ိုင်းတွေရဲ့ နှိပ်ကွပ်မှုကို ကြံ့ကြံ့ ခံကာ မိသားစု မပြိုကွဲရအောင် မေမေ ကြိုးစားခဲ့ပါတယ်။ သားက ဒီကိတ်စတွေကြောင့် ဒေါသထွက်ကာ ဆွေဖြတ် မျိုးဖြတ်မယ် လုပ်တိုင်း မေမေက လေသံအေးအေးလေနဲ့ သီးခံနိုင်ဖို့ကို ဆုံးမပါတယ်။ မေမေ့ ဆီက သား ရခဲ့တာကက သီခံနိုင်ခြင်းပါပဲ။

ဖေဖေ့အတွက် ကိုးနှစ်ပြည့်ကို သားတို့ အရင်နှစ်တွေလိုပဲ အိမ်မှာ ဘုန်းကြီး ဆွမ်းကျွေး တရားနာ လုပ်ခဲ့ပါတယ်။ သားတို့ ပြုသမျှ ကုသိုလ် အစုအဖို့ပါကကို ဖေဖေ ရောက်လေရာ ဘ၀ကနေ သာဓု ခေါ်နိုင်ပါစေ။ သားကတော့ အဝေးကနေပဲ သာဓု ခေါ်နိုင်ခဲ့ပါတယ်။ သားတို့ မိသားစုရဲ့ ရင်မှာ ဖေဖေဟာ ဘယ်တော့မှာ ပျောက်ကွယ် မသွားပဲ အမြဲကိန်းအောင်း နေမှာပါ။ ဖေဖေဟာ သားတို့ကို စောင့်ရှောက်နေတဲ့အတွက် ဖေဖေ ချစ်တဲ့ သားတို့ ဟာ ဒီထက် အောင်မြင်ကြဦးမှာပါ။ ဖေဖေ့ ဆန္ဒတွေဟာလည်း ပြည့်ဝလာရမှာပါ။ ဖေဖေ့ကို သားဒီနေရာကနေပဲ ဦးချ ကန်တော့လိုက်ပါတယ် ဖေဖေ။

ဖေဖေ့ ချစ်သားကြီး

3 Comments:

  1. WWKM said...
    မောင်လေး မိုးသောက်ယံ.. ရေ..
    ခံစားချက်အပြည့် နဲ့ ရေးထားတာမို့လို့လား မသိဘူး
    ဖတ်လို့ကောင်းတယ် မောင်လေး ရေ..
    မောင်လေးက လူတော်တစ်ယောက်ပဲ.. ကျေးဇူးရှင်
    မိခင် နဲ့ မောင်လေး ညီမလေးတွေကို ထောက်ပံ့ကျွေး
    မွေးနေတာသိရလို့ ဂုဏ်ယူဝမ်းသာမိပါတယ် မောင်ငယ်
    လေး ရေ... ကြိုးစား နော်.. လောကကြီး ကို အရှုံးပေး
    စရာမလိုဘူး ။ မောင်လေးက လိမ္မာတဲ့ သူတော်ကောင်းလေးတစ်ယောက်ပါ ။
    ခင်မင်လျှက်..
    မမ၀ါ
    မိုးသောက်ယံ said...
    ကျေးဇူးတင်ပါတယ် မ၀ါ .. တခါတလေတော့လည်း အားတွေဟာ လျော့လျော့လာတယ် အမရယ် .. ဒါမဲ့ အရှုံးပေးလို့ ဘယ်ဖြစ်မတုန်း :)
    လင်းထက် said...
    ညီရေ အခုမှ ကိုယ်ဒီပိုစ့် ကို အသေအချာ ဖတ်မိတယ် ကွာ အရမ်းကို စိတ်ထဲမှာ ထိခိုက်တယ် ညီက ရင်ထဲ မှာ ရှိတဲ့ အတိုင်း ရေးထားတာ ကို က စာဖတ်သူတွေ ရဲ့ ရင်ကို ကိုင်လှုပ်နိုင် တယ် လို့ ဆိုရမလားပဲ .....

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.