အဆက်အသွယ်ပြတ်တာလဲ မပြောပါနဲ့ ကျနော်ရဲ့ ပင်ကိုယ်ကိုက အေးအေးနေတတ်တာကြောင့်လဲပါ ပါတယ်။ ရောက်စ ဒီက လူတွေနဲ့ သိပ်မသိခင်တုန်းကလည်း ကျနော်ဟာ ကိုယ့်ဘာသာ ဖာသီးဖာသာ နဲ့ နေထိုင်ခဲ့ပါတယ်။ အလုပ်ချိန် အလုပ် လုပ်ပီး နေ့ရက်တွေ ကုန်ဆုံးလွယ်အောင်ဆိုတဲ့ ရူးကြောင်ကြောင် အတွေးအခေါ်နဲ့ အလုပ်ပီးတာနဲ့ အိပ်တာ များပါတယ်။ နိုးလာတဲ့ အချိန်မှာလဲ တယောက်တည်း ပင်လယ်ကြီးကိုငေးပီး အတွေးတွေနဲ့ ကုန်ခဲ့တဲ့ အချိန်ဟာ များပါတယ်။ အဲ အချိန်အနည်းငယ် ကြာလို့ သူငယ်ချင်းအပေါင်းအသင်းတွေ ရလာတော့လည်း သိပ်မကွာခြား လှပါဘူး။ ဒီလိုပါပဲ ဘရိတ်ခ်နားချိန် ရတဲ့ နာရီဝက် သို့မဟုတ် ၂၀ မိနစ်မှာပင် ကျနော်ဟာ လူအများစု နားနေတဲ့ ကဖေးတီးရီးယားလို နေရာမျိုးမှာ အနားမယူပဲ အခန်းသာ ပြန်ပီး နားလေ့ ရှိပါတယ်။ အခန်းဖော်က အိပ်နေရင် လည်း ဒီအတိုင်းအမှောင်ထဲမှာသာ ငုတ်တုတ်ပေါ့။ နောက်ပိုင်း ကွန်ပျူတာ ၀ယ် အင်တာနက်သုံးတော့ ပိုဆိုးတာ ပေါ့ လုံးဝကို အပြင်နဲ့ အဆက်ပြတ်သွားတာ။ အခု မနက်မှ ကိုယ့်ဘာသာ သိလိုက်ရတယ်။ ကာစီနိုမဖွင့်ခင် လူကြီးတွေစကားပြောနေလို့ အနားကဖြတ်သွားရင်း အမှတ်မထင်ကြားလိုက်တဲ့ စကားကြောင့် ကိုယ်လဲ သူတို့ စကားဝိုင်းထဲ ရောက်သွားတော့တာပေါ့။ ပြောတဲ့ အကြောင်းက ဘုရားရေ .. သရဲ ရှိတယ်တဲ့။ ဟုတ်မှာပါ ကျနော် တို့ သင်္ဘောသက်တမ်းက ၁၀ နှစ်ရှိပါပီ။ ကျနော်မရောက်ခင်ကတည်းက ဟိုးအရင်ကတည်းက အကြောင်း အမျိုးမျိုးကြောင့် သင်္ဘောပေါ်မှာပဲ အသက်သေဆုံးခဲ့တဲ့ ခရီးသည်တွေ ၀န်ထမ်းတွေရှိခဲ့ပါတယ်။ ရှိပါတယ်လို့ ပြောကြသော်လည်း မတွေ့တာက တကြောင်း အဲဒီလောက်ကြီး စိတ်မ၀င်စားတာကြောင့်လည်း အာရုံမစိုက်ခဲ့ ပါဘူး။ ခုဟာက တော်တော့ ကို ထူးဆန်းနေပီး။ လူအတော်များများလဲ ခံရပီး ဖြစ်တာကြောင့် ကျနော် ကိုယ်တိုင် လဲ စိတ်ဝင်စားခဲ့ရတာပေါ့။ သူတို့ ပြောနေတာတွေ နားထောင်ပီး ခံရတဲ့သူတွေက ဘယ်လိုနေတယ်မသိ။ ကျနော် ကိုယ်တိုင်တော့ ကြက်သီးအနည်းငယ်ဖျန်း မိသွားတာတော့ မရှက်မကြောက် ၀န်ခံရမှာပါ။ ထူးဆန်းတာက ဒီသရဲခြောက်တာက ဖိလိပိုင် လူမျိုးတွေချည့်ပဲဖြစ်လို့ ဖိလိပိုင်သရဲမလို့တောင် ပြောကြရတဲ့ အထိပါပဲ။ ပထမဆုံး အခြောက်ခံရတာကတော့ ကျနော်တို့ရဲ့ စာရင်းဇယားတွေ လုပ်ကိုင်ဖို့အတွက် စာရေးတွေ ရှိပါတယ်။ ဖိလိပိုင်လူမျိုး အမျိုးသမီးပါတဲ့။ ညဘက် သူအလုပ်လုပ်နေတုန်း (ညဘက်ဆိုပေမဲ့ သင်္ဘောထဲမှာ နေ့မှန်းညမှန်းမသိ အမြဲ လင်းထိန်နေတာမို့မကွာပါဘူး) အဲကွန်းရှိရက်နဲ့ ပန်ကာထပ်ဖွင့်ထားပါတယ် အဲဒီ စာရေးမက .. ပြသနာက အဲဒီမှာ စတာပါပဲ ရုံးခန်းမို့ စာရွက်တွေရှိမယ်ဆိုတာ စဉ်းစားလို့ရလောက်ပါတယ်။ ပန်ကာလေကြောင့် စာရွက်တွေ လွင့်တာဟာ မဆန်းပါဘူး။ ဒါပေမဲ့ သူ့ကျတော့ ဆန်းပါတယ် မြောက်သွားတဲ့ စာရွက်တွေဟာ ပြန်ကျလာတဲ့အခါ လေအဟုန်မရှိတော့တာကြောင့် ဖြေးဖြေးလေးပြန်လွင့်လာရမှာပါ ဒါပေမဲ့ လူတယောက်က စာရွက်ကို လက်နဲ့ကိုင်ချသလိုကို အမြန် ဇိုးဇိုးဇတ်ဇတ် ကျလာတာပါတဲ့။ သူလဲ သင်္ကာမကင်း ဖြစ်လို့ အနားသွား ကြည့်မယ်ကြံတော့ ပန်ကာ ခလုတ်တွေဟာ ပြေးနေပါတယ်တဲ့ နောက် Swing လုပ်ထားတဲ့ ပန်ကာကို လူတယောက်က ကိုင်ထားသလို ရပ်နေပီး အသံတွေထွက်နေတာနဲ့ အဲဒီအမျိုးသမီးလည်း မနေရဲ တော့ပဲ ဆင်းပြေးလာရပါတယ် ဒါက ပထမဆုံးအဖြစ်အပျက်ပါ။ နောက် တယောက်က ကျနော်တို့ရဲ့ Senior Supervisor ဖိလိပိုင်လူမျိုးပါပဲ သူဟာ ညဘက် ရုံးခန်းထဲမှာပဲ ကွန်ပျူတာတလုံးနဲ့ အလုပ်လုပ်နေတုန်း တိတ်ဆိတ် နေတဲ့ အခန်းမှာ နာရီက စက္ကန့်သံသွားတာ တချပ်ချပ် ကြားရမှာ ပုံမှန်ပါ ဒါပေမဲ့ အဲဒီ တချပ်ချပ်ဟာ သူပြောပုံအရဆို အတော့်ကို ဆူညံတဲ့အထိ ဖြစ်လာတယ်လို့ ပြောပါတယ် နောက် သူသွားပီး ဖြုတ်ကြည့် ပြန်တပ်ကြည့်တော့မှ ညိမ်သွားပါတယ်တဲ့ နောက် သူအလုပ်ဆက်လုပ်နေတုန်း သူ့နားရွက်နားကို လေနဲ့ ကပ်မှုတ်သလို ခံစားရပါတယ်တဲ့ နောက် လေချွန်သံလိုမျိုးလဲ ကြားရပါတယ်တဲ့ တဆက်တည်း သူ အလုပ် လုပ်နေတဲ့ ကွန်ပျူတာ ပါ ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေလို့ သူမကြောက်ပေမဲ့ ဆက်နေဖို့ မရဲတာကြောင့် ပြန်ဆင်းလာတယ်ဆိုပါတယ်။ နောက်ပိုင်းရက်တွေ သူသွားလုပ်ရင်လည်း တယောက်တည်း မသွားတော့ပါဘူး တယောက်ယောက် ခေါ်သွားလေ့ရှိပါတယ် အဲဒီတယောက်ကလည်း ဖိလိပိုင် လူမျိုးမဟုတ်ပါဘူး။ နောက်ဆုံး ကတော့ မနေ့က တင်ပါ ကျနော်တို့ သင်္ဘောဟာ ကာစီနို ခရီးသည်တင် သင်္ဘောဖြစ်တာနဲ့အညီ နေရာတိုင်းမှာ နေရာမလပ် CCTV Coverage အပြည့်ဖြစ်ပါတယ်။ မနေ့ညကတော့ CCTV Room မှာ တာဝန်ကျတဲ့ ဖိလိပိုင် အမျိုးသား တယောက်ဟာ အဲဒီဖြစ်ပွားတဲ့ ရုံခန်းမှာပဲ စက္ကူပုံးတွေ တင်တဲ့အပေါ်မှာ အဖြူရောင် ၀တ်ရုံရှည် ၀တ်ထားတဲ့ အမျိုးသမီးတယောက်ဟာ ဆံပင်အရှည်ကြီး ချပီး ခေါင်းငိုက်စိုက်ချကာ ထိုင်နေတာကို အမှတ်မထင် တွေ့လိုက်ရပါတယ်တဲ့ သူကလည်း ဒီနေရာဟာ ခရီးသည်တွေအတွက် ကန့်သတ်ထားတဲ့ နေရာဖြစ်လို့ ဘယ်သူမှ မသိပဲ ၀င်လာတဲ့ ခရီးသည် ဖြစ်တယ်ထင်လို့ ပြောဖို့ ထွက်ပီး အကြည့်မှာ မရှိတော့ပါဘူးတဲ့ ဒါနဲ့ သူလဲ ခုနက Recording လုပ်ထားတဲ့ အခွေကို ပြန်ရစ်ကြည့်ပါသတဲ့ လုံးဝကို အစအန မတွေ့ရတော့တာပါတဲ့ ခဏနေတော့ CCTV Room ကို တံခါးလာခေါက်ပါတယ်တဲ့ သူကင်မရာကနေကြည့်တော့ ခုန အမျိုးသမီး ပုံစံပဲ ဖြစ်လို့ သွားဖွင့်ကြည့်ပြန်တော့ မရှိပြန်ပါဘူး အဲဒါနဲ့ သူလဲ အနည်းငယ် တုန်လှုပ်လာပီး ရေဒီယိုကနေ တဆင့် ပြောတဲ့အခါ ရေဒီယို Volume ဟာ အဆမတန် ကျယ်လာပီး ဘာသံမှန်းမသိတဲ့ ဆူညံသံတွေ ၀င်လာပါတယ်တဲ့ နောက်ဆုံး သူလဲ အဖော်ကို ဖုန်းဆက်ကာ ခေါ်ရပါတော့တယ်။ ဒီ ဖြစ်ရပ်ဟာ ကျနော့ အနေနဲ့ တကယ်ဖြစ်တယ်လို့လက်ခံသည် ဖြစ်စေ လက်မခံဘူး ဖြစ်စေ တော်တော့ကို ထိတ်လန့်မိတာကတော့ အမှန်တကယ်ပါ သရဲကြောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး နားထောင်နေရင်းနဲ့ ကို အနည်းငယ် ကြက်သီး ထမိတာကတော့ အမှန်ဖြစ်ပါတယ် ကိုယ်နေတဲ့ နေရာဝန်းကျင်ဖြစ်နေတာလည်း ပါတာပေါ့။ ကျနော်မရောက်ခင် လွန်ခဲ့တဲ့ လေးနှစ်လောက်ကလည်း ဖြစ်ဖူးပါတယ် အဲဒီတုန်းကတော့ ခရစ်ယန် ဘုန်းကြီးတွေရော တရုတ်ဘုန်းကြီးတွေပါ ခေါ်ကာ ဘုရားစာ ရွတ်ဖတ်စေပါတယ်တဲ့ ဒီတခါ ကတော့ ဘယ်လို လုပ်မယ်ဆိုတာ စောင့်ကြည့်ရင်း အဖြူရောင် အမျိုးသမီးနဲ့ တည့်တည့်မတွေ့ပါစေနဲ့လို့ပဲ ဆုတောင်း မိပါတယ် ဗျာ။

Labels: အထူးအဆန်းလေးတွေ
DREAMCATCHER
Dreamcatcher ဆိုတာ Ojibwa နိုင်ငံကနေစလာတဲ့ ယဉ်ကျေးမှုဖြစ်တယ်။ ၁၉၆၀ နဲ့ ၁၉၇၀ လောက်အတွင်းက အမေရိကနိုင်ငံမှာ တစ်ကမ္ဘာလုံးဆိုင်ရာအင်းဒီးယန်း လှုပ်ရှားမှုကြီး အပြီးမှာ အိမ်မက်ဖမ်းတဲ့ ပစ္စည်းလေးတွေရဲ့ ယဉ်ကျေးမှုဟာ တခြား အမေရိကန် ပြည်နယ်တွေကိုပျံ့ နှံ့သွားခဲ့တယ်။ အိပ်မက်ဖမ်း ပစ္စည်းလေးတွေဟာ အမေရိကန် လူနီလူမျိုးတွေ နေထိုင်တဲ့ပြည်နယ်ကြီးရဲ့ စည်းလုံးမှု သင်္ကေတ ဖြစ်တဲ့ အပြင် အဲဒီဒေသမှာနေထိုင်တဲ့ လူနီလူမျိုးတွေရဲ့ ပထမဆုံး ယဉ်ကျေးမှု အမှတ်အသား ဖြစ်တယ်လို့လဲသတ်မှတ်ခဲ့ကြပါတယ်။ သို.သော်လဲ အခြားပြည်နယ်က အမေရိကန်သားတွေကလူနီလူမျိုးတွေရဲ. အိမ်မက်ဖမ်း ပစ္စည်းတွေ ထင်ရှားလာတာနဲ့ အမျှဈေးကွက်တင်ပြီး ပေါပေါလောလော ရောင်းချခဲ့ကြတယ်။
ရိုးရာအားဖြင့် Ojibwa တွေဟာ အိပ်မက်ဖမ်းပစ္စည်းလေးတွေကိုကြွက်သားမျှင်များဖြင့် ပင့်ကူအိမ်ပုံ အ၀ိုင်း သို.မဟုတ် မျက်ရည်စက်ပုံစံဖြင့် မိုးမခသား ဖြင့်ဘောင်သွင်း တည်ဆောက်ထား ပါတယ်။ ရရှိလာတဲ့အိမ်မက်ဖမ်း ပစ္စည်းလေးကို မွေ့ယာ အပေါ်တွင် ချိတ်ဆွဲခြင်းဖြင့်အိပ်ပျော်နေသော ကလေးငယ်များကို အိမ်မက်ဆိုးများ ဘေးမှကာကွယ် ပေးသည်ဟုယုံကြည်ကြသည်။ မိုးမခသား နှင့် အကောင်များ၏ ကြွက်သားများမှ လုပ်သောအိမ်မက်ဖမ်း ပစ္စည်းများမှာ အစဉ်အမြဲ ခံနိုင်ရန်လုပ်ထားခြင်း မဟုတ်ပေ။ကလေးငယ် အသက်ကြီးလာသည် နှင့်အမျှ အိမ်မက်ဖမ်း ပစ္စည်းလေးဟာ ခြောက်သွေ.ပြီးပျက်စီးသွားမှာပါ။
Dreamcatcher လေးတွေဟာ လူတစ်ယောက်ရဲ့ အိမ်မက်တွေကို ရွေးထုတ်ပေးနိုင်တယ်လို့ Ojibwa လူမျိုးတွေက ယုံကြည်ကြပါတယ်။ Terri J. Andrews ရဲ့ Dreamcatcher များရဲ့ ဒဏ္ဍာရီ အရ ကောင်းသောအိမ်မက် များသာ အိမ်မက်ဖမ်းပစ္စည်းထဲမှထွက်နိုင်ပြီး အိမ်မက်ဆိုးများ ဟာအိမ်မက်ဖမ်းပစ္စည်းရဲ့ ပိုက်ကွန်အတွင်း ကျန်နေရစ်ပြီး နေမင်းကြီး ထွက်လာတာနဲ့ နေ့ရဲ့အလင်းရောင်ထဲမှာ အိမ်မက်ဆိုးများ ကပျောက်ကွယ်သွား ကြမှာ ဖြစ်တယ်။
Ojibwa ပြည်နယ်အပြင်ဘက်မှာ နာမည်ကြီးလာရခြင်းအားဖြင့် အိမ်မက်ဖမ်းပစ္စည်းလေးတွေက တစ်ကမ္ဘာလုံးမှာ ရှိတဲ့အမေရိကန်လူနီလူမျိုးတွေရဲ့ အပြင်ဘက်အထိတိုင်အောင် ပျံနှံလာပါတယ်။ အိမ်မက်ဖမ်းပစ္စည်းလေး တွေကို ယခုအခါဆိုရင် လူငယ်တွေကိုတိုင်ပြုလုပ်ပြသခြင်း၊ ရောင်းချများ ပြုလုပ်လာကြပါပြီ။ Philip Jenkins ရဲ့ အဆိုအရ ထိုသို့ ပြုလုပ်လာကြခြင်းကို ရိုးရာအရမ်းဆန်တဲ့ တချို့ လူနီလူမျိုးတွေက မလိုလားအပ်တဲ့ ယဉ်ကျေးမှုလုပ်ဆောင်ချက်လို့ ထင်ပါသတဲ့။
ဒီပို့စ်လေးထဲက DreamCatcher ဆိုတာလေးကို ကျနော် ဆယ်တန်းလောက်တည်းက ရုပ်ရှင်တကားမှာ မြင်ဖူးပီး လိုချင်ခဲ့တာပါ။ ပစ္စည်းအဆန်းလေးတွေ စုတတ်တဲ့ ကျနော့အတွက် ဒီပစ္စည်းလေးက ကျနော့အတွက် အရမ်းကို လိုချင်စေခဲ့တာပါ။ အဲဒီတုန်းကရန်ကုန်မှာ အရူးအမူးရှာခဲ့သေးတာပေါ့။ ဒါပေမဲ့ မတွေ့ပါဘူးဗျာ။ အပြင်ထွက်လာတော့လည်း ရောက်တဲ့နေရာမှာ တတ်နိုင်သလောက် ကြုံရင်ကြုံသလိုရှာပါတယ် ဒါပေမဲ့ခုထိ မတွေ့သေးပါဘူး။ ဒီအကြောင်းလေးဖတ်မိလို့ တင်မိခြင်းဖြစ်ပါတယ်။ ဖတ်ရတာက အင်္ဂလိပ်လို့ broken လောက်သာ တတ်တဲ့ ကျနောအတွက် ဖတ်လို့နားလည်ပေမဲ့ ဘာသာပြန်ဖို့ကျတော့ အဆင်မပြေဘူးလေ။ ဒီအကြောင်းအရာလေးဖြစ်မြောက်အောင် အပူကပ်လို့ ကူညီခဲ့တဲ့ သူငယ်ချင်း ရည်မွန်၊ ဇင်မာဦးနဲ့ ကိုစံရတို့ကို ကျေးဇူးအထူးတင်ကြောင်းပါလို့ ဒီနေရာကနေ ကျေးဇူးတင်ပါရစေ။
ဒီထက်များသိသေးတဲ့ လူတွေရှိသေးရင်လဲ မျှကြပါဦးလို့။
Labels: အထူးအဆန်းလေးတွေ

