ကျနော့်သူငယ်ချင်း - ၁

အကိုကြီး ZeroTrash ရဲ့ သူငယ်ချင်းတွေဆိုတဲ့ ပို့စ်ကို သွားဖတ်ပီးတည်းက ကျနော်လည်း ကျနော့ ချစ်သယ်ချင်း တွေအကြောင်း ရေးချင်ခဲ့တာ ကြာပါပီ။ သို့ပေသော်လည်းပေါ့ဗျာ အကြောင်းကြောင်းသော အကြောင်းတို့ကြောင့် သင်းတို့ခမျာ ကျနော့ စာမျက်နှာပေါ် တက်ခွင့်မရခဲ့ကြ ရှာဘူးပေါ့။ (အဟဲ ဟိုကောင်တွေ ဖတ်ပီး ဆဲမယ် မကြံနဲ့၊ ရာရာစစ သူ့စာမျက်နှာပေါ်ပဲ တက်ရဦးမယ်လို့လည်း မိန်းမလို မိန်းမရ ပြောမနေနဲ့၊ ငါက မင်းတို့ ကောင်းစား စေချင်လွန်းလို့ ကိုယ်ထင် ပြရတာကွ (အဲလေ ရောကုန်ပီ) မင်းတို့ ကောင်းစေ ချင်လွန်းလို့ ရေးပေး ရတာကွ။) ဟိုးငယ်ငယ်လေးတည်းက ကျနော်နဲ့တူတူ ကောင်းတူဆိုးဖက် ခံစားခဲ့ကြတဲ့ ကျနော့် ချစ်သယ်ချင်းတွေ အကြောင်း စရေးပါတော့မယ် ဒန် တန့် တန် ... ။ ;D

ဟန်လွင်ဦး

ကျနော့ရဲ့ ညီအကို လိုချစ်တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက သူငယ်ချင်းတယောက်ပါပဲ။ ဒီကောင့်ကိုတော့ အဖွဲ့ထဲမှာ ချီးကြောင် ရယ်လို့ နာမည်ဖျက်ပေးထားကြတယ် ခင်ဗျ။ ပုံမှန်ဆိုရင် ကောင်းပေမဲ့ တခါတခါ ကျပ်မပြည့်ပဲ လုပ်ချင်တာ ထလုပ်တတ်လို့ ဒီနာမည်ကို ပေးထားရခြင်းဖြစ်ပါတယ်။ ခုမှရတဲ့နာမည်လည်း မဟုတ်ပါဘူး ဟိုးငယ်ငယ် လေးတန်းကျောင်းသား ဘ၀လောက်တည်းက ပိုင်ဆိုင်ထားတဲ့ ဘွဲ့ဖြစ်ပါတယ်။ လူပုံစံကတော့ ဖြူဖြူ ပိန်ပိန်နဲ့ ရုပ်ရည်က ခပ်သန့်သန့်မို့ SKB ပေါ့ဗျာ။ (ဒါပေမဲ့ ခုချိန်ထိ ရည်းစား မယ်မယ်ရရ မရှိသေးပါဘူး အီစီကလီတွေတော့ ရှိပါရဲ့)။ ဒီကောင်နဲ့ ကျနော် စခင်တာက ကျနော် သင်္ဃန်းကျွန်းကနေ ကျောင်းပြောင်းလာပီး ပထမဆုံး ကျနော် ကျောင်းစတက် ရမဲ့ နေ့မှာပါ။ ဖြစ်ချင်တော့ ဒီကောင်ကလည်း ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် အဲလိုနဲ့ ကျနော်တို့ တူတူထိုင်ဖြစ်ရင်း ခင်ခဲ့ကြတယ်ပေါ့။ အဲ အဲ့ဒီကနေ စလို့ အတူတူထိုင်လိုက်တာဟာ ကျနော်တို့ တက္ကသိုလ်ကျောင်း နောက်ဆုံးနှစ်ထိပါပဲ။ နောက် ဒီကောင့် အိမ်နဲ့ ကျနော့်အိမ်က ရှေ့နောက် ကပ်နေတာဆိုတော့ သူ့အိမ်ဟာ ကျနော့်အိမ် ကျနော့်အိမ်ဟာ သူအိမ်ကို ဖြစ်နေတော့တာပါပဲ။ တခါတရံ ကျနော်က ဒိကောင့် မိသားစုနဲ့ ထမင်းစားနေချိန်မှာ ဒီကောင်က ကျနော့်အိမ်က ထမင်းစားဝိုင်းမှာ ခပ်တည်တည်နဲ့ မျိုဆို့နေတတ်ပါတယ်။ ဘောလုံးကန်လည်း တူတူ၊ ကျူရှင် သင်တန်း တက်လည်းတူတူ စာကျက်တော့လည်း တူတူ ဘယ်တော့ဖြစ်ဖြစ် တတွဲတွဲ တွေ့ရတတ်တာကြောင့် သူငယ်ချင်းတွေကြားထဲမှာ ကျနော်တို့ ၂ယောက်ဟာ ဖြူမဲ ညီနောင်ရယ်ဆိုပီး နာမည်တွင်ခဲ့ပါတယ်။ မှတ်မိသလောက် ကျနော်တို့ ခုနစ်တန်း အရွယ်မှာ အိမ်က ကုက္ကိုင်း ရေကူးကန်ကို ရေကူးသင်ဖို့ လွှတ်ခဲ့ပါတယ်။ အိမ်က ပထမအပတ်လောက်ပဲ လိုက်ပို့ကာ နောက်ရက်တွေ တက္ကစီနဲ့ပဲ လွှတ်ပါတော့တယ်။ တနေ့ ကျနော်တို့ ရေကူးသင်ရင်း ရေနစ်လို့ ၂ယောက်လုံး ကြောက်ပီး နောက်နေ့တွေ သင်တန်း မသွားတော့ပဲ ဂိမ်းဆိုင်မှာသာ အချိန်ဖြုန်းပီး အချိန်တန်မှ အိမ်ပြန်ခဲ့ ကြပါတယ်။ ခပ်တည်တည်ပဲပေါ့ အဲ သင်တန်းပီးတော့ သင်တန်းဆင်း လက်မှတ် ပေးပွဲကြီးက တီဗီမှာလာတော့မှ ကျနော်တို့မှာ အဆူခံ ရပါတော့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျနော်တို့ ၂ယောက်လုံး သူငယ်ချင်းတွေ ကောင်းမှုနဲ့ ရေမကြောက်တော့ပဲ ကျွမ်းကျွမ်း ကျင်ကျင် ကူးတတ်တဲ့ အဆင့်ထိ ရောက်သွားပါတယ်။ အဲ့အရွယ်ထဲက ကျနော်တို့က အဲ့လိုပါ။

ကိတ်စတော်တော်များများကို ဒီကောင်မပါပဲ ကျနော်မလုပ်တတ်သလို သူကလည်း ကျနော့ကို မတိုင်ပင်ပဲ မလုပ်တတ်ပါဘူး အနည်းဆုံး အသိတော့ ပေးကြပါတယ် ဘယ်ခြေလှမ်းမယ်ဆိုတာကိုပေါ့။ ကျနော်တို့ မိုးတွေသိပ်သည်းတဲ့ ညလိုမျိုးမှာ လမ်းထွက်လျှောက်ဖူးတယ်၊ ကောင်မလေး တယောက်ကို ၂ ယောက် အတူတူ ကြိုက်ခဲ့ဖူးတယ် (နောက်တော့လည်း ဟုတ်တာမဟုတ်ပါဘူး)၊ ဗိုလ်တထောင် ဆိပ်ကမ်းမှာ ညကြီးသန်းခေါင် ဂစ်တာထိုင်တီးခဲ့ကြဖူးတယ်၊ ဒီကောင် အရူးထတာ မနက်လေးနာရီလောက်ကြီး ကျနော့်ကို နှိုးပီး သူကြိုက်နေတဲ့ ကောင်မလေး အိမ်ကို ပန်းသွားချိတ်ချင်တယ် ဆိုလို့ ကျနော် လိုက်ပေးခဲ့ရဖူးတယ်၊ ကျနော် အိမ်က ခိုးလစ်ပီး ခရီးတယောက်တည်း သွားမယ်ဆိုတော့ ဒီကောင်က အဖော်လိုက်ပေးခဲ့ဖူးတယ်၊ ကျနော်တို့ အိမ်တွေ ပြသနာ ကြုံရတိုင်း ခေါင်းချင်းဆိုင်ဖြေရှင်း ကြတာ ကျနော်တို့ ၂ယောက်ပါပဲ၊ ကျနော်တို့ အတူဖြတ်သန်းလာတဲ့ အချိန်က များလွန်းပါတယ် ဒါကြောင့်တယောက်နဲ့ တယောက် ဘာလုပ်ချင်တယ်ဆိုတာ နားလည်မှု အရမ်းရှိပါတယ်။

ကျနော် သင်္ဘောတက်လာတော့ ဒီကောင်က အင်ဂျင်ဘက် ရွေးတာမို့ ဒေါက်ဆင်းရင်း ကျန်ခဲ့ပေမဲ့ အရင်လိုပဲ ကျနော့်အိမ်မှာ မေမေလိုသမျှကို ကူညီ လုပ်ကိုင်ပေးနေပါတယ်။ ကျနော့်ကို လေယာဉ်ကွင်း လိုက်ပို့တုန်းက ဒီကောင် မျက်ရည်ဝဲပီး ပြောခဲ့တာကို အမှတ်ရပါသေးတယ် ငါတို့ ၂ယောက် ဘယ်တုန်းကမှ ဒီလောက် အကြာကြီး မခွဲခဲ့ကြဖူးဘူး ငါတို့ ငယ်ငယ်တုန်းက အချိန်တွေကို ပြန်ရချင်တယ်ကွာ တဲ့ ကျနော် တချက်ပြုံးပီး ငပေါ လို့သာ ပြောနိုင်ပါတယ် ကျနော်ကိုယ်တိုင်လည်း စိတ်ထဲက ဒီကောင့်လို ပြောမိနေလို့ပါပဲ။ ခုတော့ ဒီကောင်က ရည်းစားတွေ ဘာတွေရလို့ အိုကေနေပီတဲ့ ကျနော့ကို ဒီကောင်ကြောသွားပီပေါ့ အဟင်းဟင်း (သတိထားစေချင်ပါသည်) ဘာပဲဖြစ်ဖြစ် ပြန်မဲ့အချိန်ကျရင်တော့ ၂ယောက်လုံး နည်းနည်းပါးပါး သောက်တတ် နေကြပီမို့ သွားစရာ နေရာတနေရာ တိုးဦးမည် ဟု တွေးရင် ချီးကြောင် အကြောင်း ဒီမှာပဲ ရပ်ပါရစေ။ တခြား ချစ်သယ်ချင်းတွေအကြောင်းကိုလည်း အလျဉ်းသင့်သလို တင်ပါဦးမည်။

2 Comments:

  1. မိုးသောက်ယံ said...
    Testing
    Anonymous said...
    သူငယ်ချင်း ငယ်ပေါင်းတွေကို သတိရနေတယ်ပေါ့
    ဟုတ်လား ရောင်းရင်းကြီး
    ကောင်းပါတယ်ဗျာ
    အခုလိုရေးသားတာ
    အမှတ်တရ ပေါ့
    ရေးသာရေးဗျို့
    လာဖတ်မယ်

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.