Showing posts with label ဟိုဟိုဒီဒီရေးထားတာတွေ. Show all posts
Showing posts with label ဟိုဟိုဒီဒီရေးထားတာတွေ. Show all posts

ဆီဈေးတွေကြီးလာရင်

ဒီရက်ပိုင်း အမေ့ကို ဖုန်းဆက်တော့မှ ကိုယ်ဘယ်လောက် ကုန်ဈေးနှုန်းတွေနဲ့ လွတ်နေလဲ သိတော့တယ် အမေကတော့ မညည်းရှာပါဘူး ပိုက်ဆံပို့ရမလား အမေဆိုလည်း လောက်တယ် သားကြီး သားဘာသာ သုံးနဲ့ တကယ့်အမေပါပဲ။ ဈေးနှုန်းတွေ ဘယ်လောက် ဖြစ်ကုန်ပလဲ အမေ ပြောပါဦးဆိုတော့မှ သားရေ ဆီက တပိသာ ၄၅၀၀ ကြက်ဥ တလုံး ၁၃၀ ကန်ဇွန်းရွက် တစည်း ၆၀ မုန့်ဟင်းခါးတပွဲ ၃၅၀ ၄၀၀ ဆိုတော့မှ ဘုရားရေ လို့ တမိတော့တာပါပဲ။ ရန်ကုန်က လူတွေ ဘယ်လို ရှင်သန်ကြမလဲ လို့ တွေးမိတာတော့ အမှန်ပါပဲ။ အဲဒီနေ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆီဈေးတက်တာတွေကို သရော်ထားတဲ့ ပုံလေးတွေ တိုက်တိုက်ဆိုင်ဆိုင် ရတော့ ကြည့်မိရင်း တကယ့်ကို သဘောကျတာနဲ့ တင်ပေးလိုက်တာပါ။ ။



နောင်တချိန် ဆီဈေးမတတ်နိုင်တော့တဲ့အခါ ခုလို တောင်ပံလေး တပ်မယ်လေ



ဆီအစား သက်ရှိတွေ အစားသုံးမယ် ဆိုရင်ကော



ဒါမှ မဟုတ် ဒီလို ဘတ်ထရီနဲ့ဆို မဆိုးဘူးထင်တယ်



နောက်ဆုံးတော့ ကိုယ့်အားကိုယ်ကိုးတာပဲ ကောင်းပါတယ်


မိုးသောက်ယံ

အခမဲ့ ကြော်ငြာခြင်း

ကျနော်တို့လို့ ပြည်ပရောက်နေတဲ့ လူငယ်တွေအတွက် တချိန်က လမ်းထိပ် အုတ်ဘောင်လေး ပေါ်မှာ ဂစ်တာတီး သီချင်း ဆိုခဲ့တဲ့ အချိန်တွေကို ပြန်သတိရကောင်း ရကြမှာပါ။ တခါတလေလည်း ရေမြေခြား ကွာဝေး နေတဲ့ ချစ်သူကို တမ်းတလွမ်းဆွတ်မိတဲ့ အခါ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတွေကို ဂစ်တာလေး တီးပီး သီချင်းဆိုညည်းကြဖူးမှာပါ ဒီလိုပါပဲ ချစ်သူမှ မဟုတ်ပါဘူး ကိုယ့်ရဲ့ စိတ်ညစ်တဲ့အချိန် စိတ်ပျော်တဲ့အချိန် စိတ်အပန်းဖြေချင်တဲ့ အချိန်တွေမှာလည်း ဂီတဟာ အစွမ်းထက်လက်နက်တခုပါပဲ။ အဲဒီလိုခံစားချက်လေးတွေ ရှိလာလို့ ရုတ်တရက် တီးခတ်ချင်စိတ် ပေါ်ပေါက်လာတဲ့အခါမှာ ကိုယ်တီးချင်တဲ့ သီချင်းကို နုတ်စ်မသိလို့ မတီးရတဲ့ အခါတွေရှိပါတယ်။ အဲဒီလို အခက်အခဲလေးတွေကို ကျော်နိုင်ဖို့အတွက် ကျနော့ သူငယ်ချင်း Young (ယန်း) က သီချင်းစာသားနဲ့ Chord လေးတွေချည်း သီးသန့်စုထားတဲ့ Web Site လေးတခုကို ပြုလုပ်ခဲ့ပါတယ်။ အခုချိန်မှာ ဒီ Site လေးဟာ ကွန်ယက်ပေါ် ရောက်ရှိလို့ လာခဲ့ပါပြီ။ ကဲ အဲဒီတော့ ကျနော်တို့ ချစ်သူကို လွမ်းလို့ပဲဖြစ်ဖြစ် စိတ်ညစ်တဲ့အခါပဲ ဖြစ်ဖြစ် စိတ်ပျော်တဲ့အခါပဲဖြစ်ဖြစ် တီးချင်ခတ်ချင်တဲ့အချိန် နုတ်စ်မသိလို့ မတီးရမဖြစ်ရလေအောင် ဒီ Site လေးကို အလည်လာခဲ့ကြပါလို့ Myanmar Lyric က ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ။

မြန်မာ Lyric ကို ဒီနေရာ မှဝင်ရောက်လည်ပတ်နိုင်သလို ဆိုဒ်ဘားမှ လင့်ခ်မှလည်း ၀င်ရောက် လည်ပတ် နိုင်ပါတယ်။


မိုးသောက်ယံ

နေ့လည် ဘရိတ်ခ်ရတော့ ကော်ဖီ သောက်ရန် စိတ်ကူးရတာနဲ့ ကျနော်ဟာ Cafeteria ကို တက်သွားခဲ့ပါတယ် ကော်ဖီပူပူ တခွက်ယူပီး ထိုင်ခုံမှာသွားထိုင်ကာ ဘေးပတ်ဝန်းကျင် ကြည့်တော့ အပြင်ဘက်မှာ မိုးတွေ ညို့ နေတာတွေ့ပါတယ်။ ကျနော်လဲ ကော်ဖီခွက်ဆွဲကိုင်ကာ Deck အပေါ်ဆုံးရှိ Bay Watch ကို ပြေးတက်ခဲ့ပါတယ်။ Bay View က ခုံတခုံမှာ အကျ အန နေရာယူကာ ရွာသွန်းတော့မယ့် မိုးရိပ်နဲ့ ပင်လယ်ပြင်ကို ကြည့်ကာ မျက်စိ အရသာယူမိပါတော့တယ်။ ကျနော်ကြည့်နေရင်းနဲ့ပဲ မိုးစက်လေးတွေ တဖွဲဖွဲကျလာပါတော့တယ်။ ဟိုးအဝေး မျက်စိ တဆုံးမှာ မြင်ရတာက ဆုံးသွားပီလို့ထင်ရတဲ့ မိုးကုတ်စက်ဝန်း၊ ကျနော်တို့ရဲ့ အမိသင်္ဘောဝန်းကျင် ရဲ့ ပတ်လည်မှာတော့ ၀ိုင်းရံထားတဲ့ပင်လယ်ပြင်ရဲ့ ရေအရောင်ဟာ မိုးတိမ်တွေကြောင့်၎င်း၊ မတူညီတဲ့ ပင်လယ် ရေစီးကြောင်းတွေကြောင့် တဖုံ၊ အစိမ်း အပြာ ရောင်စုံခြယ်လျက် အုံ့မှိုင်းနေတဲ့ မိုးကောင်းကင်ရဲ့ အရောင်နဲ့ ပနံရနေပါတယ်။

ပင်လယ်ပြင် အကျယ်ကြီးထဲမှာ မိုးက အပြည့်ရွာတယ် ဆိုတာ ရှားလှပါတယ်။ ဟိုတကွက် ဒီတကွက် ကွက်ကျား မိုးသာ ရွာတာ အများအားဖြင့်တွေ့ဖူးပါတယ်။ မိုးရွာတဲ့ တကွက်က ရွာ မရွာတဲ့နေရာက မရွာနဲ့ တော်တော်ကို ကြည့်လို့ကောင်းပါတယ်။ ကျနော်လဲ ကြည့်နေရင်းနဲ့ အတွေးက ငယ်ငယ်တုန်းက အချိန်ကို ပြန်ရောက် သွားပါတယ်။ ကျနော်ဟာ ငယ်ငယ်ကတည်းက မိုးရာသီကို အလွန်နှစ်ခြိုက်ပါတယ် မိုးရွာပီလားဟေ့ ဆို ဘောလုံးကိုယူပီး လမ်းပေါ်ပြေးဆင်းတော့တာပဲ သူများတွေက မိုးသည်းတဲ့အထိစောင့်ကြတယ်လေ။ အဲဒီလို ပြေးပြေးဆင်းတတ်လို့လည်း တခါတခါ မိုးက မသည်းပဲ ပြန်တိတ်သွားတဲ့အခါ အူကြောင်ကြောင်နဲ့ အိမ်ပေါ် ပြန်တက်ရပေါင်းမနည်းပါဘူး ဒါလဲ အမှတ်မရှိခဲ့ဘူးလေ နောက်တခါရွာပီဆို ဆင်းတာပါပဲ။ မှတ်မှတ်ရရ ကျနော် ပထမနှစ်ကျောင်းသား ဘ၀အထိ မိုးရေထဲ ဘောလုံးကန်တုန်းပါပဲ။ နောက်တခုက ကျနော်ဟာ ကြာဇံဟင်းခါး၊ မုန့်တီ၊ ရှောက်သီးသုပ် အတော့်ကို ကြိုက်ပါတယ် မိုးတွင်းမှာ ဆိုင်ကောင်းကောင်းလေးတွေမှာ လိုက်စားလေ့ ရှိပါတယ်။ ကျနော့သူငယ်ချင်းတွေက တကောင်မှ မစားဘူးလေ မိန်းမစာတဲ့ စပ်လွန်းလို့တဲ့ တခါကျနော် အတင်းစားခိုင်းတာ ဒီကောင်တွေ ၀မ်းပါပျက်လို့ ဒုက္ခအတော်များသွားတယ်။ နောက်ပိုင်းကျနော်စားချင်တဲ့အခါ လိုက်တော့ ပို့ရှာပါရဲ့ ဘေးမှာပဲ ငုတ်တုတ်လေးတွေ ကျနော်စားတာ ထိုင်ကြည့်ရရှာတယ်။ နောက် ကျနော် နဲ့ ကျနော့်သူငယ်ချင်းတယောက် မိုးရွာတုန်းမှာ ခရေပင်လမ်းမှာ တကူးတက သွားပီး လမ်းလျှောက်ဖူးတာလဲ အမှတ်တရပါပဲ။ မိုးရွာထဲမှာ လမ်းလျှောက်ရတာကို တကယ်ပဲ နှစ်သက်လှပါတယ်။ အများအားဖြင့် ကျနော် ဟာလဲ ထီးယူလေ့ ယူထ မရှိတဲ့ လူငယ်တယောက်ပါပဲ။ အဲဒီလို ထီးမယူသွားလို့ မိုးရွာတဲ့အခါ Style ဘယ်လောက်ပဲ့ပဲ့ မိုးရွာထဲမှာ လမ်းလျှောက်ပါတယ်။ တခါကလည်း ကားနဲ့ အင်းလျားကန်ဘောင်ရှေ့က ဖြတ်တုန်း မိုးရွာတာနဲ့ ကျနော်တို့ တဖွဲ့လုံး ကားရပ်ပီး မိုးရေထဲ ဆင်းဆော့တာလဲ တကယ့် ကို ပျော်စရာ ကောင်းလှပါတယ်။ အပြင်မထွက်ချင်တဲ့အချိန်မျိုးမှာဆိုရင်တော့ ကော်ဖီခါးခါးတခွက်ဖျော်ပီး မိုးသံလေသံတွေကို နားအရသာခံရင်ခံ မခံရင် စာအုပ်တအုပ်နဲ့ ငြိမ့်နေတတ်တာပါပဲ။

တွေးနေရင်းက လေကြောင်းပြောင်းလို့ မျက်နှာကို လာစင်တဲ့ မိုးစက်အေးအေးတွေကြောင့် လန့်ဖျပ်ပီး နာရီကို ကြည့်တော့ ဘုရားရေ ဘရိတ်ခ်ပြည့်လို့ ၃ မိနစ်တောင်စွန်းနေပီ ဘေးက ကော်ဖီအေးအေးကို တကြိုက်တည်း မော့ကာ ပြေးဆင်းခဲ့ပါတော့တယ်။ အင်း နောက်တဘရိတ်ခ် လဲပေးရမဲ့ လူကတော့ ဆဲတော့မှာပဲ လို့ ကြိုတွေးရင်း အမောတကောနဲ့ အလုပ်ပြန်ဝင်လုပ်ရပြန်တော့တာပေါ့ဗျာ။





ကဲ ဒီတလောတော့ သင်္ဘောသား က သင်္ဘောအကြောင်းတွေပဲ ရေးမယ်လို့ စိတ်ကူးထားတယ်ဗျ။ မသိတဲ့ လူတွေလဲ သိရအောင်လို့ပါ။ ကျနော် ဒီတခါ ရေးချင်တဲ့ အကြောင်းက သင်္ဘောပေါ်မှာ လုပ်တဲ့ Emergency Drill အကြောင်းပါပဲ။ ဒီလိုပါပဲ သင်္ဘောသားမှန်ရင် ဘယ်သင်္ဘောပဲ လိုက်လိုက် ဆိုလိုချင်တာက Cargo (ကုန်တင်သင်္ဘော) ပဲ ဖြစ်ဖြစ်၊ Passenger (ခရီးသည်တင် အပျော်စီးသင်္ဘော) ပဲ ဖြစ်ဖြစ်၊ Drill တွေက ပုံမှန် လုပ်လေ့ ရှိပါတယ်။ Emergency Drill ဆိုတာကတော့ မိမိတို့သင်္ဘော အန္တရာယ်ကျရောက်လို့ အရေးပေါ် အခြေအနေ ဖြစ်ပေါ်ခဲ့သည်ရှိသော် ၀ရုန်းသုန်းကားမဖြစ်စေပဲ အစီအစဉ်တကျ မိမိတို့ တာဝန်အတိုင်း လုပ်ဆောင်ပီး အန္တရာယ်မှ လွတ်ကင်းအောင် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းတခုပဲ ဖြစ်ပါတယ်။ ဒါမျိုးဟာ ကျနော်သိသလောက်ဆိုရင်တော့ Ship Rules & Regulations အရ ရေယာဉ် မှန်သမျှ မှာ လုပ်လေ့ရှိပါတယ်။ ဒီ Drill ဟာ ကျနော်တို့ သင်္ဘောမှာ တပတ် တခါ လုပ်လေ့ရှိပါတယ်။ အဲ တပတ်တခါဆိုပေမဲ့ Crew တွေ သာ ဖြစ်ပီး၊ ကျနော်တို့ ကာစီနိုဘက်က လူတွေကတော့ ၂ ပတ်မှသာ တခါ လုပ်ရပါတယ်။ သင်္ဘောပေါ်မှာ နှစ်ခြမ်း ကွဲ နေတယ်ဗျ။ Deck သမားတွေ Crew တွေ က တပိုင်း၊ ကာစီနို သမားတွေက တပိုင်းရယ်ပါ။ Crew တွေမှာ Deck သမားတွေ၊ Engine သမားတွေ၊ House Keeping၊ Taylor၊ Laundry man၊ Galley တွေ အစရှိသဖြင့်ပါ ပါတယ်။ ကာစီနို ဘက်ကတော့ Crew ရယ်လို့ မသတ်မှတ်ပါဘူး။ Staff တွေလို့ သတ်မှတ်ထားပါတယ်။ Dept အစုံမှာ မြန်မာတွေရှိပေမဲ့ ကျနော်တို့ ကာစီနိုသမားတွေနဲ့ သိပ်မတည့်လှပါဘူး။ ဒါတွေနောက်မ သပ်သပ်ရှင်းပြပါဦးမယ်။ ကဲ Drill လေး စလိုက်ရအောင်။ ဒီလိုနေ့မျိုးဆို သင်္ဘောပေါ်က လူတွေ အားလုံးဟာ Alert ဖြစ်နေရပါတယ်။ ဘယ်အချိန်မှာ Emergency Alarm ထမြည်မလဲလို့ပေါ့။ သင်္ဘောတိုင်းရဲ့ General Emergency Alarm Signal ဟာ Seven Short and One Long Blast ပါ။ အသံတို ခုနစ်ချက် အသံရှည် တချက်ကို ကြားရင် ဒါဟာ အရေးပေါ်အခြေအနေပါပဲ။ သိထားရမှာက Captain တိုင်းဟာ ဒီလို အရေးပေါ် Alarm ကို လွယ်လွယ်ကူကူ တီးလေ့ မရှိပါဘူး။ အဲ အဲဒီအသံကြားပီဆိုရင်ဖြင့် တကယ့်ကို အန္တရာယ်တွေ့ပီလို့သာ မှတ်လိုက်ပါတော့။ ကျနော်တို့မှာ လုပ်နေကျပုံစံကတော့ Dill စပီဆိုရင် Fire Alarm တီးပါတယ် မီးလောင်နေတယ်ပေါ့။ Fire Alarm ကတော့ Continuous Ringing ပါ။ အဲဒီအချိန်မှာ Fire Team မှာ ပါတဲ့ သူတွေက မီးလောင်တဲ့နေရာကို သွားပီးတော့ မီးညှိမ်းသတ်ရပါတယ်။ Entertainment Staff အများစုကို Fire Team မှာ ထည့်လေ့ မရှိပါဘူး။ Fire Team မှ မဟုတ်ပါဘူး အရေးပေါ် လုပ်ဆောင်ရတဲ့ Group တွေမှာ ထည့်လေ့ကို မရှိတာပါ။ တကယ့်အရေးပေါ် Group တွေမှာ ပါဝင်တာက Crew တွေပါပဲ။ သူတို့ကသာ တကယ်အတွေ့အကြုံရှိပီး သင်္ဘောနဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်နေရတဲ့ သူတွေမို့ပါပဲ။ မီးငြိမ်းသွားပီဆိုရင် General Emergency Alarm မြည်လာပါပီ အဲဒီလို မြည်လာပီဆိုရင် ကျနော်တို့ဟာ ကျနော်တို့ကိုသတ်မှတ်ပေးထားတဲ့ Emergency Station ကိုသွားရပါတယ်။ အမျိုးမျိုးပါပဲ Water Tight Door တွေပိတ်ရတဲ့ တာဝန်၊ ခရီးသည်တွေကို Assist pass လုပ်ပေးရတဲ့တာဝန်၊ Crowd Management လုပ်ရတာတွေ စသဖြင့် တာဝန်အသီးသီးရှိကြပါတယ်။ ကျနော် Emergency Station ကတော့ Water Tight Door ပိတ်ရတဲ့ တာဝန်ပါပဲ ကံဆိုးသူ မောင်ရှင်လေ L။ တကယ့်ကို ဘယ်သူမှ မလုပ်ချင်တဲ့နေရာပါပဲ အန္တရာယ်အများဆုံးနေရာ မို့ပါ။ ရေ၀င်လာတဲ့အခါ တံခါး ပိတ်ပီးမှ နောက်ဆုံးမှ Life Boat Station ကိုသွားရမှာပါ။ တကယ့်ကို အန္တယ်ရာယ်များလှပါတယ်။ ကဲ ဆက်လိုက်ရအောင် အဲလို Emergency Alarm မြည်လာပီဆို ကိုယ့်စတေရှင် ကိုယ်သွားပီ စာရင်း ပေးကြ ရပါတယ်။ အဲဒါမှ ဒီနေ့လုပ်တဲ့ Drill ကို မိမိတက်ကြောင်း သိနိုင်မှာပါ။ ကိုယ်သာ Absence ဖြစ်ခဲ့ရင် ၁ လ ဒါမှမဟုတ် ၂လ အထိ Shore Leave ပိတ်တတ်ပါတယ်။ ဒါ့အပြင် ကာစီနို စတဖ်ဆိုပါက Casino Management Team ကပေးတဲ့ လစာ Deduction ပါ ရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုနေ့မျိုးကို မတက်ပဲ မနေနိုင်ပါဘူး။ အဲ့လို စာရင်းပေးပီးပီဆိုရင် Life Boat Alarm မြည်တဲ့ အချိန်ကို စောင့်ရပါတယ်။ တကယ့်အခြေအနေမှာ Life Boat Alarm မြည်ပီဆိုရင် ဘာမှ မစဉ်းစားပဲ Life Boat ဆီကိုသာ လုပီးပြေးရမှာပါ တကယ့်ကို လိုအပ်လို့ စွန့်ခွာရမဲ့ အခြေအနေမို့ Alarm ပေးတာဖြစ်ပါတယ်။ အဲလိုမြည်ပီဆိုရင် ကျနော်တို့ဟာ ကိုယ့် Life Jacket ကို ကိုယ်ယူပီး မိမိ စီးရမဲ့ Life Boat ကို ပြေးရပါတယ်။ Life Boat မှာမှ Boat Launching လုပ်ဖို့အတွက် အသီးသီးတာဝန် ပေးထားပါတယ်။ Boat ကိုရောက်တာနဲ့ အသီးသီး တက်ပီး မိမိတာဝန်အတိုင်း လုပ်ကြရပါတယ်။ Life Boat Launching လုပ်တဲ့ ကိစ္စဟာလည်း လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး အကြိမ်ကြိမ်လေ့ကျင့်ထားမှသာ တကယ့်အခြေအနေမှာ အခက်အခဲမရှိမှာဖြစ်ပါတယ် (ကျနော်ကိုယ်တိုင် ကတော့ Life Boat Launching ကို စာသာ ရပီး ခုချိန်ထိ ကိုယ့်ဘာသာ ချဆို တကယ့်ကိုမချတတ်သေးတာပါ :D ) အားလုံး Ready ဖြစ်ပီဆိုရင် Captain and Staff Captain က Boat အသီးသီးကို လိုက်ပီးစစ်ကာ စာမေးတတ်ပါတယ်။ မိမိ ဘုတ်အကြောင်း Safety Knowledge အကြောင်း အစုံပေါ့။ အဲကံဆိုးစွာနဲ့ ကိုယ့်ကိုရွေးကာ စားမေးလို့ မရရင်တော့ သေချာပါတယ် Shore Leave တလ ဒါမှမဟုတ် ၂လပါ အပိတ်ခံရပါတယ်။ အကုန်မေးပီးလို့ Captain က P.A System ဖြင့် Abandon Ship အော်ရင်တော့ Good Bye လုပ်ပီး အမိ သင်္ဘောကို စွန့်ရုံသာရှိပါတော့တယ်။ (Captain ရဲ့ Order မရမခြင်း ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး သင်္ဘောကို စွန့်ခွာခွင့်မရှိပါဘူး)။ အဲလို အော်ဒါရပီဆိုရင်တော့ Boat Commander တွေက Boat ကို စက်နှိုးပီး သင်္ဘောဝန်းကျင် သရုပ်ပြ မောင်းနှင် ပါတယ်။ (လှိုင်းကြီးနေရင်တော့ မဆင်းရပါ)။ တပတ် မောင်းပီးတဲ့အခါမှာ အပေါ်ကို ပြန်တက်ပါတယ်။ Emergency Drill နဲ့ တွဲပီးတလတခါ လုပ်တာကတော့ Casino Drill ပါ။ ဒါဟာလည်း ကျနော်တို့ ခရီးသည်တင် သင်္ဘောအတွက် အရေးကြီးလှပါတယ်။ အရေးပေါ်အခြေအနေမှာ ကာစီနိုထဲမှာ ပိုက်ဆံတွေ ရှိနေတာကိုး။ အဲဒါတွေကို စနစ်တကျ ထုတ်သယ်ဖို့ တာဝန်တွေခွဲထားပြန်ပါတယ်။ ကျနော်တို့ကာစီနိုစတတ်ဖ် တွေဟာ အဲဒါကြောင့် အပေါ်မှာပြောခဲ့တဲ့ Group တွေမှာ မပါနိုင်တာလဲဖြစ်ပါတယ်။ ဖဲဝိုင်းတွေက Chips ပြားတွေက သိပ်အရေးမကြီးလှပါဘူး အဓိက က ကျနော်တို့ Slot Machines တွေက ပိုက်ဆံတွေဖြစ်ပါတယ်။ ဒီမှာက တကယ့်ပိုက်ဆံတွေဝင်နေတာကိုး Chips ကျတော့ ပြန်လဲရတာလေ။ Slot ရယ် ငွေခန်းက ငွေတွေကို သရုပ်ပြ ထုတ်တာတွေကို လေ့ကျင့်ရပါတယ်။ အဲဒီမှာ ကျနော်တို့ ခံရတာပါပဲ။ Slot Machine တွေက Bill Box တွေက အလေးချိန်မနည်းလှပါဘူး။ သရုပ်ပြတယ်ဆိုပေမဲ့ အနည်းဆုံး လေးငါးလုံးတော့ ပုံးကြီးထဲ ထည့်ပီး ဟိုးအပေါ်ဆုံးက Boat Station ကို သယ်ရတာဆိုတော့ မသက်သာလှပါဘူး။ ကဲ Emergency Drill ဆိုတာကတော့ ဒါပါပဲခင်ဗျာ။



ကျနော်နဲ့ ဘလော့ဂ်လဲ ဝေးနေတာကြာပါပီ .. ဝေးဆို အလုပ်ကလည်း မအားပဲကိုး .. ကိုယ့်ဘလော့ဂ်လေး ကိုယ် မ၀င်ဖြစ်ပေမဲ့ .. သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေတော့ ၀င်မြဲ ဖတ်မြဲပါ .. ကိုယ် ကိုယ်တိုင် ရေးအားနည်း ပေမဲ့ သူငယ်ချင်းတွေ ပို့စ်အသစ်မတင်ရင် .. ဘာလို့များလဲပေါ့ .. ပို့စ်လေးတပုဒ်တောင် မတင်ဘူးလားပေါ့ .. ဒီမှာတော့ လာဖတ်လိုက်ရတာပေါ့ .. (အဲ့လိုတကိုယ်ကောင်းဆန်တာလေ အတ္တပေါ့ဗျာ :D) .. ကဲ အခုတော့ ကျနော် ပြန်ရေးပါပီ ခင်ဗျာ .. ဒီတလလုံးကို အပီအပြင်ရေးလို့ရပါပီ .. အဟဲ ကုန်ကြမ်းတော့ လိုတာပေါ့ နော်။

မနေ့ကတော့ ကျနော့်တို့ရဲ့ ဘုရားပွဲလှည့်တဲ့နေ့ပါပဲလို့ .. တလတခါ Ship Maintenance Day ပါပဲ။ ကျနော်တို့ လို တလလုံး သင်္ဘောပေါ်မှာပဲ နေ နေရတဲ့ သူတွေအတွက်တော့ ဒီလို နေ့ဟာ ရွှေပါပဲ။ အဲဒီနေ့ မတိုင်ခင် ညတည ဟာ ကျနော့်အတွက် Nigh Shift မှာ နောက်ဆုံးနေရတဲ့ တညပါပဲ Maintenance Day မှာ အောက်ဆင်းလည်ပီး နောက်နေ့မနက်ကျမှ ကျနော်အလုပ်ပြန်ဝင်ရမှာ ဖြစ်ပါတယ်။ တရက်အနားရတဲ့ သဘော ပါပဲ ဒါပေမဲ့ အောက်ဆင်းရမဲ့ နေ့နဲ့ တိုက်နေတော့ကာ မနားရဘူးပေါ့။ အဲဒီလိုညမျိုးမှာ ၀န်ထမ်းတွေအချင်းချင်း တွေ့ကြရင် မေးတဲ့စကားကတော့ “မနက်ဘယ်သွားမှာလဲ“ ဆိုတာပါပဲ။ ကျနော်တို့ အများဆုံးဆင်းရတဲ့ မြို့ဟာ မလေးရှား Penang ဖြစ်တဲ့အတွက် လည်စရာကတော့ များများစားစားမရှိပါဘူး။ အဓိက ကုန်တိုက်ကြီး တခုရှိ တဲ့နေရာကိုသွား တလစာအတွက် လိုအပ်သမျှဝယ်ခြမ်း ဟိုကြည့် ဒီကြည့်နဲ့ တလတခါ ဟာ မရိုးတမ်းလုပ် နေရ တဲ့ အလုပ်တခုပါပဲ။ အမြဲတမ်း တနေရာတည်း ဆိုပေမဲ့လည်း တလမှတခါရယ်သာ ဆိုတော့ ရှိသမျှ ၀န်ထမ်း မိန်းကလေး ယောကျာ်းလေး မရွေး အကုန်ဆင်းတာ များပါတယ်။ အပေါ်မှာနေရင်လည်း မထူးပဲကိုး။ Ship Maintenance Day ဆိုတဲ့အတိုင်း အကုန်ဆင်းပီဆိုတာနဲ့ ရှိသမျှရေသန့်လိုင်းတွေ ဖြတ်၊ အဲကွန်း ဖြတ်၊ Black Out လုပ်ဆိုတော့ အပေါ်မှာ နေတဲ့လူဟာ အတော့ကိုရှားပါတယ်။ မရှိဘူးရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ မဆင်းပဲနေတဲ့လူတွေလည်းရှိပါတယ် ဒါပေမဲ့ သူတို့အတွက်ကတော့ အခန်းထဲ အိပ်နေရုံကလွဲပီး ကျန်တာ လုပ်စရာ မရှိလှပါဘူး။ အဲ မီးပြန်လာပီဆိုရင်တော့ ဇိမ်ပေါ့ဗျာ။ ကျနော်ကတော့ သင်္ဘောပေါ်စရောက်ကတည်း ကနေ ဒီနေ့အထိ အဲ့လိုနေ့မျိုးကို လွတ်သွားရိုးထုံးစံမရှိပါဘူး။ လတိုင်းကို ဆင်းတာပါပဲ။ နဂိုကတည်းက ခြေ အငြိမ်နေခဲ့တဲ့ ကောင်မှ မဟုတ်ပဲလေ။ အဲဒီလိုနေ့မျိုး နီးလာပီဆိုရင် ငါတော့ သုံးထားတာများနေပီ ဒီလမဆင်း ပဲနေမှပဲ လို့ အမြဲ တွေးတတ်ပေမဲ့ ဒါဟာ တွေးတဲ့အဆင့်မှာပဲ ကျန်ခဲ့တာပါ တကယ့်နေ့ရောက်လာပီဆိုရင်တော့ မဆင်းပဲကို မနေနိုင်ပါဘူး ဆင်းတာပါပဲ :D

ဒီတခါလည်း ထုံးစံအတိုင်း ဆင်းကြမယ်ပေါ့ဗျာ။ ထုံးဆံအတိုင်းဆိုရင်တော့ ကျနော်တို့ သွားနေကျ သူငယ်ချင်း တွေ ငါးယောက်ရှိပါတယ်။ ကျနော်ရယ် ကျနော့ အခန်းဖော် ၂ယောက် နောက် ဖဲဝိုင်းက သူငယ်ချင်းတယောက်၊ ငွေခန်းက သူငယ်ချင်းတယောက် ပေါင်းငါးယောက်ပါ ဒါကကျနော်တို့ Shore Leave နေ့မျိုးမှာ သွားနေကျ လူစုပါ။ ကျနော်တို့ဟာ ဘယ်လောက်တောင်များ မဆင်းချင်ကြဘူးလဲဆို။ကျနော်တို့ ရေလယ်မှာ ရပ်ထားတဲ့ သင်္ဘောကနေ ကုန်းပေါ်ကိုရောက်ဖို့ ဖယ်ရီနှင့်တဆင့် သွားရပါတယ် မနက် ၈ နာရီကစလို့ပေါ့ဗျာ တနာရီခြား တခါ ရှိပါတယ် အဲ ကျနော်တို့က အဲဒီ ၈နာရီ ပထမဆုံးဖယ်ရီနဲ့ကို ဆင်းနေကြဗျ ။ ည အလုပ်က ပီးတာက မနက် ၇နာရီ။ Check Out ထွက်လာပီဆို ကမန်းကတမ်း ရေချိုး အ၀တ်အစားလဲပီး ၈နာရီဖယ်ရီနှင့် ဆင်းနေကျပါ။ ဒီတခေါက်ကတော့ ကျနော်တို့ အခန်းသား သုံးယောက်ဟာ အဲလို မဆင်းနိုင်ပါဘူးဗျာ။ ဟိုနှစ်ယောက်ကို သာအရင်လွှတ်ပီး တနေရာမှ ချိန်းဖို့သတ်မှတ်ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် တို့ ရှေ့တပတ် Cabin Inspection တုန်းက Smelly Cabin ဆိုတဲ့ အလွန့် အလွန်ကောင်းတဲ့ ပြစ်ချက်နဲ့ Fail ဖြစ်ထားတော့ကာ ဒီတပါတ် Inspection မှာ ထပ်ကျလို့မဖြစ်ဘူးလေ .. Cabin Inspection ဆိုတာက သင်္ဘောပေါ်က ကျနော်တို့ ၀န်ထမ်းတွေ အခန်းတွေကို သပ်သပ်ရပ်ရပ် နေ မနေ၊ အခန်းထဲမှာ ပျက်စီးမှု ရှိမရှိ လိုအပ်တာတွေကို တောင်းဆိုလို့ ရအောင် Captain, Staff Captain တို့က ဦးဆောင်ပီး လိုက်စစ်တာပဲ ဖြစ်ပါတယ်။ Cabin Inspection ဟာ တပတ်တခါ ကြာသာပတေးနေ့တိုင်းရှိပါတယ်။ Steward မငှားနိုင်တဲ့ ကျနော်တို့ အခန်းက သုံးယောက်သားဟာ အဲလိုနေ့မျိုးမှသာ တပတ်တခါ ရှုပ်ထားတာတွေကို အသေရှင်း ရပါတယ်။ ဒီတပါတ်လဲ ထုံးစံအတိုင်း ရှင်းထားရက်နဲ့ ဘယ်က အနံ့ က ဘယ်လိုထွက်လို့ သူကြီး က ရှုမိတယ် မသိပါဘူး။ ကောက်မှတ်သွားတာ တွေ့ရပါတယ်။ Suspension Cabin List တွေ ထွက်လာတော့မှ သွားကြည့် တော့ ကျနော်တို့အခန်းက Smelly Cabin ဆိုတဲ့ ပြစ်ချက်နဲ့ 2weeks No Shore Leave ပါတဲ့။ ဗုတ်ဒေါ အရင် တပါတ်က ဆိုတော့ No Shore Leave သာဆို ကျနော် တို့ Maintenance Day မှာ ဆင်းနိုင်မှာ မဟုတ်ဘူးလေ။ အဲဒါနဲ့ ကျနော်တို့ဟာလဲ အသည်းအသန် ဆိုင်ရာတွေမှာ လိုက်ပီး အယူခံဝင်ရတော့တာပေါ့။ အဲဒါနဲ့တခန်းချင်း ပြန်စစ်တဲ့ အထူးစပါယ်ရှယ်စစ်ပွဲမှာ ကျနော်တို့ အခန်းဟာ ကံကောင်းထောက်မစွာဖြင့်အောင်သွားတော့တာပေါ့။ (အောင်မှာပေါ့ သူကြီးလာခါနီး ဖျန်းထားတဲ့ Air Fresher က နှစ်ဘူး ကို ကုန်ရော :D) အဲဒီလိုနဲ့ ဒီနေ့ Shore Leave ဆင်းပီး မနက်ဖြန် ကြာသာပတေး Inspection လာမယ်ဆိုတော့ ဒီတခါမပေါ့ရဲတော့ဘူးလေ။ အဲဒါနဲ့ သုံးယောက်သား သဘောတူပီး မသွားခင် ရှင်းကြမယ်ဆိုပီး Check Out ထွက် ၇ နာရီကနေ ၉ နာရီခွဲ ထိ ရှင်းလိုက် ကြတာ ဖတ်ဖတ်ကို မောရောပါပဲ။ (စဉ်းစားကြည့်ကြပေါ့ဗျာ တပတ်ပဲ မရှင်းထားတာ ၂နာရီခွဲ ရှင်းယူ ရတယ်ဆိုတော့ :D )။ အဲလိုနဲ့ ကျနော်တို့ သုံးယောက်သား ၁၀ နာရီ ဖယ်ရီနဲ့ အမှီဆင်းလာနိုင်တာပေါ့။ အရင်လို အေးအေးဆေးဆေး ဆိုင်တဆိုင်မှာ ထိုင်ပီး မစားမသောက်နိုင်တော့ဘူးလေ ရတဲ့ Taxi ငှားပီးတော့ ချိန်းထားတဲ့ ကုန်တိုက်ကိုပဲ အရောက် သွားရပါတော့တယ်။ ဟိုရောက်လို့ဘော်ဒါတွေ စုံမှ မြန်မာဆိုင်မှာ မနက်စာ စားကြပါတယ်။ သိတယ်မဟုတ်လား မြန်မာပဲဗျာ မုန့်ဟင်းခါးပေါ့ ဘူးသီးကြော်နဲ့ ၀ိုက်ပလိုက်တယ်။ ရန်ကုန်မှာလိုတော့ စားလို့ မကောင်းတာ အမှန်ပါပဲ ဒါပေမဲ့လည်း အလွမ်းပြေ ရှိတာလေးနဲ့ ကျေနပ်ရတာပေါ့။ ဒါနဲ့မတင်းတိမ်နိုင်တော့ ဟင်းတွေကျက်လို့ လာချတဲ့ အခါ ကျနော် က ငါးခူကြော်နပ်၊ အမဲသားငရုပ်သီးနဲ့ မွကြော်ထားတာနဲ့ ထပ်ကြိတ်လိုက်ပါတယ် :D (အစားကြီးပုံပြောပါတယ်)။ ပီးတော့မှ အိမ်ကို ငွေပို့ရမလား မပို့ရဘူး ဆိုတာ ဖုန်းဆက်မေးကြတယ်။ ဒါကလည်း မရိုးနိုင်တဲ့ အလုပ်ပါပဲ။ (အိမ်ကသာ ဒီလတော့မပို့နဲ့ ဆိုလို့ကတော့ ကိုယ်တို့ပွဲပဲပေါ့ :D ) ဒါပေမဲ့ အိမ်က ပို့ပါဆိုတာနဲ့ ရှိတာလေး သုံးဖို့ချန်ပီး ပို့လိုက်ရတယ်လေ :( ဒီလိုနဲ့ ငွေပို့ပီး ငွေအားနည်းနေတဲ့ ကျနော်ဟာ ဒီနေ့ တနေ့တာ Window Shopping သာလုပ်ဖို့ စိတ်ကူးလိုက်ပါတယ်။ (ကွမ်းသီးကို ရဲဖမ်းတဲ့လေသံလေ :D)။ မ၀ယ်ဘူးဆိုပေမဲ့လည်း အခန်းအတွက် သုံးယောက် Share ၀ယ်တဲ့ အထဲကိုတော့ ထည့်လိုက်ရသေးတာပေါ့။ အခန်းအတွက်ဝယ်တယ်ဆိုတာကတော့ ဒီလိုပါ အခန်းအတွက်က သူ့ပစ္စည်းကိုယ့် ပစ္စည်းခွဲမသုံးကြလေတော့ တလတခါလိုတဲ့ သွားတိုက်ဆေး၊ ပိုးသတ်ဆေး၊ ဆပ်ပြာမှုန့် အစ .. အစ ရှိသဖြင့်ပေါ့ဗျာ အတူပေါင်းဝယ်ကြပါတယ် အဲဒါကို ဆိုလိုတာပါ။ ကျနော် တို့ဟိုလုပ် ဒီလုပ်နဲ့ ၀ယ်ချမ်းအပီးမှာ နာရီကြည့်တော့ နှစ်ခွဲနေပီဗျာ။ ကျနော်တို့ ကာစီနို Staff တွေက ညနေ လေးနာရီ နောက်ဆုံး အနေနဲ့ ပြန်တက်ရပါတယ်။ ညအလုပ် ၀င်ရမဲ့ သူတွေက ရှိတာကိုး။ မနက်မှ အလုပ်ဝင်မဲ့ သူကတော့ နားပေါ့ ဒီလိုပါ။ အဲ လေးနာရီကျော်ပီးမှ ရောက်လာရင်တော့ Management Team ရဲ့ Decision ဆိုတာကြီးကို ရင်တမမ နဲ့သာစောင့်ပေတော့ဗျို့ ။ ကံမကောင်းရင် Terminate လုပ်တဲ့ အထိ ပြစ်ဒဏ် ရနိုင် ပါတယ်။ ကဲ ပြောနေတဲ့ စကားတောင် ဘယ်ရောက်လဲ မသိတော့ဘူး။ ၂ ခွဲနေတော့ မှ အသည်းအသန် လက်ကျန် ၀ယ်စရာရှိတာကို အပီးဖြတ်ပီး တဂွီဂွီတဂွမ်ဂွမ် ဖြစ်နေတဲ့ ဗိုက်ပြသနာကို နီးရာ တရုတ်ဆိုင်တဆိုင်မှာ ဖြေရှင်းလိုက်ရပါတယ်။ အားလုံးပီးတော့ ၃ခွဲ ဖယ်ရီဆိပ်ကို ငါးယောက်သား အသားကို ကားငှားပီး လစ်ရ ပါတော့တယ်။ တော်သေးတာက ဖယ်ရီ ထွက်ခါနီးလေးမှာပဲ ကျနော်တို့ အောင်မြင်စွာ ဖယ်ရီပေါ်က ခုံငါးလုံးမှာ အမိအရထိုင် နိုင်လိုက်ပါတယ် ခင်ဗျား။ ကဲ တလ Shore Leave တော့ ပီးသွားပြန်ပါပီ။ နောက်လကို စောင့်ရင် ဒီမှာပဲ လေကြောရှည်တာကို ရပ်နားလိုက်ပါတယ်။



Older Posts Home

Blogger Template by Blogcrowds.