Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

အိပ်မရသော ညတစ်ည

မနေ့ညက ကျနော် အိပ်ယာပေါ်ရောက်လို့ အိပ်မယ်လုပ်ပီးမှ ကျနော် မသုံးတာ ကြာပီ ဖြစ်တဲ့ ကျနော့် MP3 အဟောင်းလေးကို သတိရတာနဲ့ ကျနော် ပြန်ရှာချင်စိတ် ပေါ်လာခဲ့တယ်။ အချိန်ကြည့်တော့ ၂ နာရီ ကျော်နေပီ ဒါပေမဲ့ ကျနော်ကလည်း လုပ်မယ်ဆိုရင် ချက်ချင်း လုပ်ရမှ ကျေနပ်တဲ့ကောင်။ အဲဒါနဲ့ ကျနော့ ပစ္စည်းတွေ သိမ်းထားတဲ့ အံဆွဲလေးကို ဖွင့်ရှာဖြစ်ပါတယ်။ ဒီအံဆွဲကို မဖွင့်ခဲ့တာ တော်တော်ကြာခဲ့ပါပီ။ အထဲမှာ ကျနော် သင်္ဘောပေါ် ရောက်ပီးမှ ၀ယ်ဖြစ်တဲ့ စာအုပ်တွေ၊ သူငယ်ချင်းတွေ ပို့ပေးတဲ့ စာတွေ၊ မွေးနေ့ လက်ဆောင်တွေ၊ ရန်ကုန်က ကျနော်ယူလာတဲ့ အမှတ်တရ ပစ္စည်းတချို့နဲ့ ကျနော့ပိုင် ဒိုင်ယာရီ စာအုပ်တွေပါ။ MP3 ရှာတဲ့ဆီကို မရောက်တော့ပဲ မျက်လုံးက သွားမြင်တာက ကျောင်းသားဘ၀က မှတ်စု စာအုပ် ၂ အုပ်ကိုပါ။

မတွေးချင်ပေမဲ့ စိတ်က အတိတ်ကို ပြန်ရောက်သွားတယ်။ အဲဒီစာအုပ်လေး ၂ အုပ်ကို ယူပီး ကျနော် အိပ်ယာပေါ် ပြန်တက်ကာ အတိတ်ကို ပြန်ပုံဖော်နေမိတယ်။ တအုပ်က တအုပ်လုံး သူ့လက်ရေး နဲ့ ကူးပေးထားတဲ့ ဆယ်တန်း တုန်းက မြန်မာစာ မှတ်စုစာအုပ်။ နောက်တအုပ်က သူနဲ့ ကျနော် စကားများ ရန်ဖြစ်ကြလို့ တယောက်နဲ့ တယောက် စကားမပြောကြတဲ့ အခါ စာတိုလေးတွေ ရေးပီး ပြောတဲ့ စာအုပ်။ အထဲက စာလေးတွေ ဖတ်ပီး ကျနော်ပြုံးမိတယ်။

ကျနော်တို့ ဆယ်တန်းတွေပီးလို့ ကျောင်းတွေ ပိတ်တဲ့အချိန် နေ့ဆို သင်တန်းတွေ တူတူတက် ညဆို တညလုံး ဖုန်းခိုးပြောနဲ့ အဆက်သွယ် မပြတ်ကြပါဘူး။ ကျနော်တို့ ချစ်သူဖြစ်တဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်နေနဲ့ ကျနော် သူ့အတွက် သူ လုံးဝမထင်ထားတဲ့ ကြိုးကြာ အကောင် တထောင့်ငါးရာ တိတိကို ကိုယ်တိုင် ခေါက်ပေးခဲ့ပါတယ်။ အဲဒီရောင်စုံ ကြိုးကြာလေးတွေရဖို့ ကျနော် ၁လခွဲလောက် နေ့နေ့ညည ခေါက်ခဲ့ရတာပါ။ သယ်ရင်းတွေနဲ့ သွားလည်း ဒီအကောင်လေးတွေ ပါတယ်။ ဆိုင်ထိုင်လည်း ဒီကောင်တွေ ပါတယ်။ အမေကတော့ ငါ့သားတော့ မဟုတ်ဘူးတဲ့။ ညာရတာပေါ့ ငရဲတော့ ကြီးပါရဲ့ မေမေကတော့ သိတယ်ထင်ပါ့။ ဘာမှမပြော ရှာပါဘူး။ အဲခက်တာက နောက်ဆုံး အကောင့် ထောင့်ငါးရာလည်း ပြည့်ပီ။ ပေးရမဲ့ ရက်ကလည်း ကပ်တော့မှ ထည့်စရာ ပုလင်းက ရှာမရ။ ပုလင်းလေးတွေနဲ့ ခွဲထည့်ရင် သေရချည်ရဲ့။ ဆယ်ပုလင်းလောက်မှ ရမယ်။ အဲဒါနဲ့ နောက်ဆုံး ကြံမရတဲ့ အဆုံး ဒီကြိုးကြာလေးတွေ ခေါက်ဖို့ စက္ကူလေးတွေ ထုတ်တဲ့ အမဆီကို ဖုန်းဆက်သွယ်ပီး မေးတဲ့အခါမှ သူက အော်ဒါမှာပေးမယ် ပြောပါတယ်။ ရှက်တော့ အရှက်သား။ မစန္ဒာရဲ့ ကျေးဇူးနဲ့ ထောင့်ငါးရာလုံးကို တပုလင်းတည်း ထည့်နိုင်တဲ့ ပုလင်းလှလှလေး ရခဲ့ပါတယ်။ သူ့ကို ပေးခဲ့တဲ့ နေ့မှာ အံ့သြ၀မ်းသာသွားတဲ့ သူ့မျက်နှာကို ကျနော် မေ့မရပါဘူး။

နောက်ဆုံးတော့လည်း ကျနော်တို့ အကြောင်းကြောင်း ကြောင့် အဆင်မပြေပဲ သုံးနှစ်အပီးမှာ လမ်းခွဲခဲ့ကြပါတယ်။ လမ်းခွဲကြတယ် ဆိုပေမဲ့ တယောက်နဲ့ တယောက်မုန်းလို့ မဟုတ်ပဲ သဘောထားခြင်း မတိုက်ဆိုင်တာတွေ များလွန်းတာကြောင့် လမ်းခွဲ ခဲ့ကြတာဖြစ်ပါတယ်။ ခုချိန်ထိ တယောက်အကူညီလိုရင် တယောက်က ကူညီဆဲပါ။

ဘာရယ်မဟုတ်ပါဘူး စပ်ဆော့ပီး MP3 ရှာရာက ဇာတ်လမ်းအဟောင်း ပေါ်ပီး တော်တော် ညနက်တဲ့ အထိ မအိပ် ဖြစ်တော့ပါဘူး။

Older Posts Home

Blogger Template by Blogcrowds.