မျက်လုံးကို အသာဖွင့်ကာ ညင်ညင်သာသာပဲ ကျနော်နိုးထခဲ့ပါတယ်။ တခန်းလုံး အမှောင်ကျနေလို့ ဘေးက Alarm ပေးထားတဲ့နာရီရဲ့ မီးကို အားပြုကာ အချိန်ကို ကြည့်တော့ 7:30 Pm ။ စိတ်ထဲက အမယ် ငါ တယ် မဆိုးပါလားလို့ ကိုယ့်ဟာကို ကျိတ်ချီးကျူးလိုက်မိတယ်။ ဟုတ်သည် ဒီရက်ပိုင်း အိမ်က ပို့ပေးတဲ့ တရုတ်သိုင်းကားတွေ ကြည့်ပီး လူက အလုပ်ဝင်ခါနီး နာရီဝက်လောက်လိုမှ နိုး အသည်းအသန်လုပ်က အလုပ်ဝင်နေရတာ ရက်က ကြာလာပီ။ သိုင်းကျမ်းကလည်း ရှည်လှသည် နေ့လည် သုံးလေးနာရီထိ ကြည့်တာတောင် မပီးနိုင်သေး မင်းသားက အခုမှ ချောက်ထဲကျကာ သိုင်းကျမ်းရတုန်း အဲလေ ယောင်ကုန်ပီ လုပ်စရာရှိတာ လုပ်မှပါ ဟုတွေးကာ အိပ်ယာ လိုက်ကာကို အသာဖွင့်ပီး ဘေးကို ကြည့်တော့ သကောင့်သား အခန်းဖော် သူငယ်ချင်းက အိပ်နေပီ။ အင်းလေ ပင်ပမ်းလို့ ထင်ပါရဲ့ လို့ တွေးလိုက်မိတယ်။ ကိုယ်တိုင်လည်း တခါတလေ အလုပ်ပိတဲ့ နေ့ဆို အခန်းပြန်ရောက်တာနဲ့ အ၀တ်တောင် မလဲ နိုင်ပဲ တန်းမှောက် လိုက်တာနဲ့ အိပ်ပျော်သွားတတ်တာကိုး။ ကဲ ထားပါလေ ဆိုပီး အိပ်ယာပေါ်မှ ကုန်းရုန်းထကာ အင်း စောသေး တာပဲ အလုပ်ဝင်ရမှာက 9:00 Pm ဆိုတော့ ကွန်ပျူတာလေး ဖွင့်ပီး ဘလော့လေးကို ကြည့် ချတ်ရွမ်းထဲလည်း နည်းနည်းပါးပါး ၀င်ပွားဦးမှ ဆိုတဲ့ အကြံနဲ့ ကွန်ပျူတာရှေ့ ထိုင်လိုက်မိတယ်။ ကျနော့လိုပဲ အိပ်မှုန်စုံဝါး နဲ့ နိုးထလာတဲ့ ကွန်ပျူတာလေးကို ကြည်ကြည်နူးနူး ကြည့်ရင်းနဲ့က ကွန်ပျူတာ စကရင်မ်ရဲ့ နာရီဒိုင်ခွက်က တိုင်မင် မကိုက်ပဲ မျက်လုံးထဲ ၀င်လာတော့ မြင်လိုက်ရတာက 8:55 Pm .. OMG .. ဘယ်လိုဖြစ်တာလဲ ဟု တွေးကာ ခေါင်းပေါ်က တိုင်ကပ် နာရီကို ကြည့်တော့ သေချာသမှ နာရီလက်တံက 8:55 ကို ပြနေသည်။ မယုံနိုင်သဖြင့် ခေါင်းအုံးဘေးမှာ ထားသော အလမ်းပေးထားသည့် နာရီကို ပြန်ကြည့်တော့ ခုထိ 7:30 သွားပီ ဓာတ်ခဲ ကုန်နေပီ ဖုံးအလမ်းကို ကြည့်တော့ ဘယ်အချိန်ထဲက အားကုန်နေသည်မသိ ပိတ်လို့နေသည်။ ဆက်မတွေးနိုင်အားတော့ အလုပ်ဝင်ရန် လေးမိနစ်သာ လိုတော့သည် ဆိုတဲ့ အသိက နားထင်ကို ၀ုန်းခနဲ ပြေးဆောင့်သည်။

မျက်နှာကို ကမန်းကတမ်း သစ် သွားပင်မတိုက်အား အသင့်ချိတ်ထားတဲ့ ဂျူတီဝတ်စုံကို အသည်းအသန်ကောက် စွပ်ကာ ပြေးရသည်။ ကြောင်လျှာသီးကို လမ်းသွားရင် တည့်သည် မတည့်သည် မသိ ကောက်စွပ်ကာ ဘိုသီ ဘတ်သီဖြင့် တန်းနေအောင် ပြေးရသည်။ လမ်းတလျှောက် ကြည့်ကြတဲ့ လူတွေက မနည်း ဂရုမစိုက်နိုင်အား Time Card ရိုက်သည့်နေရာကို ရောက်ကာ ကဒ်ယူလိုက်တော့ 9:02 Pm။ သေသာ သေလိုက်ချင်တော့သည် ဟု ကိုယ့်ကိုယ်ကို ကျိန်ဆဲကာ အထဲ ၀င်သွားတော့ တဌာနတည်း ဘော်ဒါတွေက Dream Walking လားတဲ့ ပုံမှန် အနေအထားဆို ပြန်ပြောမိမှာ သေချာပေမဲ့ အခု ကိုယ်က နောက်ကျနေတော့ အတတ်နိုင်ဆုံး စပ်ဖြဲဖြဲ လုပ်ထားရသည်။ သိပ်မကြာ HOD ခေါ်ရာ ရုံးခန်းထဲသို့ လိုက်သွားကာ အဆူခံရတော့သည် ကံကောင်းသည် ဒီအပြစ်က ကံကောင်းလျှင် Warning Letter လောက်နဲ့ ပီးနိုင်သလို ကံဆိုးရင် Bonus Deduction ထိ ရနိုင်သည် HOD စိတ်ကောင်းဝင်နေချိန်မို့ထင့် နောက် ၂ နှစ်ကျော်အတွင်း ဘာအပြစ်မှ မရှိတာ တို့ကို ထောက်ကာ နောက်မဖြစ်စေနှင့်ဟု ဆိုကာ ရေချိုးချိန်ပြန်ပေးတော့မှ ချိုးရတော့သည်။ စိတ်ထဲမှတော့ တရုတ်မင်းသား နဲ့ နာရီကို ကျိန်ဆဲနေမိသည်။

ထိုနေ့က ခရီးသည်များ သဖြင့် ကာစီနိုထဲ လူရှုပ်ကာ အားလုံး အလုပ်များနေကြသည်။ ကျနော့် ထမင်းစားချိန်က ထမင်းစားခန်းမပိတ်မှီ ငါးမိနစ် အလိုလေး ဖြစ်သဖြင့် ဘရိတ်ခ်ရတော့ အသည်းအသန် ပြေးရသည်။ ကိုယ်ရွှေ ၀ိတ်တာတွေက ၀ီရိယကောင်းကာ စောသိမ်းလျှင် ငတ်နိုင်သည်လေ။ ဟိုရောက်တော့ ဟင်းဘန်းတွေမြင်မှ စိတ်အေးသွားကာ ရင်ထဲက အလုံးက ၀ုန်းဆို ကျသွားသည်။ ငါမငတ်တော့ဘူးပေါ့ :D ။ ထုံးစံအတိုင်း စားစရာ မရှိပေမဲ့ အဆင်ပြေနိုင်တာလေးတွေ ရွေးထည့်ကာ စားပွဲဆီသို့ အလျှင်စလိုသွားမိလိုက်တော့ အဲ့မှာ တွေ့ပီပေါ့ အဲ့မှာ တွေ့တာ ဘင်လာဒင်နဲ့ ချောစုခင် စတွေ့တာ ( ပထမတော့ ဘာမှန်းမသိ ကလေးတွေပြောနေကြတာ လိုက်ယောင်တာ နောက်တော့ သေချာမေးကြည့်တော့မှ ကိုကြီးကလည်း ဘင်လာဒင်က မုတ်ဆိတ် မများဘူးလား တဲ့ အင်း များတယ်လေ ချောစုခင်က သွားမခေါဘူးလားတဲ့ အင်း ခေါတယ်လေ ဆိုတော့ အင်းပေါ့ သူတို့ ၂ ယောက်တွေ့တော့ ညိတာပေါ့တဲ့ ကောင်းလေစွ လို့ တမိကာာ သဘောကျသွားတော့သည် မသိသူများ မှတ်လော့) စကားတောင် ဘယ်ရောက် သွားမှန်းမသိ သူတို့ရှုပ်တာနဲ့ .. အဲ အလျှင်စလိုသွား လိုက်တော့ ဘယ်သူ မှောက်ထားမှန်းမသိတဲ့ ရေတွေကို တက်နင်းမိကာ လူက ဟိုဘက်လဲမလို ဒီဘက်လဲမလို နဲ့ အနိုင်အနိုင်ထိမ်းရင်းက လက်ထဲက စားတော်ခွက် အဲလေ ပန်းကန်က ကျကာ ကွဲသွားတော့သည်။ ဟင်င် ရယ်လို့ တကာ မှင်သေသွားမိသည် သူများတွေ ၀ိုင်းကြည့်တာကို ဂရုမစိုက်အား ဘာလို့ဆိုတော့ ၀ိတ်တာ တယောက်နဲ့ ကျနော်တို့ အလောင်းအစားလုပ်ကာ ဒီပန်းကန်တွေက ဂျာမနီက ပန်းကန်တွေ တော်ရုံကျရုံ နဲ့ မကွဲဟုဆိုတာကို ကျနော်တို့က လက်မခံနိုင်ပဲ လောင်းစား လုပ်ကာ သူတလှည့်ကိုယ်တလှည့် ချခွဲခဲ့သည် ပန်းကန်တွေ အဲ့တုန်းက ဘုရားစူး မကွဲခဲ့တဲ့ ပန်းကန်တွေ ခု ကိုယ့်လက်ထဲကျတော့ ကွဲသွားပီ။ အောင့်သက်သက်နဲ့ Restaurant Supervisor ပြောတာကို ခံပီး စားလည်းမ၀င်တော့ ပြန်ဆင်းလာရသည်။ တနေကုန်တော့ ဘာဆာသလဲ မမေးနဲ့တော့။ မနက်စောစောမှသာ ပေါင်းကာ ကျိတ်ရတော့သည်။ အလုပ်ထဲတွင်လည်း တောက်လျှောက် အဆင်မပြေလိုက်တာဆိုတာ အဲ့ဒီတော့မှ အော် ပြသဒါးနေ့ဆိုတာ ဒီလိုနေ့မျိုးထင်ပါ့ဟု ကောက်ချက် ချမိတော့သည်။ အလုပ်ထွက်လာတော့ ဘေးခန်းမှ သူငယ်ချင်းက သူကြည့် နေသည့် ကိုးရီးယားကား ပီးပီတဲ့ မင်းယူထားလိုက် ဇာတ်လမ်းလေးက ကောင်းချက်ကွာ မင်းသမီးကလည်း ချောက ချောဆိုတော့ ဘာပြောကောင်းမလဲဆိုကာ အခွေလာပေးတော့ နေကွာ ဟု ပြောကာ တံခါးဆောင့် ပိတ်လိုက်တော့ ဟိုကောင့်ခမျာ အူလည်လည်နဲ့ ထွက်သွားရရှာတော့သည်။

ကဲ မ၀ါရေ ဒီလောက်နဲ့ပဲ ကျေနပ်ပါတော့နော်။ လွန်ခဲ့တဲ့ ၃ လလောက်က ကြုံခဲ့ရတဲ့ ကျနော့်ရဲ့ နှစ်နှစ် ကျော် အတွင်း ဗရုတ်သုတ်ခ အကျဆုံး နေ့တနေ့ ကို သတိရမိတာနဲ့ ပြန်ဖော်ပြပေးလိုက်ပါတယ်။ နောက်ကျတဲ့ အတွက် ဆောရီးပါ အမ၀ါရေ .. ဆက်ပြီးတော့ ကျနော့် အကြွေးကျန်နေသေးတဲ့ ကိုလင်းထက်ကို ဒီပို့စ်လေးကို သူ့ ပြန် တဂ်လိုက်ပါတယ် (ဟွန့် မှတ်ပီလား တဂ်ချင်ဦး လက်စားချေပလိုက်တာ မှတ်ထား) :D ကိုလင်းထက်ကြီး ရေးပေးပါဥိးလို့။

1 Comment:

  1. အလှတရား said...
    ဟားဟားရယ်ရပါပေ့
    ကောင်းတယ်ဗျာ
    ရေးတာကောင်းတာကိုပြောတာနော်
    ဗဟုသုတလည်းရတယ်ဗျ..ဘင်လာဒင်နဲ့ ချောစုခင် အကြောင်းလည်း မှတ်သွားရသေးတယ်..
    တော်ကြာ ကလေးတွေနဲ့တွေ့ရင် ခံနေရဦးမယ်..
    အခုကျနော်တို့တော့Prison Break ကြည့်နေတယ်
    ကြည့်ဦးမလားဗျို့...

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.