တွေးလိုက်တိုင်း တနုံ့နုံ့၊ ပြန်မြင်ယောင်တိုင်း စိတ်ပျက်လောက်အောင် ဖြစ်လာတာမို့ မနက် အလုပ်ပီးတဲ့ အချိန်ထိ မစောင့်နိုင်တော့ပဲ အားလပ်ချိန်လေးမှာ အသည်းအသန် ပြေးရေးမိပါတယ်။
ဘာအကြောင်းလဲ ဆိုတော့ကာ ဒီနေ့ ကန်ခဲ့တဲ့ လီဗာပူးလ် - မန်ယူ ပွဲဖြစ်ပါတယ်။ ဆယ်နှစ်အတွင်းမှာ မန်ယူဟာ လီဗာပူး အိမ်ကွင်းမှာ တပွဲ ရှုံး တပွဲ သရေက လွဲလို့ ကျန်တဲ့ ရှစ်နှစ်မှာ အနိုင်ရခဲ့ပါတယ်။ ကျနော်ဟာ သရဲနီ ပရိတ်သတ် ဖြစ်ခဲ့တာ ၁၀နှစ်ကျော် ကြာခဲ့ပါပီ။ ငယ်ငယ်လေးတည်းက အားပေးခဲ့တဲ့ အသင်းမို့ ဒီအချိန်မှာ သရဲတွေရဲ့ ကျနော့ကို စိုးမိုးနိုင်စွမ်းဟာ အမြင့်ဆုံးပါပဲ။ သရဲနီတွေ အောင်ပွဲ ခံရင် ကျနော် ထပ်တူပျော်တယ်။ ကျရှုံးရင် ကျနော် သူတို့နဲ့ ထပ်တူ ၀မ်းနည်းရတယ်။
အခုကန်ခဲ့တဲ့ပွဲဟာ ပထမပိုင်းကို လွတ်လွတ်ကျွတ်ကျွတ် ကြည့်ခဲ့ရပေမဲ့ ဒုတိယပိုင်းဟာ ကျနော့ အလုပ်ချိန်အတွင်းမှာ ဖြစ်တာကြောင့် အသည်းအသန် လူကြီးကို request လုပ်ပီး ကြည့်ခဲ့ရတာပါ။ ပွဲပီးတော့မှ မကြည့်မိရင် အဲ့လောက် စိတ်ထိခိုက်ရမှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။ ဒီပွဲမှာ နှစ်ဘက်အသင်းဟာ ဒဏ်ရာကြောင့် ပါဖို့ မသေချာဘူးဆိုတဲ့ ကစားသမားတွေကို ထုတ်သုံးသွားတာ တွေ့ရပါတယ်။ သရဲနီဟာလည်း C.Ronaldo တယောက်က လွဲရင် ကျန်တဲ့ကစားသမားတွေကို ထုတ်ကာ လီဗာပူး အသင်းရဲ့ အိမ်ကွင်းမှာ ကြံ့ကြံ့ခံကစား ခဲ့ပါတယ်။ ပွဲစလို့ သိပ်မကြာခင်သုံးမိနစ်မှာ သရဲနီအသစ် ဘာဘာတော့ဖ် ခင်းပေးတဲ့ ဘောလုံးကို တီဗက်စ် သွင်းယူရာက တဂိုး ဦးဆောင်ခဲ့တော့ ပျော်လိုက်တာဆိုတာ ပြောမနေပါနဲ့။ လီဗာပူး ပရိတ်သတ် သူငယ်ချင်းကိုလည်း စလိုက်သေးတာပေါ့။ အဲ ပထမပိုင်း ပီးခါနီးမှာပဲ ဗန်ဒါးဆားနဲ့ ၀က်စ်ဘရောင်းတို့ နားလည်မှု မှားရာက ကိုယ့်ဂိုး ကိုယ်သွင်းမိကာ နစ်နာစရာကောင်းလှတဲ့ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။
လီဗာပူးမှာ မကစားနိုင်ဘူး ထင်ရတဲ့ Steven Gerrard၊ Fernando Torres၊ အပြင် Babel တို့ဟာ ပထမပိုင်းမှာ ၀င်မကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာ လူစုံ ၀င်ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သရဲနီ ဗီဒစ်ရဲ့ Found ကနေ Vidic ဟာ အနီကတ်ဒ်ရပီး ထွက်ခဲ့ရတဲ့ နောက်ပိုင်း လီဗာပူးဟာ လူစုံထည့်ပီး ဖိကစားခဲ့ရာကနေ Babel ရဲ့ အနိုင်ဂိုးသွင်းတာကို ကြည့်လိုက်ရတဲ့အခါ ခံပြင်းလွန်းတာကြောင့် ခုံကို လက်သီးနဲ့ ထိုးမိတဲ့အထိပါပဲ။ ဒီလိုနဲ့ပဲ ပွဲဟာ လီဗာပူး ၂ - ၁ မန်ယူ နဲ့ ပီးဆုံးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်မကောင်းပေမဲ့ အစွမ်းကုန်ကြိုးစားခဲ့တဲ့ သရဲနီတွေနဲ့ ကြိုးကြာတွေကို ဂုဏ်ယူပါတယ်။ နောက်တကြော့တွေ့မဲ့ Man Utd ရဲ့ Home Old Tradfford မှာ MU Revenge ဘယ်လိုလာမလဲ ဆိုတာ ထပ်မျှော်လင့်ရင်း ဘယ်လိုမှ စိတ်မပါတော့မဲ့ ရှည်လျားတဲ့ ညတညကို ဖြတ်သန်း ပါတော့မယ်။
ထပ်တူ ၀မ်းနည်းရပါတယ် သရဲနီ။
Labels: အားကစား
မနေ့ညက မုန်တိုင်းကလည်း ဆဲခါစဆိုတော့ သင်္ဘောပေါ် လာဆော့တဲ့ ခရီးသည် နည်းလှပါတယ်။ ခရီးသည်က နည်းတော့ အလုပ်မရှိတာနဲ့ အတွေးနယ်ချဲ့ရင်း ဟိုး ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်စဉ်းစားရင်း ငယ်သူငယ်ချင်း ၂ ယောက်ကို သတိရမိသွားပါတယ်။ ကျနော် ငယ်ငယ်က သုဝဏ္ဏမှာ မွေးစကနေ ၇ နှစ်သားလောက်ထိ နေခဲ့ဖူးပါတယ်။ ကျန်တဲ့ သူငယ်ချင်း တွေကို မမှတ်မိပေမဲ့ ခုချိန်ထိ ကျနော့ ခေါင်းထဲ စွဲနေတဲ့ သူငယ်ချင်း ၂ ယောက်တော့ ရှိပါတယ်။
တယောက်က ချစ်မင်းဇော်တဲ့။ ကျနော်နဲ့ သူငယ်တန်းစတက်တော့ သိတာ။ ဒီကောင်နဲ့ ကျနော်က အရာရာမှာ တယောက်နဲ့ တယောက်ပြိုင်ရမှ ကျေနပ်ကြတာ။ သူငယ်တန်းကနေ ကျနော်မပြောင်းခင် ၂တန်းထိ ဒီကောင်နဲ့ ကျနော် တတန်းထဲ ဘေးချင်းကပ် ထိုင်ကြတာ။ လပတ်စာမေးပွဲ၊ နှစ်စဉ်စာမေးပွဲတိုင်း ၂ ယောက်လုံး အဆင့် ၁ ချည်း ရလို့ အတန်းထဲမှာ အဆင့် ၂ သမား အမြဲ ပျောက်တယ်။ ကျနော်တို့ ၂ယောက် ထမင်းစားလဲ ပြိုင်တယ်။ က ခ ရေးလည်း ပြိုင်တယ်။ ကျောင်းပြန်လို့ လမ်းထဲ ထွက်ကစားလည်း တခုမဟုတ် တခု ပြိုင်နေကြ။ ဒီကောင်နဲ့ ကျနော့ ကြားမှာ မမေ့နိုင်စရာအဖြစ် တခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တခါ ကျနော်တို့ ၂ယောက် ရန်ဖြစ်တယ် ကျောင်းမှာ။ တစ်တန်းတုန်းက ထင်တာပဲ .. စာပြိုင်ရေးရင်း ဒီကောင်က ပါးစပ်ကနေ ပွစိ ပွစိ ပြောပီး ကျနော့ကို အာရုံပြောင်းအောင် လုပ်တယ် ကြာတော့ ကျနော် သည်းမခံနိုင်တော့ပဲ ကွန်ပါဘူးနဲ့ ဒီကောင့် ခေါင်းကို ရိုက်ပလိုက် မိတယ်။ ဒီကောင်ကလည်း သူရေးနေတဲ့ ခဲတဲ့ နဲ့ ကျနော့ကို ပြန်ထိုးတာ ကျနော်က လက်ဝါးနဲ့ ခံလိုက်တော့ လက်ဝါးမှာ စိုက်သွားတာပေါ့။ ဒီကောင့်ခေါင်းလဲ မကွဲပေမဲ့ သွေးတော့စို့သွားတယ်။ ကျနော့ လက်လည်း လက်ဝါး အလယ်မှာ အပေါက်ဖြစ်ပီး သွေးထွက်တော့တာပဲ။ ငယ်တုန်းဆိုတော့ ဘာပြသနာမှတော့ မတက်လိုက်ဘူး။ ၂ဘက်လုံး မိဘတွေ နဲ့တော့ ခေါ်တိုင်တယ် ထင်တာပဲ။ သိပ်မကြာပါဘူး ပြန်တည့်တာပဲ။ ကျနော့မွေးနေ့မှာ ဒီကောင် ပေးထားတဲ့ (သူ့မိဘပိုက်ဆံပေါ့) မွေးပွရုပ်လေး ခုထိ အိမ်မှာရှိသေးတယ်။ ကျနော်ကသာ ဒီအချိန်မှာ ဒီကောင့်ကို အမှတ်ရနေတာ ဒီကောင်က ကျနော့် နာမည်ကိုတောင် မှတ်မိသေးရဲ့လားမသိ။
နောက်တယောက်က ဖူးပွင့်ငုံ တဲ့။ ကျနော့အိမ်ဘေး တအိမ်ကျော်မှာနေတဲ့ ကောင်မလေး။ ဖြူဖြူဖွေးဖွေးနဲ့ ကော်ပတ်ရုပ်လေး ကျနေတာပဲ (ဓာတ်ပုံပြန်ကြည့်ရင်း မှတ်မိတာပါ :D )။ အဲ့ကလေးမ က တဦးတည်းသော သမီး အဖော်မရှိ ကျနော် တို့အိမ်မှာပဲ ကျနော်နဲ့ လာလာကစားနေတာ။ ကျနော့ထက် တနှစ်ကျော်ငယ်တယ် ကျနော့ကို ကိုကို .. ကိုကို နဲ့ ခေါ်တယ်။ အဲ့ကလေးမကို ကျနော် သိပ်နိုင်တာတော့ မှတ်မိတယ်။ သူက ကျနော့်ဆီ ကစားချင်လို့ လာတယ် ကျနော်က သူလာပီဆို ကျနော်က မေမေ ကွယ်ရာကို ခေါ်ပီး (သိချင်နေပီပေါ့ .. ပြောဘူး ၀ယ်ဖတ် :D ) အ၀တ်စုတ်ကို ရေဆွတ် ကြမ်းတိုက်ခိုင်း တော့တာပဲ။ အကျင့်များ မကောင်းလိုက်ပုံပြောပါတယ် သူများ သားသမီးကို လုပ်ပုံက။ ချာတိတ်မက တုံးကလည်း တုံးသေးတယ်ဗျ။ အိမ်မှာ ငယ်ငယ်က အောက်စက် ဘာညာမှရှိပါဘူး။ ကလေးမ လာရင် အခွေကြည့်မလား အောက်စက်ဝယ်လိုက်ပီ ဆိုပီး ကြွားတယ်။ ကြည့်မယ်ဆိုတော့ စားပွဲက အံဆွဲ လေးထဲ ကက်ဆက်ခွေတွေထည့် တီဗီဖွင့်ပြ အဲဒါလည်း ယုံတာပဲ။ အဲဒိတုန်းကတော့ သဘောတွေ ကျတာပေါ့။ ခု ပြန်စဉ်းစားတော့ တော်တော့ကို လွမ်းမိပါတယ်။ ကျနော့် အနွံတာ တော်တော်ခံခဲ့ရတဲ့ သူငယ်ချင်းမလေးပါ။ နောက်ဆုံး ကျနော်တို့ ပုဇွန်တောင်ဘက်ပြောင်းမယ် ဆိုတော့ လာနှုတ်ဆက်ပါသေးတယ် ကိုကို ပြန်လာခဲ့နော်တဲ့။ အဲ့အချိန်က ကျနော်မမှတ်မိတဲ့ စကားကို မေမေက အမြဲ ပြောပီး နောက်တတ်ပါတယ်။ ဘာလဲဆိုတော့ မေမေ သားအတွက် အဲ့ကောင်မလေးကို ငါးဆယ်နဲ့ ၀ယ်ခဲ့ပေးပါတဲ့ :D ။
ဒီနှစ်ယောက်အပြင် ကျနော် တခြားသူတွေကို မမှတ်မိတော့ပါဘူး။ ဒါတောင် သူတို့ရဲ့ ငယ်ရုပ်တွေပဲ မှတ်မိတာပါ ဒီအချိန် လမ်းမှာ တွေ့လို့ တိုက်သွားရင်တောင် မှတ်မိကြမယ် မထင်တော့ပါဘူး။ ကျနော့် ဘ၀မှာ သူငယ်ချင်းပေါင်း များစွာ ရှိခဲ့ပါတယ်။ ကျနော်အတွက် သူငယ်ချင်းတွေဟာ ဒုတိယ ဘ၀ပါပဲ။ ကျနော့် မိသားစုနဲ့ ထပ်တူ ချစ်ရပါတယ်။ ကျနော်ချစ်သလို သူတို့ရဲ့ ချစ်ခင်မှု ပြန်မရမှာလဲ အသေကြောက်ဖူးပါတယ်။ ခုလည်း ကျနော်တွေးမိ ပြန်ပါပီ။ ကျနော် ဒီ ၂ယောက်ကို သတိရနေချိန်မှာ သူတို့ ကျနော့် နာမည်လေးကိုတောင် သိကြပါတော့မလားလို့း( ။
Labels: ကျနော့မှတ်စု, ခံစားချက်
တညလုံး အလုပ်လုပ် ပီးတော့ မနက်ကျရင် မနားနိုင်သေး Boat Drill က ရှိလို့ စိတ်ညစ်မယ် ကြံသေး မနက် Drill ပြီးတာနဲ့ Marketing manager ရဲ့ Briefing ရှိတယ်တဲ့။ သေဟ လို့ပဲ စိတ်ထဲက ကျိန်ဆဲမိလိုက်တယ်။ ဒီရက်ပိုင်း အလွန့် အလွန် များပြားလှတဲ့ မလေးရှားရဲ့ ဟောလီးဒေးတွေကြောင့် အိုတီတွေ လုပ်နေရတာက လွတ်မယ်ကြံသေး။ လာပြန်ပီ ဒီ Briefing။ ဟိုတခါ ပေးထားတဲ့ Project က ပီးရုံရှိသေး ဘာများထပ်လာဦးမလဲ မသိလို့ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ရယ်။
Drill ပီးတာနဲ့ မနားနိုင် အသည်းအသန် Conference room ရှိရာကို ပြေးရပါတယ်။ သူများနောက်ကျရင် အရေးမကြီး ကိုယ်နောက်ကျရင်တော့ ပြသနာပေါင်း သောင်းခြောက်ထောင် ရှိနိုင်သည်။ ဟိုရောက်တော့ အခန်းပင် မဖွင့်ရသေး ဘာလို့လဲဆိုတော့ ဒီနေ့ HOD meeting ရှိသည်တဲ့။ ဟုတ်ပါ့ ၂ ရက်နေ့ပဲလို့ တွေးရင်း ဆက်စောင့် ရတော့တာပေါ့ Day Shift Night Shift ခေါ်ထားတာကြောင့် အလုပ်ဝင်ရမဲ့ လူတွေက အချိန်ကပ်နေသလို ညသမားတွေကလည်း ဒီအချိန်ထိ မနားရသေးလို့ စိတ်ညစ်နေကြပီ။ နောက်ဆုံး suprv ရဲ့ meeting cancel လုပ်တယ် ဆိုလို့ ကောင်းလိုက်တာဆိုပီး အခန်းပြန်နားရုံ ရှိသေး ဖုန်းခေါ်ပီး ခုချက်ချင်း စပီတဲ့။ ပြေးရ ပြန်ပီပေါ့။
Title ကိုကြည့်ပီး စိတ်က ဟိုးးး အောက်ဆုံးထိ ကျသွားတယ်။ ကျနော့ နားထဲ ဘာမှ မကြားတော့ပါဘူး။ ကျနော်တို့ project တခု ပီးရုံ ရှိသေး နောက်တခုကို ကျနော်တို့ ဌာနကို ထပ်ပေးပြန်ပီ။ အမှန်ဆို ဒီပရော့ဂျက်တွေဟာ ကျနော်တို့ ဌာနနဲ့ ဘာမှကို မဆိုင်တာ။ အဲဒါတွေကို အော်ကြိး ဟစ်ကျယ်နဲ့ ရှင်းနေတဲ့ Manager ကို ကြည့်ရင်း ကျနော် တော်တော်စိတ်ကုန်သွားပါတယ်။ အားလုံးလည်း ကျနော့် လိုပါပဲ။ ဒီပရော့ဂျက်တွေဟာ အနည်းဆုံး သုံးလကနေ ဆယ်လထိ ကြာတတ်တယ် ကြားကာလမှာလည်း သင်းတို့ ဌာနက ဘာမှဝင်မကူတာ အရမ်းခံရခက်လှပါတယ်။ ကျနော်ကတော့ ပေတေပီး သူတို့ပြောနေတာတွေ တလုံးမှ နားထဲ မ၀င်ဖို့ ကြိုးစားရင်း ညည်းလိုက်မိပါတယ် SUCK ။
Labels: ကျနော့မှတ်စု, ခံစားချက်
ပျင်းပျင်းရှိတာနဲ့ ၀ယ်ထားပီး မကြည့်ဖြစ်သေးတဲ့ ရုပ်ရှင်ကားတွေကို မွှေကာ Kung Fu Panda ဆိုတဲ့ ကာတွန်း ကားလေးကို ကြည့်ဖို့ ရွေးလိုက်မိပါတယ်။ တခွေလုံး အစအဆုံး ကြည့်ပြီးတဲ့အခါ ဒီအခွေ ၀ယ်မိတာ ငါ့အတွက် တန်တယ်လို့ ကျေနပ်မိလိုက်ပါတယ်။ Animation တွေရဲ့ သေသပ် လှပတဲ့ လှုပ်ရှားမှုတွေနဲ့ တကားလုံး ဆွဲဆောင် သွားလိုက်တာ ရေတောင် ထမသောက် ဖြစ်အောင်ပါပဲ။ ဇာတ်လိုက် အဖြစ် သရုပ်ဆောင်တဲ့ Po ဆိုတဲ့ ပန်ဒါလေး ဟာ အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။ နောက်ဆုံး ရန်သူ ဇာတ်ကောင် Tai Lung နဲ့ ယှဉ်ပြိုင်တဲ့ အချိန်မှာ ကာတွန်း ကားပင် ဖြစ်လင့်ကစား အတော့်ကို ဆွဲဆောင်မှု ပေးလှပါတယ်။ ဒီကားက Trailer မှာတည်းက နာမည်ကြီးခဲ့တာ နာမည်ကြီးလောက်ပါတယ်လို့ ဆုံးဖြတ်လိုက်မိပါတယ်။ ကျနော်တောင် ဒီလောက်ကြိုက်နေရင် ဒီကားက တကမ္ဘာလုံးမှာ ၀င်ငွေစံချိန် ချိုးဦးမယ့် ကားလို့ ထင်လိုက်မိပါတယ်။
Labels: ရုပ်ရှင်
