ကျနော် နဲ့ အတိတ် စာမျက်နှာက သူငယ်ချင်းတချို့

မနေ့က အိပ်ခါနီးမှ စိတ်ကူးပေါက်သည်နှင့် ကျနော့ရဲ့ ဒိုင်ယာရီစာအုပ်ဟောင်းလေးကို ပြန်လှန်ကြည့်မိသည် တချို့စာမျက်နှာတွေမှာ ခံစားချက်ပေါ့ပေါ့နှင့်ရေးထားသော အကြောင်းအရာများသာ ဖြစ်ပေမဲ့ တချို့ မျက်နှာ တွေမှာက အဲ့တုန်းက ခံစားချက်တွေကို အတိုင်းသား ပြန်ထင်မြင်စေတဲ့ အကြောင်းအရာ များဖြစ်သည်။ ဖတ်ရင်း အဲ့တုန်းက အကြောင်းအရာလေးများကို ပြန်ခံစားကြည့်မိတော့ ခံစားချက်များက အတိတ်ကခံစား ရသလိုပင် ပြန်လည် ခံစားခဲ့ရသည်။ အဲ တနေရာရောက်တော့ Date က ၄ ဇန်န၀ါရီ ၂၀၀၆ ခုနှစ်။ ဟား … ကျနော် IELTS ကို ဆရာအာသာဆီမှာ တက်စဉ်က အပတ်စဉ်တောက်လျှောက်က ကျနော်တို့သူငယ်ချင်း များ၏ လှော်ကားပျော်ပွဲစား ခရီးစဉ်တခု၏ မှတ်တမ်းကို ရေးထားသော စာမျက်နှာကို ပြန်ဖတ်မိလေသည်။

ကျနော် ဆရာအာသာ အင်္ဂလိပ်စကားပြောသင်တန်းတွင် Basic Level မှ IELTS Advance Level ထိ တက် ခဲ့သည်။ တောက်လျှောက်သင်တန်းကာလက တော်တော်ကြာခဲ့သည် ကျနော်တို့အပတ်စဉ်တွင် ကျနော်လိုပဲ တောက်လျှောက် တက်သည့် သူများသည်။ ဆရာကလည်း အာဝဇွန်းရွှင်ရွှင် တပည့်တွေကလည်း တယောက်တပေါက်ဆိုတော့ ကျနော်တို့အပတ်စဉ် တလျှောက်မှ သူငယ်ချင်းများသည် တယောက်နှင့် တယောက် အတော့်ကို ရင်းနှီးခဲ့ကြသည်။ ဒီလိုနဲ့ ကျနော်တို့ Level တခုအပီးမှာ အားလုံးအမှတ်တရ အနေနှင့် ပျော်ပွဲစားခရီးတခု စီစဉ်လျှင် ကောင်းမည်ဟု ဆရာက အကြံပေးလာသောအခါ ကျနော်တို့တွေ ကလည်း နဂိုကတည်းက စဉ်းစားထားသည် ဖြစ်သည်နှင့် ၄ ဇန်န၀ါရီ ၂၀၀၆ လွတ်လပ်ရေးနေ့ကို စီစဉ်လိုက် ကြသည်။ ထိုကိစ္စမျိုးကို တာဝန်ယူရသည်ကို နှစ်သက်သော ကျနော်နှင့် နောက် သူငယ်ချင်းနှစ်ယောက် (၀ဏ္ဏဇော်၊ ကိုဌေးဦး) သုံးယောက်သား ကျနော်တို့ တာဝန်ခွဲကာ စီစဉ်ခဲ့ကြသည်။ ပိုက်ဆံကိတ်စ တာဝန်ယူသူက ကိုဌေးဦး အားလုံးထံမှ ပိုက်ဆံကောက်ကာ တာဝန်ယူသိမ်းဆည်းပီး မပိုသည့်အပြင် လိုသည် များကိုပါ သူဖြည့်ပေးရတာကို သွားမှတ်မိသည်။ ကပ်ပီးစီစဉ်ရတာ ဖြစ်သည့်အတွက် ကျနော်တို့ အတွက် တော်တော့်ကို ကသီလင်တ နိုင်ခဲ့ရသည်။ သုံးယောက်သား သင်တန်းအပီးတွင် ကိုယ့်အလုပ် ကိုယ်ရှိသည် ကို မသွားဖြစ်ကြပဲ လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ ဒီနေ့ ဘာလုပ်မလဲဆိုတာ တိုင်ပင်ကြရသည် ပီးသည်နှင့် တယောက်ချင်းခွဲလုပ်ရသည့်နေ့များ ရှိခဲ့သလို သုံးယောက်သား တူတူ သွားခဲ့ရသည့် နေ့တွေလည်း ရှိသည်။ အဓိက ကတော့ သွားစရာအတွက် ကားကို မီနီဘတ်စ်လေးတစီး စီစဉ်ခဲ့ကြသည် အစားအသောက်အတွက်က လွယ်လွယ်ကူကူ ဒံပေါက်ပင် အော်ဒါမှာကြသည်။ သုံးယောက်သား စီစဉ်ကြရင်းမှ အကြံကောင်းတခု ရသည်က Address Book လေးလုပ်ရန် ထို့အတွက် အားလုံးကို ဓာတ်ပုံများ လိပ်စာများ နှစ်ရက်အတွင်း လိုက်တောင်းကြရသည်။ ထိုတွင် တချို့ လိုလိုချင်ချင်ဖြင့် ပေးကာ အားပေး သဘောတူကြသော်လည်း တချို့ အပိုတွေဟု ဆိုကာ မပေးသော သူတချို့လည်းရှိသည်။ ထို့အတွက်တော့ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ကျနော်တို့၏ Address Book လေးက တချို့နေရာတွေမှာ ကွက်လပ်ကလေးတွေ နှင့် ဖြစ်ခဲ့ရသည်လေ။ ထိုစာအုပ်ကလေးကိုတော့ ကျနော်တာဝန်ယူကာ တရက်တည်း နှင့်အပီးတာဝန်ယူ လုပ်ပေးခဲ့ရသည်။ ထို့အတွက် ကျနော်အပူ ကပ်၍ တခြားအလုပ်များပစ်ကာ ကျနော့ တန်ဖိုးနည်းပီး လက်ဝင်သော စာအုပ်လေးများကို မညည်းမညူ လုပ်ပေးခဲ့သော A+ Print House မှ အကို ကိုမျိုးကိုလည်း အမှန်ပင်ကျေးဇူးတင်မိပါသည်။ ထိုနေ့က သူနှင့် ကျနော် နေ့လည် ၁၂ ကနေ ည၉နာရီ ထိ စာအုပ်ကလေးများ ဖြစ်လာရန် ကြိုးစားခဲ့ကြရသည် ဒီဇိုင်းပိုင်းက ပြသနာမရှိပေမဲ့ ပုံနှိပ်က စကားပြောသွား သည် သိုပေမဲ့လည်း မတတ်နိုင် ဖြစ်အောင်လုပ်ခဲ့ရသည် မနက်ဖြန်မနက်လိုအချိန်မျိုးတွင်ပဲ ခရီးကစတော့ မည်ကိုး။ အဲ့နေ့ ကျနော် အိမ်ပြန်ရောက်တော့ အတော့်ကို စိတ်အေးသွားသည် ကျနော်တို့ခရီးစဉ် ဖြစ်မြောက်ခဲ့ပီးကိုး။ အိမ်ပြန်ရောက်တော့ သူငယ်ချင်းဆီ ဖုန်းဆက်မေးရသည် သူ့ကို Puzzle game အတွက် လိုအပ်သော ပစ္စည်းများကို ၀ယ်ခိုင်းခဲ့သည်ကိုး။ သူ့ဘက်က အားလုံး အိုကေ ဆိုမှ သက်ပြင်း ဒုန်းဒုန်းချနိုင်သည်။ ထို့အတွက် ကျနော်တို့မေ့နေသည်ကို အကြံပေးခဲ့သော ဆရာ ဦးအောင်ဟိန်းဇော် ကိုလည်း တကယ်ကျေးဇူးတင်မိပါသည်။ ဆရာကြောင့်သာ ကျနော်တို့ ပျော်ပွဲစားက အသက်ဝင်ခဲ့သည်လေ ဆရာစီစဉ်သော ဂိမ်းတွေကလည်း တကယ်ပင် တခြားကျနော်တို့ ဆော့ဖူးသော ဂိမ်းများနှင့်မတူ ပွဲတိုင်းလိုလို အူတက်မတက် ရယ်ရသော ကစားနည်းများပင် ဖြစ်သည်။ ထို ကစားနည်းလေး တွေကြောင့်ပင် ကျနော်တို့ သင်တန်းသူ သင်တန်းသားတွေ ပိုရင်းနှီးကာ တချို့ဆို ချစ်သူ များပင် ဖြစ်သွားကြသည်။ ခရီးစဉ်နေ့ကြတော့ ကျနော်တို့ မနက်၆နာရီတွင်ပင် စုရပ်လုပ်ကာ ၇နာရီ နောက်ဆုံး ထား၍ထွက်ခဲ့ကြသည် ကက်ဆက်ဖွင့်သံ ဂစ်တာသံများဖြင့် တလမ်းလုံး ပျော်ပွဲစားခရီး ပီသစွာ အသက်ဝင်ခဲ့ရသည်။ အချိန်တော်တော်များများကတော့ ဆရာ့ဟာသတွေ နားထောင်ရင်း တဟီးဟီး တဟား ဟားဖြင့် ရယ်ကာ ခရီးဆက်ခဲ့ကြသည်။ ကျနော်တို့ မင်္ဂလာဒုံရောက်တော့ စစ်သင်္ချိုင်းမှာ ခဏ၀င်ကာ ကြည့်ကြသေးသည်။ ကျနော့တသက်တကိုယ် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ လှော်ကားဥယျာဉ်ရောက်တော့ မနက် ၁၀ နာရီခန့်။ ဆရာ့စီစဉ်မှု အရ ကျနော်တို့ ကားနှင့်မပတ်ပဲ ခြေလျင်သာ တောလမ်းခရီးကို သွားခဲ့ ကြသည်။ နည်းနည်းပင်ပမ်းသော်လည်း လူတွေတအုပ်ကြီးဖြင့် မိန်းကလေးတွေပါမကျန် အကုန် တူတူ သွားခဲ့ကြသည်က တကယ့်ကို အမှတ်တရပင် ဆရာပြောသလို ခြေလျင်လမ်းက ပိုပျော်ခဲ့ကြရသည်။ ကျနော်တို့တွေ ဇရပ်တခုကို အပိုင်စီးကာ စားသောက်ပီး။ Puzzle Game များဖြင့် ကစားကြသည်။ ညနေ ပိုင်းတွင် ငှက်ပြတိုက်ကို ၀င်ရောက်လေ့လာကာ အပြန်ခရီးစခဲ့ကြသည်။ အားလုံး ပျော်ပျော်ပါးပါး ပင် ခရီးစဉ် တခုပီးဆုံးခဲ့လေသည်။ နောက်ဆုံး ကားပေါ်တွင် ကျန်ခဲ့သည်က ကျနော်တို့ စီစဉ်သူ သုံးယောက် မထင်မှတ်ပဲ ရခဲ့သည့် အကြံတခုကြောင့် ထိုခရီးစဉ်မှတ်တမ်းလေးက ဓာတ်ပုံများကို CD ALBUM လေး လုပ်ကာ သင်တန်းသူသင်တန်းသား အားလုံးကို ကျနော်တို့ လက်ဆောင်ပေးခဲ့ကြသည်။ ဒါကတော့ ကျနော်တို့သုံးယောက်၏ အမှတ်တရလက်ဆောင်သက်သက်ပင် ဘယ်သူ့ကို မှလည်း မပြောခဲ့ပေ။ ကျနော်တို့ ကျေနပ်မိတာက ကျနော်တို့စီစဉ်သော ခရီးစဉ်တခု ဘာပြသနာမှ မရှိပဲ ချောချောမွေ့မွေ့ အစဉ်ပြေစွာ ပီးဆုံးခဲ့ခြင်းပေ။

ကျနော်လိုပဲ သူငယ်ချင်းအားလုံးလည်း ထိုခရီးစဉ်လေးကို တချိန်မဟုတ် တချိန်တော့ ပြန်သတိရမည် ထင်ပါသည်။ ဘ၀မှာ တွေ့ဆုံကြုံကွဲ ဆိုတာ အစဉ်အလာပေမဲ့ ဘ၀တကွေ့မှာ တွေ့ခဲ့ကြတဲ့ သူငယ်ချင်းတွေ ကိုတော့ တကယ်မမေ့နိုင်ပါဘူး။ ခုတော့လည်း တယောက်တနေရာ ကွဲနေကြပီလေ။ တချိန်ချိန်မှာ ပြန်ဆုံနိုင် မယ်လို့ မျှော်လင့်ရင်းနဲ့ ဒီပို့စ်လေးကို တင်မိတာပါ။ ထိုခရီးစဉ်မှ သူငယ်ချင်းတယောက်တလေက ဒီပိုစ့်လေးကို ဖတ်မိမယ်ဆို အရမ်းဝမ်းသာမိမှာပါ။ (S-363)

0 Comments:

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.