ကျနော် ဒီနေ့ ဂျူတီကျတဲ့ Section က လူနည်းတဲ့ နေရာ ဖြစ်တာကတကြောင်း ဒီရက်ပိုင်း ခရီးသည် နည်းတာကက တကြောင်း (လာကစားသမျှလူတွေလည်း ကုန်ပီလေ) အကြောင်းကြောင်းသော အကြောင်းတို့ ဖြင့် လူမရှိသော Section တွင် ကျနော် တယောက်တည်း ဖြစ်နေကာ အတွေးတို့က ဟိုရောက် ဒီရောက်ဖြင့် ဘ၀ ဆိုသော ခေါင်းစဉ်အောက်ရောက်သွားကာ အတွေးနယ်ချဲ့မိသည် နှင့် ကျနော် တို့ ရှင်သန်နေရ တဲ့ ဘ၀ ဆိုတာကို ဆွေးနွေးချက်တခုအနေနဲ့ ဆွေးနွေးချင်တဲ့ ဆန္ဒလေး တခုဖြစ်လာခဲ့တယ်ပေါ့ဗျာ။ ကျနော် တို့ ၀န်းကျင် မှာ ကြားနေကျ ညည်းနေကျ အသံတွေ ခင်ဗျားတို့လည်း ကြားဖူးပါလိမ့်မယ် “ဘ၀” ဘ နှင့် ၀ နှစ်လုံးတည်း မို့ပဲ တော်တော့တယ် ဆိုတဲ့ စကားမျိုးလေ။ ဒီစကားလေးဟာ နောက်ပြောင် ပြောဆိုကျပေမဲ့ တကယ့် တကယ်မှာ ဟုတ်ပါတယ် တကယ့်ကို နှစ်လုံးတည်းမို့သာ တော်ပါရော့တယ် ဒီထက်များ တလုံးလောက် ပိုလာခဲ့ ရင် တွေးကြည့်တာနဲ့တင် အတော်ကို စိတ်ညစ်ညူးဖွယ်ရာ ကောင်းလှပါတယ်။ ကျနော် ဖတ်ဖူးတဲ့ စာအုပ် တအုပ်မှာ ကျနော်တို့ရဲ့ ဘ၀တွေဟာ စပီး အမိဝမ်းကနေ ကျွတ်လာကတည်းက အရာရာ အားလုံးဟာ အစီ အစဉ် တကျဖြစ်လာတဲ့ အရာတွေ ချည့်ပါပဲတဲ့။ ကျနော်လက်ခံပါတယ် ကျနော်တို့ဟာ တကယ့် အစီအစဉ် တကျ ရေးဆွဲထားတဲ့ လောက ဇာတ်ခုံပေါ်မှာ ကနေရတဲ့ သက်ရှိ ရုပ်သေးတွေဖြစ်ပါတယ်။ ကျနော်တို့ကို လွယ်ထားရပီဆိုတာနဲ့ ကျနော်တို့ မိဘတွေမှာ ကျနော်တို့ အတွက် အစီအစဉ်တွေ ရှိပါတယ်။ ဘယ်ဆေးရုံမှာ မွေးမယ် ဘယ်ဆရာဝန်နဲ့ အပ်မယ် အစရှိသဖြင့်ပေါ့။ အိုကေ ကျနော်တို့ လူ့လောက ရောက်ရှိလာပါပီ ကျနော်တို့ ဘ၀အစ ကျောင်းတက်ရာကနေ ကျနော်တို့ နောက်ဆုံးခရီးအထိ အရာအားလုံးဟာ သူစီစဉ်ထားတဲ့ ဇာတ်ကွက်ထဲမျာ မျောပါသွားတာချည့်ပါပဲ။ ကျနော်တို့တွေမှာ လိုချင်တိုင်း တောင့်တတိုင်း ရရှိခဲ့ဖူးတာများ ရှိခဲ့ပါသလား။ ကျနော့် ဘ၀မှာတော့ မရှိခဲ့ဘူးဗျာ။ အဲလို လိုချင် တောင့်တတိုင်း ရှိခဲ့ပါတယ်လို့ ဖြေတဲ့လူရှိရင် ကျနော် တကယ့်ကို အားကျမိမှာပါပဲ။ ဟုတ်ပါတယ် ချွင်းချက်အနေနဲ့ အဲဒီလို လူမျိုးဟာ ရှိကောင်း ရှိနိုင်ပါတယ် အိုကေဗျာ ကျနော် တထစ်လျှော့မယ် ၉၉% ဟာ လိုတိုင်းတ တောင်းတိုင်းမရခဲ့ကြပါဘူး။ အဲဒီလို လိုတိုင်းတမယ် တောင်းတိုင်းသာ ရမယ်ဆိုရင် ကျနော်တို့ လူ့လောကကြီးဟာ တကယ့်ကို အေးချမ်းပီး ပျော်ရွှင်စရာကြီး ဖြစ်နေမှာပေါ့။ “စိတ်ညစ်လိုက်တာ” ဆိုတဲ့ ဝေါဟာရဟာ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ နပိုလီယံက ပြောပါတယ် “မဖြစ်နိုင်ဘူးဆိုတာ သူ့သမိုင်းမှာ မရှိဘူး” တဲ့ သူမသေဆုံးခင်အချိန်ထိ သူ့ဘ၀မှာ သူဖြစ်ချင် တာတွေ ဖြစ်ခဲ့ရဲ့လား ဆိုတာ သူမှ ပဲ သိမှာပါ။ ကျနော်တို့ လက်တွေ့ ရှင်သန် နေရတဲ့ လူ့ဘ၀မှာတော့ မဖြစ် နိုင်တာတွေဟာ တကယ့်ကို အများကြီးပါ။ စဉ်းစားကြည့်လေဗျာ ပစ္စည်းသေးသေးလေးတခုကိုတောင် တခါတလေမှာ လိုချင်ရက်နဲ့ အကြောင်းအမျိုးမျိုး ကြောင့် မရနိုင် လက်လွတ်ခဲ့ကြဖူးတယ်မဟုတ်လား။ အဲဒီလိုဆိုတော့ မဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးဟာ နပိုလီယန် လို တခေတ် တယောက်ပေါ်ခဲ့တဲ့ သူရဲကောင်းတွေ အတွက်ဟုတ်ကောင်း ဟုတ်နိုင်ပေမဲ့ ကျနော် အတွက်တော့ အလွန်ခက်ခဲပါတယ် မဖြစ်နိုင်တာတွေ အများကြီးပါ။ ပြောလေ့ ရှိပါတယ် ကြိုးစားရင် ဘုရားဖြစ်တယ်တဲ့ တကယ့်ကို အပြောပဲရှိပီး လုပ်ဖို့ရာမှာ အလွန်ခက်ခဲလှပါတယ် ဇွဲ လုံ့လ ၀ီရီယ ကံ အများကြီး စိုက်မှပါ။ အိုကေ နည်းနည်းလမ်းလွဲနေပီ ကျနော် ပြောတဲ့အထဲ မှာ အကောင်းထက် အဆိုးက ပိုများနေပါတယ် ဒါက တခြား ကြောင့်တော့မဟုတ်ပါဘူး ကျနော် ဖြတ်သန်းရှင်သန်ခဲ့တဲ့ အတွေ့အကြုံတွေက အဆိုးတွေ သိပ်များ နေတယ် ဒါကြောင့်ပါ တခါတလေ စဉ်းစားမိပါတယ် ဘ၀ဟာ အခက်အခဲတွေနဲ့ အချိန်ပြည့်တိုက်ပွဲဝင်နေရတဲ့ အရာ များလားလို့ အတွေးဝင်မိတဲ့ အထိပါပဲ။ တကယ့်ကိုလည်း ပတ်ဝန်းကျင်မှာ မြင်တွေ့ ရှင်သန်နေရတဲ့ ဘ၀တွေ ဟာ ရယ်မောသံတွေထက် စိတ်ညစ်ညူးသံတွေ ပိုများနေလားလို့ ကျနော်သုံးသပ်မိပါတယ်။ ကျနော် စာအုပ် တအုပ်မှာ ဖတ်ဖူးပါတယ် -
သရေးသျှန်းလို့ ခေါ်တဲ့ လူမျိုးနွယ်ဝင်လူစု တခုမှာ သူတို့ရဲ့ မွေးဖွားလားတဲ့ ကလေးတွေကို
ခုမွေးလာတဲ့ အချိန်က စလို့ နောက်သေဆုံးချိန်အထိ တွေ့ကြုံရမဲ့
အခက်အခဲ ဒုက္ခတွေကို ပြောပြပီး ငိုယိုကြပါတယ်
အဲ လူတယောက် သေဆုံးသွားပီဆိုတဲ့ အခါမှာတော့ သူတို့ဟာ အဲဒီလူဟာ လောကကြီးမှာ
သူတွေ့ကြုံနေရတဲ့ ဒုက္ခ အခက်အခဲတွေ စိတ်ညစ်ညူးစရာ အရာခပ်သိမ်းဟာ
ကုန်ဆုံးသွားပီဆိုပီး အဲဒီလူအတွက် ၀မ်းမြောက်ဝမ်းသာ
ခုန်ပေါက် ပျော်မြူးကြပါတယ်။
တဲ့။ အခု လက်တွေ့အကျဆုံး တခုကို ပြောမယ်ဗျာ။ ကျနော်တို့တွေကို ဘ၀စကတည်းက ကျနော်တို့ မိဘ တွေက သွန်သင်ဆုံးမခဲ့ကြပါတယ်။ ကျောင်းနေချိန်မှာ စာကြိုးစားဖို့။ နေ့စဉ်စာကျက်ဖို့ ပညာတတ်မှသာ လူ့ဘ၀ မှာ လူလူချင်း နင်းတာမခံရမှာ ဖြစ်ကြောင်း အမြဲသွန်သင်လေ့ရှိ တာကို သိကြမှာပါ။ ဒါတွေဟာ ဘာအတွက်လဲ ပညာတတ်ရင် အလုပ်ကောင်းကောင်းရအောင်လို့လား? လူ့ဘ၀မှာ သက်သက်သာသာ နေရ အောင်လို့လား? ဂုဏ်ရှိအောင်လား? အများကြီးပါ ဒီနေရာမှာ ၀င်ရောက်စွက်ဖက်လာတာက “ငွေ” ပါ။ ဒီဘက်ခေတ်မှာ ငွေဟာ ဘ၀ကို တန်ဆာဆင် တဲ့ အရေးကြီးတဲ့ နေရာတခုကနေ ပါဝင်လာတာ မငြင်းနိုင်ပါဘူး။ ငွေမရှိပဲ ပညာသင်လို့မရပါဘူး။ ပညာတတ်နေပေမဲ့လည်း ငွေမရှိရင် စီးပွားရေးလုပ်လို့ မရပါဘူး။ အဲဒီ ငွေကြောင့်ပဲ ကိုယ့်ကျင့်သိက္ခာတွေ ယုတ်လျော့ လာကြပါတယ်။ ကျနော်တို့ရှင်သန်ခြင်းရဲ့ အဓိပါယ်ဟာ ငွေရှာ ဖို့လား? မဟုတ်ပါဘူး တကယ့်ကို လွဲချော်နေပါတယ်။ ဒါပေမဲ့ တကယ့် တကယ်မှာ ဘ၀ရှင်သန်ခြင်းဟာ ငွေ ရှာခြင်းဆိုတဲ့ အရာနဲ့ ထပ်တူ အချိုးကျနေပါတယ်။ ငယ်စဉ်တောင်ကျေး လူမှန်းသိတတ် ကတည်းက ကျောင်းတွေတက် ပညာတွေသင် အရာရာ အားလုံးရဲ့ နိဂုံးဟာ ငွေရှာဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ရှိ သွားပါတယ်။ မွေးဖွားလာကတည်းက သေဆုံးခြင်းအထိ ငွေနောက်လိုက်ရင်းနဲ့ပဲ ဘ၀ဟာ အဆုံးသတ် ရပါတယ်။ ကျနော်တို့ ခင်ဗျားတို့ ကိုယ်တိုင်လဲ ခု လက်ရှိ လုပ်နေတာဟာဘာလဲ ငွေရှာနေတာပဲ မဟုတ်လား။
ဒါဆို ကျနော်တို့ရဲ့ ရှင်သန်ခြင်း အဓိပ္ပါယ်ဟာ ဘာလဲ ?
နောက်တခု က ကျနော်တို့ တွေဟာ လက်ရှိ ဖြစ်တည်နေတဲ့ ဘ၀ကို အလွန်တွယ်တာကြပါတယ်။ ကျနော်တို့ ကလေးဘ၀မှာ ဆော့ကစား မြူးတာတွေကို ခုံမင်မယ် တွယ်တာမယ်။ ကျောင်းစတက်တဲ့အချိန်မှာ သူငယ်ချင်းတွေကို တွယ်တာမယ်။ မြီးကောင်ပေါက် အရွယ်မှာ ချစ်သူရည်းစား တွေ ရှိလာမယ် အဲဒီ ချစ်သူ ရည်းစားတွေကို တွယ်တာမယ်။ နောက်ပိုင်း မိမိ မိသားစု မိမိဘ၀လေး ရှိလာမယ် ဒါကိုလည်း မြတ်နိုးမယ် တွယ်တာမှာပါပဲ။ ဟုတ်ပါတယ် လူမှန်ရင် အတွယ်အတာ သံယောဇဉ်နဲ့ မကင်းပါဘူး။ ဒါတွေရဲ့ အခြားတဘက် ကို ခင်ဗျားတို့ သိကြရဲ့လား? သိပါတယ် ခင်ဗျားတို့ ကျနော်တို့ သိပါတယ် သိသိကြီးနဲ့ မသိချင်ဟန် ဆောင်နေ ကြတာပါ အဲဒါဘာလဲဆိုတော့ ဖြစ်ပျက် ဆိုတဲ့ သဘောတရားပါ လောကမှာ တည်ရှိနေတဲ့ အရာမှန်သမျှဟာ ဖြစ်ခြင်း ပျက်ခြင်း သဘောတရားနဲ့ မလွတ်ကင်းပါဘူး။ ဖြစ်ပီးရင် ပျက်မဲ့ အရာတွေပါပဲ။ ဒါဆို ကျနော် အပေါ်မှာ ပြောခဲ့တဲ့ အရာတွေအားလုံးဟာ ဒီဖြစ်ပျက်သဘောတရားအောက်မှာ ပျက်စီးသွားပါပီ။ မနက်ဖြန်ဆိုတာ မသေချာပါဘူး။ မနက်ဖြန်ဆိုတာ ဝေးပါသေးတယ် ယခု လက်ရှိအခြေအနေရဲ့ နောက် စက္ကန့်ပိုင်းအတွင်းမှာ မိမိ တို့ ဘာဖြစ်မယ်ဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ အဲဒီလို ဖြစ်ပျက်သဘောတရားတွေ များပြားနေတဲ့ လောက ကြီးမှာ ကျနော်တို့တွေဟာ နောင် အနာဂတ်တွေထက် လက်ရှိ ပစ္စုန်ပန် အချိန်မှာ ဖြစ်ပျက်နေတာတွေကို ကျေနပ် လက်ခံပီး ပျော်ပျော်ကြီးနေထိုင်မယ်ဆို ကျနော်တို့ ဘ၀တွေဟာ သာယာလှပနေမယ်လို့ ကျနော် ယူဆ မိပါတယ်။ ဒါဆို ကျနော်တို့ ရှင်သန်နေတဲ့ ဘ၀ကြီးမှာ ဘာက အရေးကြီးဆုံးလဲ ? –
ငွေးကြေး ဥစ္စာလား ?
ဂုဏ်ပကာသနလား ?
စိတ်ချမ်းသာမှုလား ?
ကဲ ဒါကတော့ ကျနော်ရဲ့ ထင်မြင်ချက်ပါပဲ။ ကျနော် စာအရေးအသားညံ့တာကြောင့် ကျနော်ဆိုလိုချင်တာကို တိုက်ရိုက် မြင်ချင်မှ မြင်ပါလိမ့်မယ် အကြောင်းအရာတွေ ရှုပ်ထွေးကောင်း ရှုပ်ထွေးနေပါလိမ့်မယ်။ တတ်သလောက် ရေးသားခြင်းသာဖြစ်လို့ သည်းခံစေချင်ပါတယ်။ ဒီဆွေးနွေးချက်လေးဟာ ဘယ်သူ့ ဘယ်သူကိုမှ ထိခိုက် ရေးသား ခြင်း မဟုတ်ပဲ ကျနော် ဖြတ်သန်းရှင်သန်လာတဲ့ ဘ၀တလျှောက်က အကြောင်းအရာတွေကိုသာ ကျနော့ရဲ့ မတောက်တခေါက် ဥာဏ်ရည်နဲ့ သုံးသပ်ထားခြင်းမျှသာဖြစ်ပါတယ်။ နောက်ပီး ဒီပို့စ်ကို ဖတ်ဖြစ်တဲ့ ညီအကို မောင်နှမတွေကသာ စိတ်ပါဝင်စားစွာနဲ့ ပါဝင်ဆွေးနွေးမယ်ဆို ကျနော် ၀မ်းသာမိမှာပါ။ ခင်ဗျားတို့ရဲ့ အမြင်လေး တွေကို ကျနော် မျှော်လင့်ပါတယ်။ မည်သူ့ မည်သူကိုမျှ ထိခိုက်ရေးသားခြင်း မဟုတ်ပဲ ဆွေးနွေးချက် တခုမျှသာ ဖြစ်ကြောင်း ထပ်လောင်းပြောဆိုချင်ပါတယ်။
Labels: ဆွေးနွေးချက်
ကဲ ဒီတလောတော့ သင်္ဘောသား က သင်္ဘောအကြောင်းတွေပဲ ရေးမယ်လို့ စိတ်ကူးထားတယ်ဗျ။ မသိတဲ့ လူတွေလဲ သိရအောင်လို့ပါ။ ကျနော် ဒီတခါ ရေးချင်တဲ့ အကြောင်းက သင်္ဘောပေါ်မှာ လုပ်တဲ့ Emergency Drill အကြောင်းပါပဲ။ ဒီလိုပါပဲ သင်္ဘောသားမှန်ရင် ဘယ်သင်္ဘောပဲ လိုက်လိုက် ဆိုလိုချင်တာက Cargo (ကုန်တင်သင်္ဘော) ပဲ ဖြစ်ဖြစ်၊ Passenger (ခရီးသည်တင် အပျော်စီးသင်္ဘော) ပဲ ဖြစ်ဖြစ်၊ Drill တွေက ပုံမှန် လုပ်လေ့ ရှိပါတယ်။ Emergency Drill ဆိုတာကတော့ မိမိတို့သင်္ဘော အန္တရာယ်ကျရောက်လို့ အရေးပေါ် အခြေအနေ ဖြစ်ပေါ်ခဲ့သည်ရှိသော် ၀ရုန်းသုန်းကားမဖြစ်စေပဲ အစီအစဉ်တကျ မိမိတို့ တာဝန်အတိုင်း လုပ်ဆောင်ပီး အန္တရာယ်မှ လွတ်ကင်းအောင် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းတခုပဲ ဖြစ်ပါတယ်။ ဒါမျိုးဟာ ကျနော်သိသလောက်ဆိုရင်တော့ Ship Rules & Regulations အရ ရေယာဉ် မှန်သမျှ မှာ လုပ်လေ့ရှိပါတယ်။ ဒီ Drill ဟာ ကျနော်တို့ သင်္ဘောမှာ တပတ် တခါ လုပ်လေ့ရှိပါတယ်။ အဲ တပတ်တခါဆိုပေမဲ့ Crew တွေ သာ ဖြစ်ပီး၊ ကျနော်တို့ ကာစီနိုဘက်က လူတွေကတော့ ၂ ပတ်မှသာ တခါ လုပ်ရပါတယ်။ သင်္ဘောပေါ်မှာ နှစ်ခြမ်း ကွဲ နေတယ်ဗျ။ Deck သမားတွေ Crew တွေ က တပိုင်း၊ ကာစီနို သမားတွေက တပိုင်းရယ်ပါ။ Crew တွေမှာ Deck သမားတွေ၊ Engine သမားတွေ၊ House Keeping၊ Taylor၊ Laundry man၊ Galley တွေ အစရှိသဖြင့်ပါ ပါတယ်။ ကာစီနို ဘက်ကတော့ Crew ရယ်လို့ မသတ်မှတ်ပါဘူး။ Staff တွေလို့ သတ်မှတ်ထားပါတယ်။ Dept အစုံမှာ မြန်မာတွေရှိပေမဲ့ ကျနော်တို့ ကာစီနိုသမားတွေနဲ့ သိပ်မတည့်လှပါဘူး။ ဒါတွေနောက်မ သပ်သပ်ရှင်းပြပါဦးမယ်။ ကဲ Drill လေး စလိုက်ရအောင်။ ဒီလိုနေ့မျိုးဆို သင်္ဘောပေါ်က လူတွေ အားလုံးဟာ Alert ဖြစ်နေရပါတယ်။ ဘယ်အချိန်မှာ Emergency Alarm ထမြည်မလဲလို့ပေါ့။ သင်္ဘောတိုင်းရဲ့ General Emergency Alarm Signal ဟာ Seven Short and One Long Blast ပါ။ အသံတို ခုနစ်ချက် အသံရှည် တချက်ကို ကြားရင် ဒါဟာ အရေးပေါ်အခြေအနေပါပဲ။ သိထားရမှာက Captain တိုင်းဟာ ဒီလို အရေးပေါ် Alarm ကို လွယ်လွယ်ကူကူ တီးလေ့ မရှိပါဘူး။ အဲ အဲဒီအသံကြားပီဆိုရင်ဖြင့် တကယ့်ကို အန္တရာယ်တွေ့ပီလို့သာ မှတ်လိုက်ပါတော့။ ကျနော်တို့မှာ လုပ်နေကျပုံစံကတော့ Dill စပီဆိုရင် Fire Alarm တီးပါတယ် မီးလောင်နေတယ်ပေါ့။ Fire Alarm ကတော့ Continuous Ringing ပါ။ အဲဒီအချိန်မှာ Fire Team မှာ ပါတဲ့ သူတွေက မီးလောင်တဲ့နေရာကို သွားပီးတော့ မီးညှိမ်းသတ်ရပါတယ်။ Entertainment Staff အများစုကို Fire Team မှာ ထည့်လေ့ မရှိပါဘူး။ Fire Team မှ မဟုတ်ပါဘူး အရေးပေါ် လုပ်ဆောင်ရတဲ့ Group တွေမှာ ထည့်လေ့ကို မရှိတာပါ။ တကယ့်အရေးပေါ် Group တွေမှာ ပါဝင်တာက Crew တွေပါပဲ။ သူတို့ကသာ တကယ်အတွေ့အကြုံရှိပီး သင်္ဘောနဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်နေရတဲ့ သူတွေမို့ပါပဲ။ မီးငြိမ်းသွားပီဆိုရင် General Emergency Alarm မြည်လာပါပီ အဲဒီလို မြည်လာပီဆိုရင် ကျနော်တို့ဟာ ကျနော်တို့ကိုသတ်မှတ်ပေးထားတဲ့ Emergency Station ကိုသွားရပါတယ်။ အမျိုးမျိုးပါပဲ Water Tight Door တွေပိတ်ရတဲ့ တာဝန်၊ ခရီးသည်တွေကို Assist pass လုပ်ပေးရတဲ့တာဝန်၊ Crowd Management လုပ်ရတာတွေ စသဖြင့် တာဝန်အသီးသီးရှိကြပါတယ်။ ကျနော် Emergency Station ကတော့ Water Tight Door ပိတ်ရတဲ့ တာဝန်ပါပဲ ကံဆိုးသူ မောင်ရှင်လေ L။ တကယ့်ကို ဘယ်သူမှ မလုပ်ချင်တဲ့နေရာပါပဲ အန္တရာယ်အများဆုံးနေရာ မို့ပါ။ ရေ၀င်လာတဲ့အခါ တံခါး ပိတ်ပီးမှ နောက်ဆုံးမှ Life Boat Station ကိုသွားရမှာပါ။ တကယ့်ကို အန္တယ်ရာယ်များလှပါတယ်။ ကဲ ဆက်လိုက်ရအောင် အဲလို Emergency Alarm မြည်လာပီဆို ကိုယ့်စတေရှင် ကိုယ်သွားပီ စာရင်း ပေးကြ ရပါတယ်။ အဲဒါမှ ဒီနေ့လုပ်တဲ့ Drill ကို မိမိတက်ကြောင်း သိနိုင်မှာပါ။ ကိုယ်သာ Absence ဖြစ်ခဲ့ရင် ၁ လ ဒါမှမဟုတ် ၂လ အထိ Shore Leave ပိတ်တတ်ပါတယ်။ ဒါ့အပြင် ကာစီနို စတဖ်ဆိုပါက Casino Management Team ကပေးတဲ့ လစာ Deduction ပါ ရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုနေ့မျိုးကို မတက်ပဲ မနေနိုင်ပါဘူး။ အဲ့လို စာရင်းပေးပီးပီဆိုရင် Life Boat Alarm မြည်တဲ့ အချိန်ကို စောင့်ရပါတယ်။ တကယ့်အခြေအနေမှာ Life Boat Alarm မြည်ပီဆိုရင် ဘာမှ မစဉ်းစားပဲ Life Boat ဆီကိုသာ လုပီးပြေးရမှာပါ တကယ့်ကို လိုအပ်လို့ စွန့်ခွာရမဲ့ အခြေအနေမို့ Alarm ပေးတာဖြစ်ပါတယ်။ အဲလိုမြည်ပီဆိုရင် ကျနော်တို့ဟာ ကိုယ့် Life Jacket ကို ကိုယ်ယူပီး မိမိ စီးရမဲ့ Life Boat ကို ပြေးရပါတယ်။ Life Boat မှာမှ Boat Launching လုပ်ဖို့အတွက် အသီးသီးတာဝန် ပေးထားပါတယ်။ Boat ကိုရောက်တာနဲ့ အသီးသီး တက်ပီး မိမိတာဝန်အတိုင်း လုပ်ကြရပါတယ်။ Life Boat Launching လုပ်တဲ့ ကိစ္စဟာလည်း လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး အကြိမ်ကြိမ်လေ့ကျင့်ထားမှသာ တကယ့်အခြေအနေမှာ အခက်အခဲမရှိမှာဖြစ်ပါတယ် (ကျနော်ကိုယ်တိုင် ကတော့ Life Boat Launching ကို စာသာ ရပီး ခုချိန်ထိ ကိုယ့်ဘာသာ ချဆို တကယ့်ကိုမချတတ်သေးတာပါ :D ) အားလုံး Ready ဖြစ်ပီဆိုရင် Captain and Staff Captain က Boat အသီးသီးကို လိုက်ပီးစစ်ကာ စာမေးတတ်ပါတယ်။ မိမိ ဘုတ်အကြောင်း Safety Knowledge အကြောင်း အစုံပေါ့။ အဲကံဆိုးစွာနဲ့ ကိုယ့်ကိုရွေးကာ စားမေးလို့ မရရင်တော့ သေချာပါတယ် Shore Leave တလ ဒါမှမဟုတ် ၂လပါ အပိတ်ခံရပါတယ်။ အကုန်မေးပီးလို့ Captain က P.A System ဖြင့် Abandon Ship အော်ရင်တော့ Good Bye လုပ်ပီး အမိ သင်္ဘောကို စွန့်ရုံသာရှိပါတော့တယ်။ (Captain ရဲ့ Order မရမခြင်း ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး သင်္ဘောကို စွန့်ခွာခွင့်မရှိပါဘူး)။ အဲလို အော်ဒါရပီဆိုရင်တော့ Boat Commander တွေက Boat ကို စက်နှိုးပီး သင်္ဘောဝန်းကျင် သရုပ်ပြ မောင်းနှင် ပါတယ်။ (လှိုင်းကြီးနေရင်တော့ မဆင်းရပါ)။ တပတ် မောင်းပီးတဲ့အခါမှာ အပေါ်ကို ပြန်တက်ပါတယ်။ Emergency Drill နဲ့ တွဲပီးတလတခါ လုပ်တာကတော့ Casino Drill ပါ။ ဒါဟာလည်း ကျနော်တို့ ခရီးသည်တင် သင်္ဘောအတွက် အရေးကြီးလှပါတယ်။ အရေးပေါ်အခြေအနေမှာ ကာစီနိုထဲမှာ ပိုက်ဆံတွေ ရှိနေတာကိုး။ အဲဒါတွေကို စနစ်တကျ ထုတ်သယ်ဖို့ တာဝန်တွေခွဲထားပြန်ပါတယ်။ ကျနော်တို့ကာစီနိုစတတ်ဖ် တွေဟာ အဲဒါကြောင့် အပေါ်မှာပြောခဲ့တဲ့ Group တွေမှာ မပါနိုင်တာလဲဖြစ်ပါတယ်။ ဖဲဝိုင်းတွေက Chips ပြားတွေက သိပ်အရေးမကြီးလှပါဘူး အဓိက က ကျနော်တို့ Slot Machines တွေက ပိုက်ဆံတွေဖြစ်ပါတယ်။ ဒီမှာက တကယ့်ပိုက်ဆံတွေဝင်နေတာကိုး Chips ကျတော့ ပြန်လဲရတာလေ။ Slot ရယ် ငွေခန်းက ငွေတွေကို သရုပ်ပြ ထုတ်တာတွေကို လေ့ကျင့်ရပါတယ်။ အဲဒီမှာ ကျနော်တို့ ခံရတာပါပဲ။ Slot Machine တွေက Bill Box တွေက အလေးချိန်မနည်းလှပါဘူး။ သရုပ်ပြတယ်ဆိုပေမဲ့ အနည်းဆုံး လေးငါးလုံးတော့ ပုံးကြီးထဲ ထည့်ပီး ဟိုးအပေါ်ဆုံးက Boat Station ကို သယ်ရတာဆိုတော့ မသက်သာလှပါဘူး။ ကဲ Emergency Drill ဆိုတာကတော့ ဒါပါပဲခင်ဗျာ။
Labels: ဟိုဟိုဒီဒီရေးထားတာတွေ
ကျနော်နဲ့ ဘလော့ဂ်လဲ ဝေးနေတာကြာပါပီ .. ဝေးဆို အလုပ်ကလည်း မအားပဲကိုး .. ကိုယ့်ဘလော့ဂ်လေး ကိုယ် မ၀င်ဖြစ်ပေမဲ့ .. သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေတော့ ၀င်မြဲ ဖတ်မြဲပါ .. ကိုယ် ကိုယ်တိုင် ရေးအားနည်း ပေမဲ့ သူငယ်ချင်းတွေ ပို့စ်အသစ်မတင်ရင် .. ဘာလို့များလဲပေါ့ .. ပို့စ်လေးတပုဒ်တောင် မတင်ဘူးလားပေါ့ .. ဒီမှာတော့ လာဖတ်လိုက်ရတာပေါ့ .. (အဲ့လိုတကိုယ်ကောင်းဆန်တာလေ အတ္တပေါ့ဗျာ :D) .. ကဲ အခုတော့ ကျနော် ပြန်ရေးပါပီ ခင်ဗျာ .. ဒီတလလုံးကို အပီအပြင်ရေးလို့ရပါပီ .. အဟဲ ကုန်ကြမ်းတော့ လိုတာပေါ့ နော်။
မနေ့ကတော့ ကျနော့်တို့ရဲ့ ဘုရားပွဲလှည့်တဲ့နေ့ပါပဲလို့ .. တလတခါ Ship Maintenance Day ပါပဲ။ ကျနော်တို့ လို တလလုံး သင်္ဘောပေါ်မှာပဲ နေ နေရတဲ့ သူတွေအတွက်တော့ ဒီလို နေ့ဟာ ရွှေပါပဲ။ အဲဒီနေ့ မတိုင်ခင် ညတည ဟာ ကျနော့်အတွက် Nigh Shift မှာ နောက်ဆုံးနေရတဲ့ တညပါပဲ Maintenance Day မှာ အောက်ဆင်းလည်ပီး နောက်နေ့မနက်ကျမှ ကျနော်အလုပ်ပြန်ဝင်ရမှာ ဖြစ်ပါတယ်။ တရက်အနားရတဲ့ သဘော ပါပဲ ဒါပေမဲ့ အောက်ဆင်းရမဲ့ နေ့နဲ့ တိုက်နေတော့ကာ မနားရဘူးပေါ့။ အဲဒီလိုညမျိုးမှာ ၀န်ထမ်းတွေအချင်းချင်း တွေ့ကြရင် မေးတဲ့စကားကတော့ “မနက်ဘယ်သွားမှာလဲ“ ဆိုတာပါပဲ။ ကျနော်တို့ အများဆုံးဆင်းရတဲ့ မြို့ဟာ မလေးရှား Penang ဖြစ်တဲ့အတွက် လည်စရာကတော့ များများစားစားမရှိပါဘူး။ အဓိက ကုန်တိုက်ကြီး တခုရှိ တဲ့နေရာကိုသွား တလစာအတွက် လိုအပ်သမျှဝယ်ခြမ်း ဟိုကြည့် ဒီကြည့်နဲ့ တလတခါ ဟာ မရိုးတမ်းလုပ် နေရ တဲ့ အလုပ်တခုပါပဲ။ အမြဲတမ်း တနေရာတည်း ဆိုပေမဲ့လည်း တလမှတခါရယ်သာ ဆိုတော့ ရှိသမျှ ၀န်ထမ်း မိန်းကလေး ယောကျာ်းလေး မရွေး အကုန်ဆင်းတာ များပါတယ်။ အပေါ်မှာနေရင်လည်း မထူးပဲကိုး။ Ship Maintenance Day ဆိုတဲ့အတိုင်း အကုန်ဆင်းပီဆိုတာနဲ့ ရှိသမျှရေသန့်လိုင်းတွေ ဖြတ်၊ အဲကွန်း ဖြတ်၊ Black Out လုပ်ဆိုတော့ အပေါ်မှာ နေတဲ့လူဟာ အတော့ကိုရှားပါတယ်။ မရှိဘူးရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ မဆင်းပဲနေတဲ့လူတွေလည်းရှိပါတယ် ဒါပေမဲ့ သူတို့အတွက်ကတော့ အခန်းထဲ အိပ်နေရုံကလွဲပီး ကျန်တာ လုပ်စရာ မရှိလှပါဘူး။ အဲ မီးပြန်လာပီဆိုရင်တော့ ဇိမ်ပေါ့ဗျာ။ ကျနော်ကတော့ သင်္ဘောပေါ်စရောက်ကတည်း ကနေ ဒီနေ့အထိ အဲ့လိုနေ့မျိုးကို လွတ်သွားရိုးထုံးစံမရှိပါဘူး။ လတိုင်းကို ဆင်းတာပါပဲ။ နဂိုကတည်းက ခြေ အငြိမ်နေခဲ့တဲ့ ကောင်မှ မဟုတ်ပဲလေ။ အဲဒီလိုနေ့မျိုး နီးလာပီဆိုရင် ငါတော့ သုံးထားတာများနေပီ ဒီလမဆင်း ပဲနေမှပဲ လို့ အမြဲ တွေးတတ်ပေမဲ့ ဒါဟာ တွေးတဲ့အဆင့်မှာပဲ ကျန်ခဲ့တာပါ တကယ့်နေ့ရောက်လာပီဆိုရင်တော့ မဆင်းပဲကို မနေနိုင်ပါဘူး ဆင်းတာပါပဲ :D
ဒီတခါလည်း ထုံးစံအတိုင်း ဆင်းကြမယ်ပေါ့ဗျာ။ ထုံးဆံအတိုင်းဆိုရင်တော့ ကျနော်တို့ သွားနေကျ သူငယ်ချင်း တွေ ငါးယောက်ရှိပါတယ်။ ကျနော်ရယ် ကျနော့ အခန်းဖော် ၂ယောက် နောက် ဖဲဝိုင်းက သူငယ်ချင်းတယောက်၊ ငွေခန်းက သူငယ်ချင်းတယောက် ပေါင်းငါးယောက်ပါ ဒါကကျနော်တို့ Shore Leave နေ့မျိုးမှာ သွားနေကျ လူစုပါ။ ကျနော်တို့ဟာ ဘယ်လောက်တောင်များ မဆင်းချင်ကြဘူးလဲဆို။ကျနော်တို့ ရေလယ်မှာ ရပ်ထားတဲ့ သင်္ဘောကနေ ကုန်းပေါ်ကိုရောက်ဖို့ ဖယ်ရီနှင့်တဆင့် သွားရပါတယ် မနက် ၈ နာရီကစလို့ပေါ့ဗျာ တနာရီခြား တခါ ရှိပါတယ် အဲ ကျနော်တို့က အဲဒီ ၈နာရီ ပထမဆုံးဖယ်ရီနဲ့ကို ဆင်းနေကြဗျ ။ ည အလုပ်က ပီးတာက မနက် ၇နာရီ။ Check Out ထွက်လာပီဆို ကမန်းကတမ်း ရေချိုး အ၀တ်အစားလဲပီး ၈နာရီဖယ်ရီနှင့် ဆင်းနေကျပါ။ ဒီတခေါက်ကတော့ ကျနော်တို့ အခန်းသား သုံးယောက်ဟာ အဲလို မဆင်းနိုင်ပါဘူးဗျာ။ ဟိုနှစ်ယောက်ကို သာအရင်လွှတ်ပီး တနေရာမှ ချိန်းဖို့သတ်မှတ်ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် တို့ ရှေ့တပတ် Cabin Inspection တုန်းက Smelly Cabin ဆိုတဲ့ အလွန့် အလွန်ကောင်းတဲ့ ပြစ်ချက်နဲ့ Fail ဖြစ်ထားတော့ကာ ဒီတပါတ် Inspection မှာ ထပ်ကျလို့မဖြစ်ဘူးလေ .. Cabin Inspection ဆိုတာက သင်္ဘောပေါ်က ကျနော်တို့ ၀န်ထမ်းတွေ အခန်းတွေကို သပ်သပ်ရပ်ရပ် နေ မနေ၊ အခန်းထဲမှာ ပျက်စီးမှု ရှိမရှိ လိုအပ်တာတွေကို တောင်းဆိုလို့ ရအောင် Captain, Staff Captain တို့က ဦးဆောင်ပီး လိုက်စစ်တာပဲ ဖြစ်ပါတယ်။ Cabin Inspection ဟာ တပတ်တခါ ကြာသာပတေးနေ့တိုင်းရှိပါတယ်။ Steward မငှားနိုင်တဲ့ ကျနော်တို့ အခန်းက သုံးယောက်သားဟာ အဲလိုနေ့မျိုးမှသာ တပတ်တခါ ရှုပ်ထားတာတွေကို အသေရှင်း ရပါတယ်။ ဒီတပါတ်လဲ ထုံးစံအတိုင်း ရှင်းထားရက်နဲ့ ဘယ်က အနံ့ က ဘယ်လိုထွက်လို့ သူကြီး က ရှုမိတယ် မသိပါဘူး။ ကောက်မှတ်သွားတာ တွေ့ရပါတယ်။ Suspension Cabin List တွေ ထွက်လာတော့မှ သွားကြည့် တော့ ကျနော်တို့အခန်းက Smelly Cabin ဆိုတဲ့ ပြစ်ချက်နဲ့ 2weeks No Shore Leave ပါတဲ့။ ဗုတ်ဒေါ အရင် တပါတ်က ဆိုတော့ No Shore Leave သာဆို ကျနော် တို့ Maintenance Day မှာ ဆင်းနိုင်မှာ မဟုတ်ဘူးလေ။ အဲဒါနဲ့ ကျနော်တို့ဟာလဲ အသည်းအသန် ဆိုင်ရာတွေမှာ လိုက်ပီး အယူခံဝင်ရတော့တာပေါ့။ အဲဒါနဲ့တခန်းချင်း ပြန်စစ်တဲ့ အထူးစပါယ်ရှယ်စစ်ပွဲမှာ ကျနော်တို့ အခန်းဟာ ကံကောင်းထောက်မစွာဖြင့်အောင်သွားတော့တာပေါ့။ (အောင်မှာပေါ့ သူကြီးလာခါနီး ဖျန်းထားတဲ့ Air Fresher က နှစ်ဘူး ကို ကုန်ရော :D) အဲဒီလိုနဲ့ ဒီနေ့ Shore Leave ဆင်းပီး မနက်ဖြန် ကြာသာပတေး Inspection လာမယ်ဆိုတော့ ဒီတခါမပေါ့ရဲတော့ဘူးလေ။ အဲဒါနဲ့ သုံးယောက်သား သဘောတူပီး မသွားခင် ရှင်းကြမယ်ဆိုပီး Check Out ထွက် ၇ နာရီကနေ ၉ နာရီခွဲ ထိ ရှင်းလိုက် ကြတာ ဖတ်ဖတ်ကို မောရောပါပဲ။ (စဉ်းစားကြည့်ကြပေါ့ဗျာ တပတ်ပဲ မရှင်းထားတာ ၂နာရီခွဲ ရှင်းယူ ရတယ်ဆိုတော့ :D )။ အဲလိုနဲ့ ကျနော်တို့ သုံးယောက်သား ၁၀ နာရီ ဖယ်ရီနဲ့ အမှီဆင်းလာနိုင်တာပေါ့။ အရင်လို အေးအေးဆေးဆေး ဆိုင်တဆိုင်မှာ ထိုင်ပီး မစားမသောက်နိုင်တော့ဘူးလေ ရတဲ့ Taxi ငှားပီးတော့ ချိန်းထားတဲ့ ကုန်တိုက်ကိုပဲ အရောက် သွားရပါတော့တယ်။ ဟိုရောက်လို့ဘော်ဒါတွေ စုံမှ မြန်မာဆိုင်မှာ မနက်စာ စားကြပါတယ်။ သိတယ်မဟုတ်လား မြန်မာပဲဗျာ မုန့်ဟင်းခါးပေါ့ ဘူးသီးကြော်နဲ့ ၀ိုက်ပလိုက်တယ်။ ရန်ကုန်မှာလိုတော့ စားလို့ မကောင်းတာ အမှန်ပါပဲ ဒါပေမဲ့လည်း အလွမ်းပြေ ရှိတာလေးနဲ့ ကျေနပ်ရတာပေါ့။ ဒါနဲ့မတင်းတိမ်နိုင်တော့ ဟင်းတွေကျက်လို့ လာချတဲ့ အခါ ကျနော် က ငါးခူကြော်နပ်၊ အမဲသားငရုပ်သီးနဲ့ မွကြော်ထားတာနဲ့ ထပ်ကြိတ်လိုက်ပါတယ် :D (အစားကြီးပုံပြောပါတယ်)။ ပီးတော့မှ အိမ်ကို ငွေပို့ရမလား မပို့ရဘူး ဆိုတာ ဖုန်းဆက်မေးကြတယ်။ ဒါကလည်း မရိုးနိုင်တဲ့ အလုပ်ပါပဲ။ (အိမ်ကသာ ဒီလတော့မပို့နဲ့ ဆိုလို့ကတော့ ကိုယ်တို့ပွဲပဲပေါ့ :D ) ဒါပေမဲ့ အိမ်က ပို့ပါဆိုတာနဲ့ ရှိတာလေး သုံးဖို့ချန်ပီး ပို့လိုက်ရတယ်လေ :( ။ ဒီလိုနဲ့ ငွေပို့ပီး ငွေအားနည်းနေတဲ့ ကျနော်ဟာ ဒီနေ့ တနေ့တာ Window Shopping သာလုပ်ဖို့ စိတ်ကူးလိုက်ပါတယ်။ (ကွမ်းသီးကို ရဲဖမ်းတဲ့လေသံလေ :D)။ မ၀ယ်ဘူးဆိုပေမဲ့လည်း အခန်းအတွက် သုံးယောက် Share ၀ယ်တဲ့ အထဲကိုတော့ ထည့်လိုက်ရသေးတာပေါ့။ အခန်းအတွက်ဝယ်တယ်ဆိုတာကတော့ ဒီလိုပါ အခန်းအတွက်က သူ့ပစ္စည်းကိုယ့် ပစ္စည်းခွဲမသုံးကြလေတော့ တလတခါလိုတဲ့ သွားတိုက်ဆေး၊ ပိုးသတ်ဆေး၊ ဆပ်ပြာမှုန့် အစ .. အစ ရှိသဖြင့်ပေါ့ဗျာ အတူပေါင်းဝယ်ကြပါတယ် အဲဒါကို ဆိုလိုတာပါ။ ကျနော် တို့ဟိုလုပ် ဒီလုပ်နဲ့ ၀ယ်ချမ်းအပီးမှာ နာရီကြည့်တော့ နှစ်ခွဲနေပီဗျာ။ ကျနော်တို့ ကာစီနို Staff တွေက ညနေ လေးနာရီ နောက်ဆုံး အနေနဲ့ ပြန်တက်ရပါတယ်။ ညအလုပ် ၀င်ရမဲ့ သူတွေက ရှိတာကိုး။ မနက်မှ အလုပ်ဝင်မဲ့ သူကတော့ နားပေါ့ ဒီလိုပါ။ အဲ လေးနာရီကျော်ပီးမှ ရောက်လာရင်တော့ Management Team ရဲ့ Decision ဆိုတာကြီးကို ရင်တမမ နဲ့သာစောင့်ပေတော့ဗျို့ ။ ကံမကောင်းရင် Terminate လုပ်တဲ့ အထိ ပြစ်ဒဏ် ရနိုင် ပါတယ်။ ကဲ ပြောနေတဲ့ စကားတောင် ဘယ်ရောက်လဲ မသိတော့ဘူး။ ၂ ခွဲနေတော့ မှ အသည်းအသန် လက်ကျန် ၀ယ်စရာရှိတာကို အပီးဖြတ်ပီး တဂွီဂွီတဂွမ်ဂွမ် ဖြစ်နေတဲ့ ဗိုက်ပြသနာကို နီးရာ တရုတ်ဆိုင်တဆိုင်မှာ ဖြေရှင်းလိုက်ရပါတယ်။ အားလုံးပီးတော့ ၃ခွဲ ဖယ်ရီဆိပ်ကို ငါးယောက်သား အသားကို ကားငှားပီး လစ်ရ ပါတော့တယ်။ တော်သေးတာက ဖယ်ရီ ထွက်ခါနီးလေးမှာပဲ ကျနော်တို့ အောင်မြင်စွာ ဖယ်ရီပေါ်က ခုံငါးလုံးမှာ အမိအရထိုင် နိုင်လိုက်ပါတယ် ခင်ဗျား။ ကဲ တလ Shore Leave တော့ ပီးသွားပြန်ပါပီ။ နောက်လကို စောင့်ရင် ဒီမှာပဲ လေကြောရှည်တာကို ရပ်နားလိုက်ပါတယ်။
Labels: ဟိုဟိုဒီဒီရေးထားတာတွေ
ကျနော် နဲ့ အတိတ် စာမျက်နှာက သူငယ်ချင်းတချို့
မနေ့က အိပ်ခါနီးမှ စိတ်ကူးပေါက်သည်နှင့် ကျနော့ရဲ့ ဒိုင်ယာရီစာအုပ်ဟောင်းလေးကို ပြန်လှန်ကြည့်မိသည် တချို့စာမျက်နှာတွေမှာ ခံစားချက်ပေါ့ပေါ့နှင့်ရေးထားသော အကြောင်းအရာများသာ ဖြစ်ပေမဲ့ တချို့ မျက်နှာ တွေမှာက အဲ့တုန်းက ခံစားချက်တွေကို အတိုင်းသား ပြန်ထင်မြင်စေတဲ့ အကြောင်းအရာ များဖြစ်သည်။ ဖတ်ရင်း အဲ့တုန်းက အကြောင်းအရာလေးများကို ပြန်ခံစားကြည့်မိတော့ ခံစားချက်များက အတိတ်ကခံစား ရသလိုပင် ပြန်လည် ခံစားခဲ့ရသည်။ အဲ တနေရာရောက်တော့ Date က ၄ ဇန်န၀ါရီ ၂၀၀၆ ခုနှစ်။ ဟား … ကျနော် IELTS ကို ဆရာအာသာဆီမှာ တက်စဉ်က အပတ်စဉ်တောက်လျှောက်က ကျနော်တို့သူငယ်ချင်း များ၏ လှော်ကားပျော်ပွဲစား ခရီးစဉ်တခု၏ မှတ်တမ်းကို ရေးထားသော စာမျက်နှာကို ပြန်ဖတ်မိလေသည်။
ကျနော် ဆရာအာသာ အင်္ဂလိပ်စကားပြောသင်တန်းတွင် Basic Level မှ IELTS Advance Level ထိ တက် ခဲ့သည်။ တောက်လျှောက်သင်တန်းကာလက တော်တော်ကြာခဲ့သည် ကျနော်တို့အပတ်စဉ်တွင် ကျနော်လိုပဲ တောက်လျှောက် တက်သည့် သူများသည်။ ဆရာကလည်း အာဝဇွန်းရွှင်ရွှင် တပည့်တွေကလည်း တယောက်တပေါက်ဆိုတော့ ကျနော်တို့အပတ်စဉ် တလျှောက်မှ သူငယ်ချင်းများသည် တယောက်နှင့် တယောက် အတော့်ကို ရင်းနှီးခဲ့ကြသည်။ ဒီလိုနဲ့ ကျနော်တို့ Level တခုအပီးမှာ အားလုံးအမှတ်တရ အနေနှင့် ပျော်ပွဲစားခရီးတခု စီစဉ်လျှင် ကောင်းမည်ဟု ဆရာက အကြံပေးလာသောအခါ ကျနော်တို့တွေ ကလည်း နဂိုကတည်းက စဉ်းစားထားသည် ဖြစ်သည်နှင့် ၄ ဇန်န၀ါရီ ၂၀၀၆ လွတ်လပ်ရေးနေ့ကို စီစဉ်လိုက် ကြသည်။ ထိုကိစ္စမျိုးကို တာဝန်ယူရသည်ကို နှစ်သက်သော ကျနော်နှင့် နောက် သူငယ်ချင်းနှစ်ယောက် (၀ဏ္ဏဇော်၊ ကိုဌေးဦး) သုံးယောက်သား ကျနော်တို့ တာဝန်ခွဲကာ စီစဉ်ခဲ့ကြသည်။ ပိုက်ဆံကိတ်စ တာဝန်ယူသူက ကိုဌေးဦး အားလုံးထံမှ ပိုက်ဆံကောက်ကာ တာဝန်ယူသိမ်းဆည်းပီး မပိုသည့်အပြင် လိုသည် များကိုပါ သူဖြည့်ပေးရတာကို သွားမှတ်မိသည်။ ကပ်ပီးစီစဉ်ရတာ ဖြစ်သည့်အတွက် ကျနော်တို့ အတွက် တော်တော့်ကို ကသီလင်တ နိုင်ခဲ့ရသည်။ သုံးယောက်သား သင်တန်းအပီးတွင် ကိုယ့်အလုပ် ကိုယ်ရှိသည် ကို မသွားဖြစ်ကြပဲ လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ ဒီနေ့ ဘာလုပ်မလဲဆိုတာ တိုင်ပင်ကြရသည် ပီးသည်နှင့် တယောက်ချင်းခွဲလုပ်ရသည့်နေ့များ ရှိခဲ့သလို သုံးယောက်သား တူတူ သွားခဲ့ရသည့် နေ့တွေလည်း ရှိသည်။ အဓိက ကတော့ သွားစရာအတွက် ကားကို မီနီဘတ်စ်လေးတစီး စီစဉ်ခဲ့ကြသည် အစားအသောက်အတွက်က လွယ်လွယ်ကူကူ ဒံပေါက်ပင် အော်ဒါမှာကြသည်။ သုံးယောက်သား စီစဉ်ကြရင်းမှ အကြံကောင်းတခု ရသည်က Address Book လေးလုပ်ရန် ထို့အတွက် အားလုံးကို ဓာတ်ပုံများ လိပ်စာများ နှစ်ရက်အတွင်း လိုက်တောင်းကြရသည်။ ထိုတွင် တချို့ လိုလိုချင်ချင်ဖြင့် ပေးကာ အားပေး သဘောတူကြသော်လည်း တချို့ အပိုတွေဟု ဆိုကာ မပေးသော သူတချို့လည်းရှိသည်။ ထို့အတွက်တော့ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ကျနော်တို့၏ Address Book လေးက တချို့နေရာတွေမှာ ကွက်လပ်ကလေးတွေ နှင့် ဖြစ်ခဲ့ရသည်လေ။ ထိုစာအုပ်ကလေးကိုတော့ ကျနော်တာဝန်ယူကာ တရက်တည်း နှင့်အပီးတာဝန်ယူ လုပ်ပေးခဲ့ရသည်။ ထို့အတွက် ကျနော်အပူ ကပ်၍ တခြားအလုပ်များပစ်ကာ ကျနော့ တန်ဖိုးနည်းပီး လက်ဝင်သော စာအုပ်လေးများကို မညည်းမညူ လုပ်ပေးခဲ့သော A+ Print House မှ အကို ကိုမျိုးကိုလည်း အမှန်ပင်ကျေးဇူးတင်မိပါသည်။ ထိုနေ့က သူနှင့် ကျနော် နေ့လည် ၁၂ ကနေ ည၉နာရီ ထိ စာအုပ်ကလေးများ ဖြစ်လာရန် ကြိုးစားခဲ့ကြရသည် ဒီဇိုင်းပိုင်းက ပြသနာမရှိပေမဲ့ ပုံနှိပ်က စကားပြောသွား သည် သိုပေမဲ့လည်း မတတ်နိုင် ဖြစ်အောင်လုပ်ခဲ့ရသည် မနက်ဖြန်မနက်လိုအချိန်မျိုးတွင်ပဲ ခရီးကစတော့ မည်ကိုး။ အဲ့နေ့ ကျနော် အိမ်ပြန်ရောက်တော့ အတော့်ကို စိတ်အေးသွားသည် ကျနော်တို့ခရီးစဉ် ဖြစ်မြောက်ခဲ့ပီးကိုး။ အိမ်ပြန်ရောက်တော့ သူငယ်ချင်းဆီ ဖုန်းဆက်မေးရသည် သူ့ကို Puzzle game အတွက် လိုအပ်သော ပစ္စည်းများကို ၀ယ်ခိုင်းခဲ့သည်ကိုး။ သူ့ဘက်က အားလုံး အိုကေ ဆိုမှ သက်ပြင်း ဒုန်းဒုန်းချနိုင်သည်။ ထို့အတွက် ကျနော်တို့မေ့နေသည်ကို အကြံပေးခဲ့သော ဆရာ ဦးအောင်ဟိန်းဇော် ကိုလည်း တကယ်ကျေးဇူးတင်မိပါသည်။ ဆရာကြောင့်သာ ကျနော်တို့ ပျော်ပွဲစားက အသက်ဝင်ခဲ့သည်လေ ဆရာစီစဉ်သော ဂိမ်းတွေကလည်း တကယ်ပင် တခြားကျနော်တို့ ဆော့ဖူးသော ဂိမ်းများနှင့်မတူ ပွဲတိုင်းလိုလို အူတက်မတက် ရယ်ရသော ကစားနည်းများပင် ဖြစ်သည်။ ထို ကစားနည်းလေး တွေကြောင့်ပင် ကျနော်တို့ သင်တန်းသူ သင်တန်းသားတွေ ပိုရင်းနှီးကာ တချို့ဆို ချစ်သူ များပင် ဖြစ်သွားကြသည်။ ခရီးစဉ်နေ့ကြတော့ ကျနော်တို့ မနက်၆နာရီတွင်ပင် စုရပ်လုပ်ကာ ၇နာရီ နောက်ဆုံး ထား၍ထွက်ခဲ့ကြသည် ကက်ဆက်ဖွင့်သံ ဂစ်တာသံများဖြင့် တလမ်းလုံး ပျော်ပွဲစားခရီး ပီသစွာ အသက်ဝင်ခဲ့ရသည်။ အချိန်တော်တော်များများကတော့ ဆရာ့ဟာသတွေ နားထောင်ရင်း တဟီးဟီး တဟား ဟားဖြင့် ရယ်ကာ ခရီးဆက်ခဲ့ကြသည်။ ကျနော်တို့ မင်္ဂလာဒုံရောက်တော့ စစ်သင်္ချိုင်းမှာ ခဏ၀င်ကာ ကြည့်ကြသေးသည်။ ကျနော့တသက်တကိုယ် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ လှော်ကားဥယျာဉ်ရောက်တော့ မနက် ၁၀ နာရီခန့်။ ဆရာ့စီစဉ်မှု အရ ကျနော်တို့ ကားနှင့်မပတ်ပဲ ခြေလျင်သာ တောလမ်းခရီးကို သွားခဲ့ ကြသည်။ နည်းနည်းပင်ပမ်းသော်လည်း လူတွေတအုပ်ကြီးဖြင့် မိန်းကလေးတွေပါမကျန် အကုန် တူတူ သွားခဲ့ကြသည်က တကယ့်ကို အမှတ်တရပင် ဆရာပြောသလို ခြေလျင်လမ်းက ပိုပျော်ခဲ့ကြရသည်။ ကျနော်တို့တွေ ဇရပ်တခုကို အပိုင်စီးကာ စားသောက်ပီး။ Puzzle Game များဖြင့် ကစားကြသည်။ ညနေ ပိုင်းတွင် ငှက်ပြတိုက်ကို ၀င်ရောက်လေ့လာကာ အပြန်ခရီးစခဲ့ကြသည်။ အားလုံး ပျော်ပျော်ပါးပါး ပင် ခရီးစဉ် တခုပီးဆုံးခဲ့လေသည်။ နောက်ဆုံး ကားပေါ်တွင် ကျန်ခဲ့သည်က ကျနော်တို့ စီစဉ်သူ သုံးယောက် မထင်မှတ်ပဲ ရခဲ့သည့် အကြံတခုကြောင့် ထိုခရီးစဉ်မှတ်တမ်းလေးက ဓာတ်ပုံများကို CD ALBUM လေး လုပ်ကာ သင်တန်းသူသင်တန်းသား အားလုံးကို ကျနော်တို့ လက်ဆောင်ပေးခဲ့ကြသည်။ ဒါကတော့ ကျနော်တို့သုံးယောက်၏ အမှတ်တရလက်ဆောင်သက်သက်ပင် ဘယ်သူ့ကို မှလည်း မပြောခဲ့ပေ။ ကျနော်တို့ ကျေနပ်မိတာက ကျနော်တို့စီစဉ်သော ခရီးစဉ်တခု ဘာပြသနာမှ မရှိပဲ ချောချောမွေ့မွေ့ အစဉ်ပြေစွာ ပီးဆုံးခဲ့ခြင်းပေ။
ကျနော်လိုပဲ သူငယ်ချင်းအားလုံးလည်း ထိုခရီးစဉ်လေးကို တချိန်မဟုတ် တချိန်တော့ ပြန်သတိရမည် ထင်ပါသည်။ ဘ၀မှာ တွေ့ဆုံကြုံကွဲ ဆိုတာ အစဉ်အလာပေမဲ့ ဘ၀တကွေ့မှာ တွေ့ခဲ့ကြတဲ့ သူငယ်ချင်းတွေ ကိုတော့ တကယ်မမေ့နိုင်ပါဘူး။ ခုတော့လည်း တယောက်တနေရာ ကွဲနေကြပီလေ။ တချိန်ချိန်မှာ ပြန်ဆုံနိုင် မယ်လို့ မျှော်လင့်ရင်းနဲ့ ဒီပို့စ်လေးကို တင်မိတာပါ။ ထိုခရီးစဉ်မှ သူငယ်ချင်းတယောက်တလေက ဒီပိုစ့်လေးကို ဖတ်မိမယ်ဆို အရမ်းဝမ်းသာမိမှာပါ။ (S-363)
Labels: ကျနော့မှတ်စု
အရမ်းကြိုက်မိတဲ့ ဆရာကြီး ပဌမန၀ဒေးရဲ့ ကဗျာအမွေလေးတပုဒ်ပါ မျှဝေပေးလိုက်ပါတယ်.... လိုက်တော်မူပါ… လိုက်တော်မူပါ၊ ကြင်ဘွယ်သာတည့်၊ အာကာပျံကြွ ၊ ဝေပူမြကို၊ သိင်္ခနှစ်စု၊ ပေါင်း၍ထုသို့၊ ယုယုယယ၊
ငြိမ့်မြလေးပင်၊ မွတ်မွတ်စင်သည်၊ အပြင်နွဲ့ညွတ်၊ ဟင်သာနတ်၊ နန်းထွတ်အောင်စည်၊ နောင်တို့ပြည်ကား၊ သာသည်ဆန်းထူး၊ ကဲလွန်ကျူးမျှ၊ တန်ခူးသည်က၊ လျဥ့်လျဥ့်စ၍၊ သန်လဆောင်းလျှင်၊ မည်သည်တွင်မှ၊ သဘင်မပြတ်၊ နွေသိုပတ်ရှင့်၊ ရွှေဝတ်ရွှေဆင်း၊ ပြောင်ပြောင်ဝင်းသို့၊ နောင်မင်းသက်မျှ၊ နတ်ထက်လှသည်၊ ရောက်ကမြင်တော်မူလိမ့်မည်။ ကြိုက်သော်ယူကာ၊ နတ်ခြောက်ရွာသို့၊ လက်သာမှီလှမ်း၊ မကြိုးပမ်းတည့်၊ ကြင်ကျွမ်းထပ်ရစ်၊ မြခြည်နစ်သို့၊ ရှင်ချစ်ဝန်းရှင်၊ တောင်တခွင်လည်း၊ မြင်ထင်မြင်မိ၊ ထွန်းညိလျှံလင်း၊ ကြက်တင်းစကား၊ ကင်းဘုရားနှင့်၊ ၀ှန်ကြားပေါက်ပြ၊ ဌာဝီသလည်း၊ နှံ့မျှဝန်းလည်၊ ရောက်ခြောက်မည်နှင့်၊ မှောင်ခြည်မပတ်၊ ပြိုင်၍လွှတ်သို့၊ မိုးနတ်နှိုင်းလျော်၊ အလှကျော်သည်၊ လိုက်တော်မူပါ၊ လွမ်းရရှာနှင့်၊ အောင်ချာချက်မ၊ ရွှေခေတ္တကား၊ မာဃထွက်ထား၊ တံမျဉ်းသား၍၊ နဂါးစက်လည်၊ ၀ပြောစည်သည်၊ နတ်ပြည်ထင်တော်မူလိမ့်မည်။ လှိုက်ဆော်ကူလှာ၊ မိုးဒေ၀ါလည်း၊ ချိန်ခါထူးလည်၊ တန်ပြီးသည်ကို၊ ရိုက်မြည်ဆောင်ကျူး၊ ကြွေးကြော်မြူးက၊ မပူးဖော်ရှား၊ နောင့်ထူးသွားသော်၊ သနားဘွယ်သာ၊ မယ်မပါ
၍၊ ရွှေကြာပျံ့မွှန်း၊ ရေမှာကျွန်းသို့၊ လွမ်းပန်းဆင့်ကုန်း၊ နေ့တိုင်းရုံးလျက်၊ တက်ပြုံးရေသား၊ ငါးငါးကြင်းဆန်၊ တောင်လေပြန်က၊ သင်္ကြန်အတာ၊ သို့သောခါဝယ်၊ သီတာယဉ်ရှင်၊ ထက်ဝန်းကျင်လည်း၊ ကေရှင်မြစည်း၊ စုလည်းရွှေညှောက်၊ မြိတ်ခေါက်မြိတ်လွတ်၊ ထုံးပတ်ရစ်ဆင်၊ ဆံကျင်ရောင်တောက်၊ ကျိုင်းသစ်အောက်ဝယ်၊ ကြဲမြှောက်စံကျင်း၊ ရေလုံးလင်းမျှ၊ န၀င်းမြစ်လုံး၊ ပိတ်လျက်ဖုံး၍၊ ပတ်ကုံးစံကျင်း၊ ရေလုံးလင်းမျှ၊ န၀င်းမြစ်လုံး၊ ပိတ်လျှက်ဖုံး၍၊ ပတ်ကုံးဦးစီး၊ တက်ပြိုင်ချီက၊ ပည်းညီပြိုင်းလှိုင်း၊ အဆိုင်းဆိုင်းသည်၊ နေ့တိုင်းရွှင်တော်မူလိမ့်မည်။
Labels: ကဗျာ
ဒါလေးကို ကိုစိုးထက် ဆီမှာ တွေ့လို့ စမ်းကြည့်တာပါ .. Social Blogger ပါတဲ့ ....
| You Are a Social Blogger! |
![]() Your blog is more of a semi-private affair for your friends. It's how you keep in touch... sharing stories, jokes, and pics. |


