''ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
ပြာမှိန်လျက် မြူချေဆိုင်း .. ။
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း'' ............ ။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။ (ထိုစာသားများကို ကိုနန္ဒ၏ Mail Forward မှ ယူကာ အသုံးပြုထားပါသည်)

အော ဘာလိုလိုနဲ့ သီတင်းတခါကျွတ်လာပြန်ပီ .. ဒီနေရာမှာ အောက်တိုဘာကို ဖြတ်လာတာ သုံးခါ တိတိရှိခဲ့ ပြန်ပီပေါ့ .. အဲဒီလို အခါသမယတွေရောက်တိုင်း ကိုယ့်နေရပ် ကိုယ့်ဌာနီကို သတိရမိတာ တအားပါပဲ ...
မိသားစု၊ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေဟာ ဒီအချိန်မှာ ခံစားမှုကို နက်နဲ စေတာပါပဲ ....

ဟိုး ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်ပီဆိုရင် ဖေဖေ မေမေ နဲ့ လိုက်ပြီး ကန်တော့ထိုက်တဲ့ သူတွေကိုလိုက် ကန်တော့ ခဲ့တာ မှတ်မိနေပါတယ်။ အဲ့လိုနေ့မျိုးဆို ၀တ်ကောင်းစားလှတွေဝတ် မနက်စောကြီး ရွှေတိဂုံဘုရားကို တက်ဖူး ဘုရားစောင်းမှာ မနက်စာ နန်းကြီးသုပ်စား နောက်တော့ ဖေဖေက သွားချင်တဲ့ နေရာမှန်သမျှ တနေကုန် လိုက်ပို့ပါတယ် လျှောက်လည် ရုပ်ရှင်ကြည့်ပေါ့ ... ညပိုင်းကျတော့ ဘိုးဘိုး၊ ဘွားဘွား၊ ဦးလေး အဒေါ်တွေကို လိုက်ကန်တော့ မုန့်ဖိုးတွေရ ပွဲဈေး လျှောက်လည် မုန့်စားနဲ့ ပျော်စရာ သိပ်ကောင်းခဲ့ပါတယ်။

အသက်အရွယ်လေး ရလာတော့ အိမ်နဲ့မသွားတော့ဘူး။
အမေနဲ့ အဖေကတော့ တနေကုန် ဘုန်းကြီးကျောင်း မှာသာ ဥပုသ်ယူရင်း အချိန်ကုန်စေတော့တယ်။ သူငယ်ချင်းတွေနဲ့ မနက်ဆို ဘုရားတက်တယ် အင်းကျီ အဖြူ ယောပုဆိုးလေးတွေနဲ့ တူညီပေါ့။ အဲ ကားထဲမှာတော့ အိတ်တွေနဲ့ ထုပ်ထားတယ် ဘောင်းဘီတွေ တီရှပ်တွေ ပါတယ်ခင်ဗျ ;D။ ပီးတာနဲ့ ကဲကြမယ်ဆိုတဲ့ အကြံနဲ့လေ။ ဘုရားဖူးပီး ပြန်လာပီ ဆိုတာနဲ့ တနေကုန် တနေကမ်း လျှောက်အလေလိုက်တော့ တာပါပဲ။ ညနေရောက်တော့ အိမ်မှာ မီးပုံးတွေ တပ် မီးပူဇော်၊ အိမ်ရှေ့ကကျောက်ခက် ပင်တွေမှာ မီးအလှ လိုက်ဆင် နဲ့ အချိန်ကုန်စေတော့တာပါပဲ။ အားလုံးပီးပီ ဆိုရင် ဒန်းလေးပေါ် ထိုင်ပီး ထိန်ထိန်သာနေတဲ့ လကြီးကို ငေးရင် တယောက်တည်း စိတ်ကူးယဉ်၊ စိတ်ပေါက်ရင် ဂစ်တာ ထတီး နဲ့ အဲလိုညမျိုးကို မအိပ်ပဲ ကုန်ဆုံးစေခဲ့ဖူးပါတယ်။

နောက် ကျနော်တို့က ပုဇွန်တောင်သားတွေဆိုတော့ ပုဇွန်တောင် သီတင်းကျွတ် ပွဲဈေးဆိုတာ နာမည် ကြီးပဲလေ တအားစည်တာ ရောက်ဖူးသူတွေ သိကြမှာပါ။ ဈေးသည်တွေ အစီအရီ ကစားနည်းတွေမျိုးစုံနဲ့ သိပ်စည်တဲ့ ပွဲဈေးတခုပါ။ ဆယ်တန်းပီးတော့ မှတ်မှတ်ရရ သူငယ်ချင်းတွေ စုပီး ပွဲဈေးမှာ ဈေးဆိုင် ဖွင့်မယ် ဆိုပီး စပ်ဆော့ကြတယ်။ အဲလိုနဲ့ စလိုက်တာဟာ တကယ်တမ်းလိုက်လုပ်တော့ မပီးတော့ပါဘူး ဈေးဆိုင်အတွက် နေရာယူရ၊ မြို့နယ်ရုံးပေါင်းစုံ သွားရ ခံဝန်ကတိတွေ များစွာ ထိုးရနဲ့ ငါးယောက်လုံး ကိုယ့်ဟာနဲ့ကိုယ် အလုပ်ရှုပ်ကုန်ပါတယ်။ အားလုံးပီးတော့ ဆိုင်ဖွင့်တာဟုတ်ပါပီ ဘာရောင်းမှာတုန်း ဆိုတော့ ၀ိုင်းစဉ်းစားရင်း Burger, Snack & Soft Drink ဆိုင်လေး ဖြစ်သွားတယ်။ နီးစပ်ရာ အသိုင်းအ၀ိုင်းကို လက်မှတ်တွေ ၀ယ်ချင်လည်းရောင်း မ၀ယ်ချင်လည်း ရောင်းနဲ့ ရှိသမျှ ကူပွန်တွေ ကုန်သွားတယ်ပေါ့ ;D ။ ကိုယ့်ဟာကို decorate လုပ်ထားတဲ့ ဆိုင်လေးကို တကယ်ဖွင့်တော့မဲ့ အဖိတ်နေ့ ညနေမှာ ကြည့်ရင်း ကြည်နူးနေကြမိတယ်။ ဒီဆိုင်လေးအတွက် ပေးထားရတဲ့ အချိန်က နည်းမှ မနည်းပဲကိုး။ တကယ်လည်း အလုပ်စရော မှာထားတဲ့ အော်ဒါတွေက တော်တော်နဲ့ မရောက်နိုင်ဖြစ်ပီး ဆိုင်က ကိုးနာရီလောက်မှ စဖွင့် နိုင်တော့တယ် ရောက်နေတဲ့ သူငယ်ချင်းတွေကို အားနာပါးနာနဲ့ လျှောက်ကြည့်ခိုင်းထားရတယ်။ အားလုံးစုံပီ ဆိုတော့မှ ကိုယ်တွေပဲ စားပွဲထိုး၊ ကိုယ်တွေပဲ ဧည့်ကြို၊ ကိုယ်တွေပဲ ဒီဂျေ ပေါ့ တယောက်တလက်နဲ့ လုပ်လိုက်ကြတာ ပင်ပမ်းလို့ ပင်ပမ်းမှန်းတောင် မသိရပါဘူး။ ဒီကြားထဲ ကိုယ်တွေလိုပဲ ဆိုင်ဖွင့်တဲ့ လသာ ဘက် သူငယ်ချင်းတွေကလည်း ဖိတ်ထားတာမို့ သူတို့ဆီလည်း ၂ယောက်လောက်ကို လွှတ်ရသေးတယ်။ မနက်ကျတော့လည်း မနားရ တယောက်က ဆိုင်စောင့် ထားရတယ် ဆိုင်မှာပဲနေပေါ့ ဒီပွဲတော်ရက်ကတော့ အဲလို စီစဉ်ထားတာ တကယ်တမ်းလည်းကျရော တယောက်တည်း မထားရက်တာနဲ့ ငါးယောက်လုံး ဆိုင်မှာပဲ နေကြ ထမင်းစားတဲ့အချိန်လောက်ပဲ အိမ်ကို ခဏပြန်ကြတယ် အိမ်တွေကလည်း တော်တော် မျက်စိ စပါးမွှေး ဆူးနေကြပီ အဟိ။ ပွဲတော်ရက်ပီးလို့ အားလုံးပြန်ချုပ်ကြတော့ နဂိုက မှန်းထားတဲ့အတိုင်း အရှုံးက ပေါ်နေတော့ သိပ်မထူးဆန်းတော့ပါဘူး စလုပ်တည်းက ကျနော်တို့ မြတ်ချင်လို့ လုပ်ခဲ့တာမှ မဟုတ်တာ ကျနော်တို့ သူငယ်ချင်းတွေရဲ့ စည်းလုံးမှု အတွေ့အကြုံ တွေကို လိုချင်လို့ လုပ်ခဲ့တာဖြစ်လို့ ကျနော်တို့ ပျော်ပျော်နဲ့ပဲ ပြီးခဲ့ကြပါတယ်။

ခုနှစ်တွေမှာတော့ ပုဇွန်တောင်ဟာလည်း ပျော်စရာမကောင်းတော့ပါဘူး။ သီတင်းကျွတ်ဆိုရင်လည်း ဘာမှန်း မသိပဲ ပြီးပြီးသွားတတ်တယ်။ အရင်လို ပျော်ပွဲ ရွှင်ပွဲ လုပ်ခွင့်မပေးတော့ဘူး ဘာကြောင့်မှန်းတော့ မသိဘူးပေါ့ နော်။ ကျနော်ကတော့ ကျနော်ဖြတ်သန်းခဲ့တဲ့ နှစ်တွေကို ပဲ သတိရနေတယ်။ ဟော အခု တခါရောက်လာပြန်ပီ ဒီနေ့ ဘာမှ ထွေထွေထူးထူး မလုပ်နိုင်တော့ သက်သက်လွတ်လောက်တော့ ဖြစ်အောင်စားမယ် ဆုံးဖြတ်ပီး သီတင်းကျွတ်လပြည့် နေ့ကို တယောက်တည်း ဖြတ်သန်းခဲ့ပါတော့တယ်။

စမ်းသပ်ခြင်း

ညီလေး မိုးသောက်ယံ က စာလုံးတွေ ကြီးလို့မရ ကြီးလိုက်ပြန်ရင်လဲ လိုင်းတွေ ပူးပြီးကပ်သွားတယ် ဆိုလို့ ဒီစာလေး တွေ ကို ရိုက်ပြီး စမ်းကြည့်လိုက်ပါတယ် အဆင် ပြေလား မသိဘူး လာရောက် လည်ပတ်သူများ ဝေဖန် ပေးကြပါအုံး ခင်ဗျာ...။

အကိုကြီးလင်းထက်

အမ လုပ်တဲ့သူ မ၀ါက တက်ဂ်လာပြန်တော့ အဟင်း ရေးရဦးမှာပေါ့။ အို .. ဘယ်လို .. ဘယ့်နှယ် .. ခေါင်းစဉ်က ဖြစ်သလိုလေးပဲ စားလိုက်ပါတယ်တဲ့။ အဟဲ တွေ့ကြပီပေါ့ ... မိုးသောက်ယံတို့ လာလည်ပတ်တဲ့ လူအပေါင်း စိတ်ဆင်းရဲ ရလောက်အောင် ငိုပြရဦးတော့ မှာပေါ့ အဟင်း အဟင်း .. (ရင်းနှီးတဲ့သူတွေကတော့ ဒီလိုရီရင် ခပ်ဝေးဝေးက ရှောင်ကြတယ်ဗျ :D)

သင်္ဘောပေါ် နေတဲ့ လူကို ဒါမျိုး လာတဂ်တော့ ပြောပြ ရမှာ ပေါ့ဗျာ။ သင်္ဘောသား ဆိုရင် နဂိုတည်းက အစား အသောက်က မကောင်းတတ်တာ ကြားဖူးနားဝ ရှိဖူးကြမှာပါ။ ကျနော်ကိုယ်တိုင်လဲ သင်္ဘောပေါ် မရောက်ခင် တည်း က ဒီလို ကြားဖူးခဲ့ပါတယ်။ အမယ် ငါက ဂျေးများတဲ့ သူမှ မဟုတ်တာ ဖြစ်သလို စားတတ်တာပဲ။ ဘယ်လောက်များ ဆိုးမှာမို့လဲပေါ့။ တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ တွေ့တဲ့ အခါမှသာ အမေရေ လို့ ငိုမိတော့တာပါပဲ။ စတက်ခါစကတော့ အမယ်လေး ကောင်းလိုက်တဲ့ အစားအသောက်တွေပေါ့ လက်ရာသစ်ကိုး နောက်တလ လောက်နေတော့လည်း ဟင်င် ဒီဟင်းတွေပဲ ၁ နှစ်ကျော်လာတော့လည်း အလို ဒီဟင်းတွေပဲလား ခု ၂ နှစ်ကျော် သုံးနှစ်တည်းရောက်လာတော့ ကြည့်မနေပါနဲ့ကွာ မနေ့ကဟင်းပါပဲလို့ ညည်းယူရလောက် အောင် တော်တော့ကို အခြေအနေဆိုးတာပါ။ ဗမာ chef တွေရှိပါရဲ့ ဟင်းတွေကတော့ စားမကောင်း ...... (စေတနာမပါလို့ နေမယ်ထင်တာပဲနော့)။ တခြားလူမျိုးတွေအစာ စားကြည့်တော့လည်း အာမတွေ့လှ။ အမယ် သူတို့ဘာသာ ချက်စားတဲ့ ဟင်းဝိုင်းနဲ့ တိုးလို့ကတော့ ကံထူးတဲ့လူရယ်လို့ သတ်မှတ်ကြပါတယ်။ ဘာလို့တုန်း ဆိုတော့ ကောင်းလိုက်တာမှ တကယ့် ရွှေလက်ရာ တကယ့် အိမ်ဟင်းရယ်လို့ ပြောထွက်ရ လောက်အောင် လက်ရာကောင်းပါတယ်။ သဘောပေါက်လိုက်ပါတယ် အများချကျွေးတာ ဘာလို့ မကောင်းလဲ ဟင်လို့ မေးလိုက်ရင် ကိုယ့်ရှေ့က ဟင်းခွက်လေး ပျောက်သွားမှာစိုးလို့ မမေးရဲပါဘူး။

အဲဒိတော့ကာ ကျနော်တို့အတွက် စားချင်ရင် ဒီသင်္ဘောပေါ် တက်လာမဲ့သူကို မျှော်ရပါတယ်။ အဲ ရှိလာပီဟဲ့ ဆိုရင် အိမ်ကို ဖုန်းဆက် အမေရေ ဒါလေးတော့ လုပ်ပါဦး ဘာဦး နဲ့ မှာရတော့ တာပါပဲ။ အဲလို လူကြုံ ပါလာပီ ဆိုမှ ကိုယ့်ဆီကဟာ သူ့ဆီကဟာရယ်လို့ လဲလှယ်ပီး အလွမ်းဖြေရပါတယ်။ ပုံမှန် တက်မဲ့ လူမရှိလို့ကတော့ ထုံစံအတိုင်း Cafeteria သွားပီး ဘာဟင်းလေးများ ချမလဲရယ် .. ဒီနေ့တော့ ဟင်းကောင်းတန်ပါရဲ့ .. အင်း .. မနေ့ကတော့ မကောင်းဘူး ဒီနေ့သေချာတယ် ကောင်းရမယ်လို့ လောင်းကာရယ် .. သွားကြ နောက်တော့ ဟင်င်င် ဒါပဲဟ ဆိုကာ ရေနဲ့မျှော။ တခါတလေ ခေါက်ဆွဲဘူးတွေ ပါကင်လိုက် ၀ယ်ထားကာ မနက် ခေါက်ဆွဲ ညခေါက်ဆွဲနဲ့ ပီးခဲ့ရတဲ့ နေ့တွေဟာ ခုဆို လူက ခေါက်ဆွဲဖောတောင် ဖောနေရောပေါ့။ (ဘ၀က ဆိုးတယ် နော် အဟွင့် အဟွင့်)။

ကဲ ဖြစ်သလို စားရတယ်ဆိုတာ အဲလိုပါပဲဗျာ။ မ၀ါ တဂ်လို့ ရေးလိုက်ပါပီ။ ခု ရေးနေတာတောင် ခေါက်ဆွဲဘူး လေးနဲ့ဗျ။ :P နောက် ဆက်တဂ်ချင်တဲ့သူတွေကတော့ ပီးနတ်ငယ် နဲ့ ကောင်မလေး ပါပဲ ရေးပေးကြပါဦးလို့။

အဖေ့ ထံသို့ ....

သို့
ဖေဖေ .. ဘာလိုလိုနဲ့ ကိုးနှစ်တောင် ရှိခဲ့ပီနော်။ ဖေဖေ သားတို့ကို စွန့်ခွာပီး အဝေးကို ထွက်သွားခဲ့တာ ကိုးနှစ်တောင် ရှိခဲ့ပီပေါ့။ အချိန်တွေ အကုန်မြန်လိုက်တာ ဖေဖေရယ် ကိုးနှစ်ဆိုတာ သားမျက်လုံးထဲမယ် မနေ့ တနေ့ကလိုပါပဲ။ ခုထက်ထိ ဖေဖေ့ ဈာပန အခမ်းအနားကို မေ့မရနိုင်သေးပါဘူး။ မေမေ့ မျက်ရည်တွေ၊ ညီလေး ၂ ယောက်ရဲ့ မျက်ရည်တွေ ဒါတွေကို မြင်ပီး သားရဲ့ရင်ထဲက ဆုံးရှုံးမှုက ဘာနဲ့မှ အစားထိုးမရခဲ့ပါဘူး။ အဲ့ဒီတုန်းက သားတယောက်ပဲ မျက်ရည် မကျခဲ့ဘူးနော်။ ဒါကို ဖေဖေ အပြစ်တင်မှာလား သားကိုနားလည်ပီး ပြုံးကြည့် နေခဲ့မှာလား ဆိုတာ သား အမြဲ တွေးနေခဲ့ မိတယ် ဖေဖေ။ တကယ်တော့ သားမျက်ရည် မကျခဲ့တာဟာ ဖေဖေ့ကို မချစ်လို့ မဟုတ်ပါဘူး ငိုနေတဲ့ မေမေနဲ့ ညီလေးတွေကို ကြည့်ပီး သားဟာ အဖေ့ နေရာကို ၀င်ရပ်ရတော့မယ် တာဝန်ကြောင့် ပျော့ညံ့တဲ့ စိတ်ဓာတ်ကို အနိုင်မပေးခဲ့တာပါ ဖေဖေ။ ဒါပေမဲ့ သားရင်ထဲမှာ ငိုနေတာကို တော့ ဘယ်သူမှ သိနိုင်ခဲ့မယ် မထင်ပါဘူး။ အဲ့ဒီတုန်းက မကျခဲ့တဲ့ မျက်ရည်ဟာ သားအတွက် နောက်ပိုင်းမှာ ပြသနာတခုခု ကြုံရလို့ ဖြေရှင်းရတိုင်း ဖေဖေ့ကို သတိရတမ်းတ ခဲ့တဲ့အခါ သားဟာ အိပ်ယာ၊ အိမ်သာ၊ ရေချိုးခန်းစတဲ့ နေရာတွေမှာ မေမေနဲ့ ညီလေးတွေ မသိအောင် ခိုးငိုခဲ့ရတာပေါ့။

ဖေဖေ ရှိစဉ်အခါ က ချာတိတ်အရွယ် သားဟာ ခုအခါ လူလားမြောက်ခဲ့ပါပီ ဖေဖေ။ လောကကြီးက ပို့ချတဲ့ သင်ခန်းစားတွေကို သား သင်ယူခဲ့ပီးပါပီ။ တချို့တွေက ခါးသီးခဲ့သလို တချို့က ချိုမြိန်ပါတယ်။ ရွယ်တူ သူငယ်ချင်းတွေ ပျော်တိုင်း သားဟာ မပျော်ပါးနိုင်ခဲ့ပါဘူး တခုခုလုပ်ချင်တိုင်း ညီလေး ၂ယောက်ကို ဦးစား ပေးခဲ့ပါတယ်။ ဒါတွေအတွက် သား နစ်နာတယ်လို့ တခါမှ မယူဆခဲ့ပါဘူး ဂုဏ်တောင် ယူပါသေးတယ်။ သား အကိုကြီး တယောက်ရဲ့ တာဝန်ကျေချင်တယ် ဖေဖေ။ ဖေဖေကိုယ်တိုင်လည်း ဖေဖေ့ရဲ့ ဆန္ဒတွေကို ဘေးဖယ် မိသားစု အတွက်သာ ဦးစားပေးခဲ့တာ မဟုတ်လား။ ဖေဖေ့သား ကျနော်က ဖေဖေ့ ခြေရာကို ဘာလို့ မနင်းနိုင် ရမှာလဲ။ ဘာပဲပြောပြော ဖေဖေ ဆုံးမခဲ့တဲ့ ငါ့သားကြီးက ပျော့ညံ့တယ် ပြသနာတခုကို လွယ်လွယ် အရှုံးပေးချင် တယ် ပြသနာတိုင်းကို သေချာကိုင်တွယ်ပီး ထွက်ပြေးဖို့ မစဉ်းစားပဲ တယောက်တည်း ဖြေရှင်း နိုင်အောင် ကြိုးစားဆိုတဲ့ စကားတွေကို သားတသက် မေ့ရမှာ မဟုတ်ပါဘူး။ ဒါတွေဟာ သားအတွက် အားအင်တွေပါ ဖေဖေ။ ဒါပေမဲ့ သားဟာ ပြသနာတခု ဖြေရှင်းပီးတိုင်း စိတ်ဓာတ်က အောက်ခြေအထိ ထိုးကျပီး လူလောက ကနေ ဖေဖေ့လို အဝေးဆုံးကို ပြေးထွက်ချင်မိတဲ့အထိ ဖြစ်ပျက်ခဲ့ရတာတွေဟာ သားဟာ ပျော့ညံ့ဆဲ ဆိုတာ သား ၀န်ခံပါတယ်။ အဲ့လို အချိန်တွေတိုင်း ဖေဖေ့ ဆီက ငါ့သားကြီးက တော်လိုက်တာ လိမ်မာလိုက်တာ ဆိုတဲ့ အားပေးစကားတွေကို အရမ်း တမ်းတမိတယ် ဖေဖေ။ အဲဒီအသံတွေသာ သားကြားရရင် သားရဲ့ အားအင်တွေ ပြန်ပြည့်လာမှာ အမှန်ပါပဲ။

ဖေဖေ မရှိတဲ့ နောက်ပိုင်း သားဟာ သားတို့မိသားစုလေးကို စည်ကားပျော်ရွှင် ရအောင် တတ်နိုင်သမျှ ကြိုးစား ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖေ့ကို တော့ ဘယ်မှီပါ့မလဲနော်။ မှတ်မိသေးတယ် ဖေဖေ သားတို့မိသားစု စနေ၊ တနင်္ဂနွေတိုင်း မနက်ဆို ဖေဖေ ချက်ကျွေးတဲ့ ထမင်းကိုစား ညနေဆို လျှောက်လည် ကြတဲ့ အချိန်တွေကို သား မှတ်မိနေသေးတယ်။ အော် ဖေဖေ့ ကို သားတိုင်ပင်စရာ ပြောပြစရာ ရှိနေသေးတယ် သားလေ သားအတွက် ရင်ခုန်နှုန်းမြန်စေတဲ့ ကောင်မလေး တယောက် တွေ့နေပီ ဖေဖေ။ ဖေဖေ့ကို ပြရင် ဖေဖေ သဘောကျမဲ့ အလိမ်မာလေးပါ။ ဒါပေမဲ့ သူက သားကို ပြန်မချစ်နိုင်တာလည်း သိနေတော့ မပြတော့ဘူးနော်။ ဘာလို့လည်း လို့ မေးရင်တော့ နားလည်မှုလို့ ပဲ ပြောရမှာပဲ ဖေဖေ .. ဖေဖေကတော့ ပြုံးပီး ကြည့်နေမလားပဲ ဒီလို ပြောပြတာဟာ သားမရိုသေတာ မဟုတ်ရပါဘူးဖေဖေ သားကို သူငယ်ချင်းလို ပေါင်းတဲ့ ဖေဖေ့ကို ပွင့်ပွင့် လင်းလင်း တိုင်ပင်တာပါ။ ထားလိုက်ပါတော့ ဒီကိစ္စအတွက် သားတကယ်ကို အချိန်မပေးနိုင်သေးပါဘူး။ ညီလေး တွေအတွက် သားအများကြီး ကြိုးစားရဦးမယ်။ ဖေဖေသူတို့ နားမှာ မရှိတဲ့အတွက် သူတို့ မျက်နှာ မငယ်စေချင် ဘူး ဖေဖေ။ တကယ်ဆို သားဟာ ဖေဖေနဲ့ ၁၄ နှစ်ဆိုတဲ့ အတိုင်းအတာထိ ဖေဖေ့ မေတ္တာကို ရခဲ့သူပါ။ ညီလေးတွေကတော့ သားလိုမဟုတ်ဘူးလေ ဒီလိုစဉ်းစားတိုင်း သားညီလေးတွေကို အရမ်း သနားမိပါတယ်။ အဲဒါ ကြောင့် သားညိလေးတွေကို အစစအရာရာမှာ အလိုလိုက်ခဲ့ပါတယ်။ ဒါကြောင့်လားမသိဘူး ကိုဖြိုး တော်တော် ဆိုးတယ် ဖေဖေ ဒါပေမဲ့ စိတ်မပူပါနဲ့ သားကိုင်တွယ်နိုင်မှာပါ။ ငယ်လေးကတော့ အရမ်း လိမ်မာတာပဲ ဖေဖေ စာတော်တာ နောက် လူကြီးဆန်တာ တအားပဲ။

မေမေလား မေမေကတော့ တကယ့်မေမေပါပဲ။ ဖေဖေမရှိတဲ့နောက် သားသုံးယောက်ကို မျက်နှာမငယ်ရအောင် သူများတွေနဲ့ တန်းတူ နေနိုင်အောင် မေမေ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ထင်ပါရဲ့ မေမေရဲ့ ခေါင်းမှာ ဆံဖြူတွေ များလာလေရဲ့ ဖေဖေရှိသေးရင် နှုတ်ပေးရင် စဦးမလားပဲ :) ။ ဆွေမျိုး အသိုင်းအ၀ိုင်းတွေရဲ့ နှိပ်ကွပ်မှုကို ကြံ့ကြံ့ ခံကာ မိသားစု မပြိုကွဲရအောင် မေမေ ကြိုးစားခဲ့ပါတယ်။ သားက ဒီကိတ်စတွေကြောင့် ဒေါသထွက်ကာ ဆွေဖြတ် မျိုးဖြတ်မယ် လုပ်တိုင်း မေမေက လေသံအေးအေးလေနဲ့ သီးခံနိုင်ဖို့ကို ဆုံးမပါတယ်။ မေမေ့ ဆီက သား ရခဲ့တာကက သီခံနိုင်ခြင်းပါပဲ။

ဖေဖေ့အတွက် ကိုးနှစ်ပြည့်ကို သားတို့ အရင်နှစ်တွေလိုပဲ အိမ်မှာ ဘုန်းကြီး ဆွမ်းကျွေး တရားနာ လုပ်ခဲ့ပါတယ်။ သားတို့ ပြုသမျှ ကုသိုလ် အစုအဖို့ပါကကို ဖေဖေ ရောက်လေရာ ဘ၀ကနေ သာဓု ခေါ်နိုင်ပါစေ။ သားကတော့ အဝေးကနေပဲ သာဓု ခေါ်နိုင်ခဲ့ပါတယ်။ သားတို့ မိသားစုရဲ့ ရင်မှာ ဖေဖေဟာ ဘယ်တော့မှာ ပျောက်ကွယ် မသွားပဲ အမြဲကိန်းအောင်း နေမှာပါ။ ဖေဖေဟာ သားတို့ကို စောင့်ရှောက်နေတဲ့အတွက် ဖေဖေ ချစ်တဲ့ သားတို့ ဟာ ဒီထက် အောင်မြင်ကြဦးမှာပါ။ ဖေဖေ့ ဆန္ဒတွေဟာလည်း ပြည့်ဝလာရမှာပါ။ ဖေဖေ့ကို သားဒီနေရာကနေပဲ ဦးချ ကန်တော့လိုက်ပါတယ် ဖေဖေ။

ဖေဖေ့ ချစ်သားကြီး

ဒီ ပို့စ်လေးကို ဖတ်ရင်း ဖတ်ရင်းက ရေးချင်တာနဲ့ ရေးလိုက် မိပါတယ်။ ဘယ်သူတဂ်လဲ မေးရင်တော့ ကိုရန်အောင်ကြီး တဂ်တယ် လို့သာ ပြောပါတဲ့ :D။

ကိုယ့်ရဲ့ နာမည်

မိုးသောက်ယံ တဲ့ ဘယ်သူကမှ မပေးပေမဲ့ ကိုယ့်ဟာကို ကြိုက်လို့ ပေးလိုက်မိတဲ့ နာမည် လှလှလေး တခုပါ။ (ကိုယ့်ဟာကိုယ် ပေးတာပဲနော် လှတာပေါ့ :P )

ကိုယ့်ကို ဒီလိုခေါ်တယ်

အမေကတော့ သားကြီးတဲ့၊ ညီလေး ၂ ယောက်က ကိုကြီးတဲ့၊ သူငယ်ချင်းတွေကတော့ နာမည်ပြောင်တွေ ခေါ်တာ များပါတယ်။ သင်းတို့က စိတ်ကောင်းဝင်နေချိန်ဆို ယောက်ဖ (သူတို့ပေးရမှာနော် ကျနော့်မှာ ညီချည့်ပဲ သိတာ သူတို့ သိတယ် :P )၊ ချော့ကလက် (မင်း အသားရည်က မည်းတာလဲ မဟုတ်ဘူးတဲ့ ညိုကို ညိုတာပါတဲ့ တခုခု ကျွေးခါနီးတိုင်း အဲ့လိုကို ပြောတာ)၊ တခါတလေ ပွတ်တီး လို့ခေါ်သေးတယ် (အဲ့နာမည်က လေးတန်း လောက်တည်းက သယ်ရင်း တကောင်က စပ်ဆော့ပီး ပေးထားတာ ဘာရည်ရွယ်မှန်း မသိဘူး)၊ သင်းတို့ ဒေါသ ထွက်တဲ့ အခါမှာတော့ ငမဲ တဲ့ တလုံးတည်းကို ပိတ်ခေါ်တာ .. ကောင်းရော ။

ကိုယ်ဒီမှာနေတယ်

လောလောဆယ် ထိတော့ ရပ်တည်မှု ဆိုတာ မည်မည်ရရ မရှိသေးပါဘူး။ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးပေါ်မှာ သေးငယ်တဲ့ နေရာထိုင်းခင်းတခု အတွက် ရုန်းကန် နေရဆဲ ပါပဲ။

ကိုယ့်ဆီဖုန်းဆက်ချင်ရင်

လူကြီးမင်း ခေါ်ဆိုနေသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာ ပြင်ပ ရောက်ရှိနေပါသဖြင့် ခေါ်ဆိုရွေ့ မရနိုင်ပါ ခင်ဗျာ။ :D

အရောင်ဆိုရင်

အရောင် ခပ်နုနုတွေ ကြိုက်တယ်။ ကျနော့် အ၀တ်အစားတွေဟာ ကာလာစုံများတယ်။ တခါတလေတော့လည်း အဖြူ နဲ့ အမဲကို မုန်းလောက်အောင်ကို ၀တ်တယ်။ အကြိုက်ဆုံးက အစိမ်းရောင်ပါ မိုးရွာပီးစ လန်းနေတဲ့ သစ်ရွက်စိမ်းစိမ်း လေးတွေရဲ့ အရောင်မျိုးပါ စိတ်ကြည်လင်မှုကို ပေးနိုင်လို့ ကြိုက်မိတာပါ။

အ၀တ်အစားဆိုရင်

တီရှပ်နဲ့ ဂျင်းဘောင်းဘီသာ အ၀တ်များပါတယ်။ ကြယ်သီးတွေ တပ်ရတဲ့ ရှပ်အင်္ကျီ တို့ ဘောင်းဘီ ကြယ်သီး တပ်ရ တဲ့ 501 လို ဘောင်းဘီမျိုး ကျနော်မ၀တ်ပါဘူး။ ပုဆိုးကို ဘုရားကျောင်းကန် တက်တဲ့ အချိန်နဲ့ ကျောင်းတက်ရတဲ့ အချိန်တုန်းကသာ ၀တ်ခဲ့ပါတယ်။ ပုဆိုး ၀တ်လိုက်တိုင်း စိတ်ထဲ မညီဘူးရယ်လို့ ခံစားမိလို့ပါ။ ပုဆိုးလဲ မမြဲဘူးဗျ။ :D ကျနော်အကြိုက်ဆုံး brand တွေက Valentino, Crocodile, Hush Puppies အစရှိတဲ့ တံဆိပ်တွေပါ (ပြောရတာ အရသာကို ရှိနေတာပဲ) :D။

ကိုယ့်ကိုယ်ကို ဘာစတိုင် ၀တ်တယ်ရယ်လို့ မသုံးသပ်ဖူးတာ အမှန်ပါ။ Rapper တွေလို ပွပွကြီး မ၀တ်ပေမဲ့ များသော အားဖြင့် ပွပွ ရှိတာကို ၀တ်ဖြစ်ပါတယ်။ အရမ်း Fit ဖြစ်တာမျိုးမကြိုက်ပါ။ တခါတလေတော့လည်း အောက်က ဘောင်းဘီ အပွနဲ့ တီရှပ် Fit ဖြစ်တဲ့ဟာမျိုးကို ၀တ်ဖြစ်ပြန်ရော။

အစားအသောက်ဆိုရင်

စားကောင်းတာ မှန်သမျှ အကုန်စားပါတယ်။ တော်တော်များများ ကြိုက်ပါတယ် သိပ် ဂျေးမများတတ်ပါဘူး။ ထမင်းဟင်း ဆိုလည်း သူ့ဟာနဲ့ အစပ်အဟပ် တည့်ရင် မြိန်ရင် စားတာပါပဲ။ အသုပ်စုံ၊ ကောက်ညှင်းပေါင်း အရမ်းကြိုက်တယ် နောက် ရှမ်းစာ တော်တော်များများ ကျနော် ကြိုက်ပါတယ်။ ကျနော် မကြိုက်တာဆိုလို့ ရွှေဖရုံသီး နဲ့ ကြက်မောက်သီးပါ ငယ်ငယ်တည်းက ခုချိန်ထိ အဲဒါတွေကိုမြင်ရင် ပျို့သလိုလို ဘာလိုလိုဖြစ်လို့ တသက်နဲ့ တကိုယ် ခုချိန်ထိ မစားဖူးသေးပါဘူး။

ပစ္စည်းဆိုရင်

ကျနော်က ပစ္စည်း ဆန်းဆန်း တော်တော်ကို ကြိုက်တတ်ပါတယ်။

သီချင်းဆိုရင်

သီချင်းလား ဘာလာလာ ဒေါင်းတယ်ခင်ဗျာ။ သိပ်ပြီးမဆူညံဘူး ခံစားလို့ရတယ် အဓိပ္ပါယ် ရှိတယ်ဆို အကုန် နားထောင်ပါတယ် Classic ကအစ နောက်ဆုံး Rap, Hiphop ထိ နားထောင်ပါတယ်။ မြန်မာသီချင်းကြီး ထဲက ကြိုက်မိတာက နတ်သျှင်နောင် ဆိုတာနဲ့ ဆောင်းအမှီ ဆိုတဲ့ သီချင်းတွေပါ မူရင်းအဆိုတော်တွေကိုတော့ မမှတ်မိတော့ပါဘူး။ တခြား တော်တော်များများလည်း နားထောင်ဖူးပါတယ်။ ငယ်ငယ်က အမေက အမြဲ ရေဒီယို ဖွင့်နားထောင်တော့ နားထဲယဉ်နေတာပါ။

စာရေးဆရာ

ချစ်ဦးညို၊ မြသန်းတင့်၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစံ၊ နီကိုရဲ၊ အကြည်တော်၊ မောင်မိုးသူ တော်တော်များများ ကို ကြိုက်ပါတယ်။

Life Style

သိတတ်တဲ့ အရွယ်မှာ ဘ၀ဆိုတာ နေစရာ နေရာတခု၊ စားစရာ စတာတွေ အတွက် တိုက်ပွဲ ၀င်နေရတဲ့ အရာ တခုလို့ပဲ မြင်တော့တယ်။ အေးအေးချမ်းချမ်း နေရတဲ့ ဘ၀မျိုး လိုချင်တာပေါ့ဗျာ မဟုတ်ဘူးလား။

ဝါသနာ

ရေကူး၊ တင်းနစ်စ်၊ ဘောလုံးကန်၊ စာဖတ်၊ ခရီးသွား စတာတွေပါ။ ခရီးသွားတာ ဘယ်လောက်များ ၀ါသနာပါလဲဆို အိမ်က တော်ရုံဆို ခရီးပေးမထွက်ပါဘူး။ အဲ အမေက သူစိတ်ဆိုးရင် အိမ်ပေါ်က ဆင်းသွားလို့ ပြောတတ်ပါတယ်။ အဲ့စကားကို ထိထိမိမိ အသုံးချတတ်တာ ပထမနှစ်မှာပါ အဲ့တခေါက်က အမေက အဲလို ဆင်းလို့လည်းပြောရော ထည့်ထားတဲ့ အထုပ်နဲ့ ခပ်တည်တည် ဆင်းသွားတာပါ။ မေမေကတော့ နောက်လမ်းက ဘကြီး အိမ်မှာ သွားနေတယ်ပဲ ထင်တာပေါ့။ အရင်ကလည်း ဒီလိုပဲကိုး ကျနော်က လစ်သွားတာခင်ဗျ လစ်သွားတာ:D။ သူငယ်ချင်း တယောက်ကို အဖော်စပ်ပီး ကျိုက်ထီးရိုး ဘုရားရောက်သွား ခဲ့ပါတယ်။ ပြန်လာတော့ အဆူခံပေါ့။ ဒါမျိုး ၂ ခါ ၃ခါ လောက် လုပ်ပြီးတဲ့ အခါမှာ မေမေ ကျနော့်ကို ဘယ်မှ ဆင်းမသွားခိုင်းတော့ပါဘူး :P ။

အလိုချင်ဆုံး လက်ဆောင်

အင်း .. ခုချိန်မှာ ဒီမေးခွန်းကို မေးရင်တော့ .. ကျနော် ချစ်နေတဲ့ ကောင်မလေး ကျနော့်ကို အမြန်ဆုံး နားလည်နိုင် ပါစေဆိုတဲ့ လက်ဆောင်ပဲ။ သူက ကျနော့်ကို နားလည်တာ သိပ်နည်းနေတယ်ဗျ။

ကိုယ့်ရဲ့ အချစ်ဆုံးသူက

၅၂၈ မှာ ဖေဖေ မေမေ ပေါ့။ ၁၅၀၀ မှာတော့ ….. ။

ကိုယ့်ရဲ့ အမုန်းဆုံးသူက

မရှိသေးပါဘူး လူတယောက်ကို ကြာရှည် စိတ်မဆိုးတတ်တဲ့ ကျနော့ အတွက် မုန်းရမဲ့ သူဆိုတာ မရှိသေးပါဘူး။

ကိုယ့်ရဲ့အလေးစားဆုံးသူ

ဖေဖေပါ ဖေဖေဟာ သူ့ဘ၀မှာ သူဖြစ်ချင်တာတွေ တော်တော်များများကို အဆုံးရှုံးခံပြီး သူချစ်တဲ့ သူတွေအတွက် ဆန္ဒ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖေဖေ့လိုဖြစ်အောင် ကြိုးစားချင်ပါတယ်။ မလွယ်လှပါဘူး။

ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်း

အားလုံးပါပဲ။

ကိုယ့်ကို အများဆုံး နားလည်ပေးတဲ့သူက

မရှိဘူးထင်တယ် ၀မ်းနည်းရဆုံး ကိစ္စ တခုပါ။ ကျနော်လူတော်တော်များများကို နားလည်ပေမဲ့ လူ တော်တော် များများ က ကျနော့ကို နားမလည် ကြပါဘူး။

ရင်အခုန်ဆုံး အချိန်

မိန်းခလေးတယောက်ကို ချစ်မိနေပြီလို့ သိလိုက်ရတဲ့ အချိန်။ ကိုယ့်လူတို့လည်း ကြုံဖူးမှာပါ တော်တော် Romantic ဆန်တယ်ဗျာ။

အကြောက်ဆုံးအချိန်

လူတယောက်ယောက်နဲ့ ပြိုင်နေရတဲ့အချိန်။ ကျနော် ရှုံးမှာကို တော်တော် ကြောက်ပါတယ်။ အသေးအဖွဲက စလို့ပေါ့။ အဲလို ရှုံးမှာ ကြောက်တတ်တဲ့အတွက်ကြောင့် နေရာတော်တော်များများ မှာ ကျနော် ရှုံးနိမ့် ခဲ့ရပါတယ်။

အမှတ်တရနေ့

အောက်တိုဘာ ၅ ရက်၊ ၂၀၀၀ ခုနှစ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်

မပူမပင် မကြောင့်မကျ နေနိုင်တဲ့ ဘ၀လေးတခု ကို တောင့်တမိတယ်။ နောက် သူမနဲ့ ကျနော့် အကြား ကျနော်က ချစ်နေပါတယ်လို့ ဖွင့်မပြောပဲ တယောက်နဲ့ တယောက် အပြန်အလှန် နားလည်နိုင်ဖို့။

ပထမဆုံး နေခဲ့သည့် ကျောင်း-အမက (၁၆) သင်္ဃန်းကျွန်း။

ပထမဆုံး ရခဲ့သည့် မုန့်ဖိုး -ငါးကျပ်။ လေးတန်းကျောင်းသား ဘ၀အရွယ်၊ ဘာလုပ်ပစ်တယ် ထင်တုန်း ဂေါ်လီရိုက်ပစ်လိုက်တယ်ဗျ။ ;D

ပထမဆုံး စီးဖူးသည့် ဘတ်စ်ကား-ကိုယ်ပိုင်ကားမှ မရှိပဲဗျာ၊ ငယ်ငယ်လေးတည်းက စီးတာဆိုတော့ မမှတ်မိတော့ဘူး :P

ပထမဦးဆုံး ကျောင်းပြေးဖူးသည့်အချိန်-အဲ ခက်ပီ .. ကျနော်က ကျောင်းပျော်ဗျ၊ တကယ့်ကို တခါမှ မပြေးဖူးပါဘူး။ နေမကောင်းရင်တောင် တော်ရုံတန်ရုံဆို ရောက်အောင်သွားတယ်။

ပထမဆုံး ဂစ်တာတီး သင်ရင်း ဆိုခဲ့သည့်သီချင်း-ကလေးရယ် ပါ အဲလက်စ် သီချင်းလေးပါပဲ။ round chord ပဲမို့ လွယ်ပါတယ်။

ပထမဆုံးထိုင်ဖူးတဲ့ လက်ဖက်ရည်ဆိုင်-ဒါလည်း တော်တော် စဉ်းစား ရတယ်ဗျ၊ လက်ဖက် ရည်ဆိုင် သိပ် မထိုင် ဖြစ်ပါဘူး။ ဆယ်တန်း ကျောင်းသား ဘ၀မှာ ကျူရှင်တက်ရင်း ထမင်း သွားစားတော့ သူငယ်ချင်းတွေနဲ့ ထိုင်တယ်။ ရေကျော် ဗိုလ်ချုပ်လမ်းမှာပါ သုံးပန်လှ လို့ ခေါ်ပါတယ်။ နောက်ပိုင်းလည်း ထိုင်ဖြစ်ပါတယ် သူငယ်ချင်းတွေနဲ့ ဆိုရင်ပေါ့။

ပထမဆုံးသောက်ဖူးသည့် စီးကရက်-ဆေးလိပ် သောက်ဖူးဗျ ကြိုက်ဘူး အနံ့ကို ခံရခက်လို့။

ဆေးပေါ့လိပ်-ပိုဆိုးတာပေါ့ဗျာ ;D

ပထမဆုံး ရည်းစားထားဖူးသည့်အချိန်-ကိုးတန်း ကျောင်းသားဘ၀မှာပါ တနှစ်လုံး အသေအလဲ လိုက်ပြီး ဆယ်တန်းကျောင်း စတက်တဲ့အချိန်မှ အိုကေခဲ့တာပါ။

ပထမဆုံး ဖတ်ဖူးသည့် ၀တ္ထုစာအုပ်-စာတော်တော် ဖတ်ဖြစ်ပါတယ် ဒါမဲ့ မေ့ပီဗျာ ပထမဆုံး ဘာဖတ်လည်း ဆိုတား( ။

ပထမဆုံး ဖတ်ဖူးသည့် ဘာသာရေးကျမ်း-ဦးဆန်းလွင် ရေးတဲ့ ဗုဒ္ဒဘာသာဝင်တွေ ယုံကြည်တာက ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ ညွှန်းပါတယ် ဖတ်သင့်ပါတယ်။

ပထမဆုံး အရက်မူးဖူးသည့် အချိန်-ကျနော် သင်္ဘော တက်မယ် ဆိုတော့ မထွက်ခင် တည အလို ကျနော်တို့ သယ်ချင်းတစု ဘီယာလေးပုလင်း ၀ယ်ပြီး ဗိုလ်တထောင် ဆိပ်ကမ်းမှာ ဂစ်တာတီးရင်း သွားသောက်ခဲ့ကြတယ်။ အားလုံးက တကယ့်ကို အဲ့အချိန်မှ စသောက်ဖူးတာပါ မူးတယ် မဆိုသာပေမဲ့ ရီရီလေးနဲ့ ကောင်းနေတာပေါ့ဗျာ အဟတ် ဟတ် :P ။

ပထမဆုံး ပစ်ဖူးသည့် သေနတ်-ဘော်ဘော်တွေနဲ့ လေသေနတ် ပစ်တမ်း ကစားတော့ ကိုင်ဖူးတာ လေသေနတ် ပစ်စတိုလေးပေါ့ ;D ။

ပထမဆုံး ရောက်ဖူးသော နိုင်ငံခြား-မလေးရှားပါ ။

ပထမဆုံး ရေးခဲ့သော ဘလော့ပို့စ်-တခါတုန်းက ဆိုတဲ့ ကဗျာလေးပါ ။

ကဲ အကိုလင်းထက် ကောင်းမှုနဲ့ ရေးစရာ ပျောက်နေတဲ့ ကျနော် ရေးစရာရ သွားတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ် အကိုလင်းထက်။ ကျနော်ကလည်း လက်ထဲ တုတ်ရရင် အညိမ်မနေ တတ်ဆိုတော့ ကျနော့် သယ်ရင်းလေး ခုဘလော့ဂ် ပါ့တနာလေး ပီးနတ်ကို တဂ်ပါမယ်။ ရေးပေတော့ :P ။ (ရေးလို့ အဆင်ပြေပါ့မလားတော့ မသိ ငါကတော့ တက်ဂ်လိုက်တယ် ဘာပဲဖြစ်ဖြစ် ဖြစ်အောင်ရေးနော် .. ပထမဆုံးတွေ သိချင်လို့ :P)

Crew Party ..

ဒီနေ့ဟာ ကျနော်တို့ Crew တွေရဲ့ Party Day ပါ။ ကျနော်တို့ သင်္ဘောပေါ်မှာ Crew Party ကို ၂လ တကြိမ် ပထမအပတ် သို့ ဒုတိယ အပတ်မှာ ကျင်းပပေးလေ့ရှိပါတယ်။ Crew Party ဆိုလို့ သိပ်ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနားတော့ မဟုတ်ပါဘူး။ ကိုယ့်ဆီက ၀န်ထမ်းတွေ စားကြသောက်ကြ ပြိုင်ပွဲလေးတွေလုပ်ကြ ဒီလောက်ပါပဲ။ ပျော်စရာတော့ ကောင်းလှပါတယ်။ ကျနော်ကတော့ သင်္ဘောပေါ်ရောက်ပီးတည်းက ၂ နှစ်ကျော်အတွင်း မှတ်မှတ်ရရ ရောက်စက တခါလားပဲ ရောက်ပါတယ်။ ကိုယ်တိုင်က သိပ်မသောက်တတ်တာရယ် လူရှုပ်တာကို မကြိုက်တာ ရယ်ကြောင့် အဲ့လို ပွဲရှိတဲ့ လ မျိုးဆို ကျနော့ရဲ့ partner ကိုသာ နေ့ပိုင်းပေးနေပီး ကျနော်ကတော့ ညဘက်သာ ယူခဲ့တာ များပါတယ်။

Crew Party ဆိုရင် ကျနော့တို့ Crew တွေအတွက် ဘီယာ၊ အရက်၊ အအေး စသဖြင့် ကိုယ်နှစ်သက်ရာကို သောက်သုံးခွင့် Free ကူပွန်တွေ ရပါတယ်။ တဦးကို ဘီယာဆို လေးဘူး၊ အရက်ဆို ၂ ပက်၊ အအေးဆိုခြောက်ဘူး စသဖြင့် ရပါတယ်။ အရက်သေစာ သောက်သုံးတာနဲ့ ပတ်သက်လို့ တရားဝင်သတ်မှတ်ထားတာက ၀န်ထမ်းတိုင်း တဦးကို alcohol limit က 0.4 ထက်ကျော်လို့ မရပါဘူး။ ပြသနာတခုခု တက်တဲ့အခါ (ရန်ဖြစ်တာ ဘာညာ ကို ဆိုလိုပါတယ်) ဆရာဝန်က အရက်ခေါ်စစ်ပါတယ် သောက်ထား မသောက်ထား သောက်ထားရင် သတ်မှတ်တာထက် ကျော်လားပေါ့ ကျော်ရင်တော့ ဒီဝန်ထမ်းအတွက် Terminate ပါ There’s no excuse ပါပဲ။ အဲ ဒီလိုညမျိုးကို တော့ ချွင်းချက်အနေနဲ့ ခွင့်လွှတ်ပေးထားပါတယ်။ နောက်နေ့ကို အရက်မစစ်ပါဘူး ပြသနာ မဖြစ်ခဲ့ရင်ပေါ့လေ။ Crew Party တိုင်းမှာ Entertainment Contest တွေပါ ပါတယ်။ ကြိုက်တဲ့ ဌာနတိုင်းက ၀န်ယှဉ်ပြိုင်ခွင့်ရှိပီး ဆုတွေကိုလည်း ထိုက်ထိုက်တန်တန် ပေးပါတယ်။ ကျန်တဲ့နေ့တွေမှာ အစားအသောက် အဆင်မပြေလှပေမဲ့ အဲ့နေ့ကတော့ Buffet ၊ BBQ စသဖြင့် တော်တော် စားရတာ အဆင်ပြေလှပါတယ်။ ကျနော်ကတော့ ဂျုတီချိန်မို့ သူငယ်ချင်းတွေ ကင်ထားတဲ့ အသားတွေရယ် Coke ရယ် သောက်ပီး ညစာပြီးဆုံးခဲ့ပါတယ်။

ဒီတခေါက် Crew Party ကတော့ Buffet ၊ BBQ ၊ အဖျော်ယမကာ အစုံအပြင် Music Contest and Beer Contest ပါ ၀င်ခဲ့ပါတယ်။ Music Contest မှာတော့ ကျနော်တို့ ကာစီနို ဘက်က လူငယ်တွေအများစု ဖြစ်တာကြောင့် ဆု သုံးဆု လုံးသိမ်းယူခဲ့ပါတယ်။ Beer Contest မှာလည်းပဲ နှစ်ယောက်တတွဲ ချထားတဲ့ ဘီယာ ၂ ဘူးကို တဘူးကို မော့သောက်ပီး ပီးတာနဲ့ တခြားတဘူးကို ပိုက်နဲ့စုပ် အရင်ကုန်တဲ့သူက အနိုင်ရရှိပါတယ်။ ဒီမှာလည်းပဲ ကျနော်တို့ ကာစီနိုဘက်က ပဲ အနိုင်ရရှိလိုက်ပါတယ် ဒီတခါ အနိုင်ရရှိတာကြောင့် လွန်ခဲ့တဲ့ ၂လက ဘာဆုမှ မရရှိတဲ့ သိက္ခာလေး ပြန်ဆည်လိုက် နိုင်ပါတယ်။

၁၂ နာရီ နောက်ပိုင်းက Disco Time ပါ။ ဒီတလှည့်မှာ အထူးအဆန်းနေနဲ့ ကျနော်တို့ Hotel Manager က အပြင်က DJ ကို ငှားကာ ပျော်စေခဲ့ပါတယ်။ သို့ပေမဲ့လည်း ဒီက အထာကို နားမလည်တဲ့ DJ ကြောင့် ပထမပိုင်းမှာ တော်တော်ပျင်းဖို့ ကောင်းခဲ့ပါတယ်။ HM က ချက်ချင်းပဲ House DJ နဲ့ ပြန်လဲခိုင်းတော့မှ အားလုံးဟာ ပျော်ရွှင်ခဲ့ရပါတယ်။ ဒီမှာ တခုပြော စရာရှိတာက ကျနော်တို့ party တိုင်းမှာ သင်္ဘောပေါ်ရှိတဲ့ လူမျိုးတိုင်းရဲ့ Remix တွေဖွင့်ပေးခြင်းပါပဲ အရှုပ်ချ ခံရဆုံးက သီရိလင်္ကာ (သ ကုလား) တွေရဲ့ Remix ဖြစ်ပီး အနှစ်ခြိုက်ခံရဆုံးက ကျနော်တို့ မြန်မာအဆိုတော် L လွန်းဝါရဲ့ အချစ်မျက်ဝန်း Remix ဖြစ်ပါတယ်။ L လွန်းဝါ ကံတက်ပုံက သင်္ဘောပေါ်မှာ သူ့သီချင်းကို တော်တော် ကြိုက်ကြပါတယ်။ ပီးခဲ့တဲ့ Music Contest က ဖိလစ်ပိုင် လူမျိုး ၀န်ထမ်းတယောက်က အချစ်မျက်ဝန်းကို နှုတ်တိုက်ကျက်ပီး ဒုတိယဆု ရသွားခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ညဦးပိုင်း ကိုးနာရီက စခဲ့တဲ့ ကျနော်တို့ ပါတီဟာ ညလယ် ၃ နာရီမှာ ဘာပြသနာမှ မရှိပဲ အေးအေး ဆေးဆေး ပြီးဆုံးခဲ့ပါတယ်။

Newer Posts Older Posts Home

Blogger Template by Blogcrowds.