ဆေးခါးတခွက်

ဘလော့ဂ်ဂါ အကိုတယောက်ရေးတဲ့ ပို့စ်တခုကို ဖတ်တုန်းက အမှုမှတအမှတ်မဲ့ ဖတ်ခဲ့ပေမဲ့ အခုတလောမှာ စဉ်းစား စရာ ­­­­တွေ ၀င်လာရင်းက အဲဒီပို့စ်လေးကို ပြန်စဉ်းစားတော့ အတွေးတွေ ၀င်လာပါတော့တယ်။ သူရေးထားတာက အခုခေတ်မှာ မသုံးနိုင်ရင် ခေတ်မမှီနိုင်လောက်အောင် ခေတ်နဲ့အများကြီး မျက်ခြေပျက် သွားလောက်အောင် နားမလည်နိုင်လောက်အောင် ဖြစ်သွားနိုင်တဲ့ အင်တာနက် အသုံးပြုခြင်း ကြောင့် ရရှိမဲ့ ဆိုးခြင်း ကောင်းခြင်းများပါပဲ။ အင်တာနက်ကို ကောင်းတဲ့လမ်းက အသုံးချနိုင်ရင် ဆေးကောင်း တခွက် ဖြစ်နိုင်သလို လွဲမှားစွာ အသုံးချမိရင်တော့ သောက်သုံးသူအတွက် ဆေးခါးတခွက်ဖြစ်စေမှာ အမှန် ပါပဲ တဲ့။ အဲဒီပို့စ်ကို ဖတ်ပီးတော့ ကျနော် ကိုယ့်ဘာသာ ပြန်သုံးသပ် ကြည့် ပါတယ် သိပ်ကို စဉ်းစားစရာ မလိုလိုက်ပါဘူး တမိနစ်ပါပဲ တကယ့်ကို တမိနစ်ပါပဲ။

ကျနော်ဟာ ဆေးခါး သောက်သုံး နေသူ တယောက်ပါ သိသိကြီးနဲ့ သောက်သုံးနေသူတယောက်ဆို ပိုမှန်ပါလိမ့်မယ်။ ကျနော် သင်္ဘောပေါ် စရောက် ပီး ၁၀ လအကြာမှာ ကွန်ပျူတာဝယ်ပီး အင်တာနက်ချိတ်သုံးခဲ့တာပါ။ ခုဆိုရင် ၁၉ လ ဖြစ်နေပီပေါ့။ အဲဒီ သုံးခဲ့တဲ့ ၉ လလုံးမှာ ကျနော် ၀င်ခဲ့တဲ့ Web Site က သုံးလေးခု သာ ရှိခဲ့ပါတယ်။ အဓိက ကတော့ Chat Room Site ပါပဲ။ ကွန်ပျူတာဝယ်ခဲ့စဉ်ကတည်းက Chat Room ၀င်မယ်ဆိုပီး ရည်ရွယ်ချက် ကြီးကြီး မားမားနဲ့ကို ၀ယ်ခဲ့တာပါ။ ကွန်ပျူတာ မ၀ယ်ခင်တုန်းက ကျနော်အတွက် အလုပ်ချိန်ပြင်ပ ကိုယ်ပိုင် အချိန်တွေဟာ များလှပါတယ်။ စာဖတ်ချိန်ဆိုတာလည်း သတ်သတ်မှတ်မှတ်ကို ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာ ၀ယ်ပီးချိန်က စပီးတော့ ကျနော်အတွက် အဲဒီအရာတွေအားလုံးဟာ ဆန့်ကျင်ဘက် အဖြစ်ကို ရောက်ရှိခဲ့ပါတော့ တယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းမင်တဲ့ ကျနော့်အတွက် သူငယ်ချင်းတွေနဲ့ ဝေးနေချိန်မှာ Chat Room ဟာ ကျနော့်အတွက် သူငယ်ချင်းတွေ အများအပြားရရှိစေလို့ပါပဲ။ ကျနော် ၀င်တဲ့ Chat Room ကို ကျနော် ကွန်ပျူတာဝယ်ပီးလို့ စ၀င်တဲ့နေ့ကစပီး ဒီနေ့အထိ အသည်းအသန် နေမကောင်းတုန်းကတခါ အရမ်း စိတ်ညစ် တုန်းက တခါ အားလုံးပေါင်း ၄ ရက်လောက်သာ မ၀င်ပဲနေခဲ့ပါတယ်။ ကျန်တဲ့အကြောင်းကြောင်းနဲ့တော့ ပျက်ကွက်မှုကိုမရှိခဲ့တာပါ။ ကုန်ကုန်ဗျာ ကျနော်တို့လို သင်္ဘောပေါ်မှာ တလလုံးနေပီး ခြေချုပ်မိတဲ့ သူတွေ အတွက် တလတခါ ပေးတဲ့ Shore Leave လိုနေ့မျိုးကိုတောင် ကျနော်မဆင်းပဲ သင်္ဘောပေါ်မှာပဲ နေပီး Chat မိတဲ့အထိပါပဲ။ ကျနော်တို့ချတ်ရွမ်းက member တွေဟာ လည်း ကျနော့်လို ချတ်စွဲ နေတဲ့ သူတွေချည့်ပါပဲ မနက်လင်းလင်းချင်း မျက်နှာမသစ်ခင် ကွန်ပျူတာဖွင့်ပီး ၀င်တာ ချတ်ရွမ်းပါပဲ။ ကျနော်တို့ အားလုံးဟာ တရက်မပြတ် နေ့တိုင်း ၀င်ရောက်နေတဲ့သူတွေမို့ အားလုံးဟာ အရမ်းရင်းနှီးပီး တယောက် ယောက်များ မအားလို့ မလာခဲ့ရင် ဘာများဖြစ်လဲဆိုပီး စိတ်ပူတတ်ကြတဲ့ သူတွေပါ။ ချတ်ထဲမှာလည်း တွေ့ရင် အားလုံး ပြောကြတာက ဝေးလားဝါးလား ပါပဲ ဆွေးနွေးကြတယ်ဆိုတာ နည်းပါတယ်။ အပြင်မှာ သူငယ်ချင်းတွေ တွေ့ရင် ဟေးလားဝါးလား လုပ်သလိုပါပဲ။ စိတ်ညစ်စရာကောင်းရင် ဘယ်သူက စွဲမလဲဗျာ။ ဒါပေမဲ့ ဒါတွေ အားလုံးဟာ အကျိုးရှိရဲ့လားဆိုရင်တော့ မရှိပါဘူး။ မရှိမှန်းသိရက်နဲ့ကို သိသိကြီးနဲ့ မဖြတ်နိုင်တော့လဲ ခက်တယ်ဗျာ။ အခုဆိုရင် ကျနော့်မှာ လုပ်စရာတွေ ပုံနေပီ Sea Time ပြည့်ရင် ဖြေမယ့်စာမေးပွဲအတွက်လည်း ဘာဆို ဘာမှ ကို မပြင်ဆင်နိုင်ဘူး။ အလုပ်ချိန်မှာ အလုပ်လုပ် အလုပ်ပီးရင် ချတ် ပီးရင် အိပ်နဲ့ တကယ့်ကိုပဲ ဘာမှကို လုပ်ချိန် မရှိပါဘူး။ ချတ်ကို ဖြတ်ဖို့ ကြိုးစားဖူးပါတယ် ဒါပေမဲ့ ဘိန်းစွဲနေသလိုကို စွဲနေတော့ အရမ်းကို ခက်ခဲပါတယ်ဗျာ။ အဲဒီတော့ ကျနော်ဟာ ဆေးခါးမှန်းသိရက်နဲ့ မြိန်မြိန်ကြီး သောက်သုံးနေတဲ့ လူငယ်တယောက်ပါပဲ။ အခုချိန်မှာ တော့ ကျနော်ဟာ ဆေးခါးကို ဖြတ်ဖို့ ကြိုးစားနေပါပီ။

မိုးသောက်ယံ

မမျှော်လင့်ပဲဆုံတွေ့ပြီး

တိုတောင်းတဲ့အချိန်တွင်းမှာ

ရင်းနှီးးစွာခင်မင်ခဲ့ရတယ်

တဒင်္ဂဆိုတဲ့အချိန်အတွင်းမှာ

မေ့မရနိုင်တဲ့ပျော်ရွှင်မှုတွေကိုပိုင်ဆိုင်ခဲ့ရတယ်

ငယ်သူငယ်ချင်းတွေမဟုတ်ပေမဲ့

ရင်းနှီးပွင့်လင်းကြတဲ့မင်းတို့စရိုက်တွေကြောင့်

အရမ်းကိုခင်မင်မိသွားတယ်

နောင်တချိန်ဒီလိုအချိန်မျိုးကိုပြန်လိုချင်မိတယ်

သူငယ်ချင်းတို့ရယ်...


မိုးပြေး




....

အတ္တဆိုတဲ့လှေပေါ်မှာ

မာနကိုလှော်တက်လုပ်လို့

လှော်ခတ်နေတဲ့ငါ့အတွက်

အေးချမ်းမှုကိုမရနိုင်ပေမဲ့

အောင်မြင်မှုကတော့စောင့်နေမှာပါ။


မိုးပြေး



ကုန်သွားပီ။

ChristMas Eve ရဲ့တညတာ

အားလုံး Merry Christmas ပါ ။

Christmas Party တွေ နေရာ အနှံ့မှာ ဆင်နွှဲနေကြပီဟုတ်။ ကျနော်တို့ သင်္ဘောမှာလည်း ခရစ်ယာန် ဘာသာဝင်တွေပေါင်းလုပ်တဲ့ Party တွေ ရှိပါ့ဗျာ။ မနေ့က တပွဲ ဒီနေ့တပွဲ ၂ပွဲပေါ့။ မနေ့ညကတော့ တီးဝိုင်းတွေ BBQ တွေ၊ ယာမကာ နဲ့ အပျော်အပါး ကစားစရာတွေနဲ့ စည်လို့နေပါတယ်။ ကျနော်လဲ ခဏတဖြုတ်တော့ တက်ဦးမှ ဆိုတဲ့ အတွေးနဲ့ ခဏတက်ကာ BBQ လေးနည်းနည်းစား Christmas Song လေးတွေ ခဏတဖြုတ်နားထောင်ပီး လူများတဲ့ ဒဏ်ကို မခံနိုင်လို့ ပြန်ဆင်းကာ အင်တာနက် ခဏတဖြုတ် သုံးပီး အိပ်ယာဝင်ခဲ့ပါတယ်။ အိပ်ပျော်လို့ အိပ်မောကျတဲ့အချိန်ကျမှ MERRY CHRISTMAS TO YOU ALL !! ဆိုတဲ့ အသံကြောင့် ကျနော်ဇဝေဇ၀ါဖြစ်ခဲ့ရပါတယ်။ အိပ်မောကျစအချိန်မို့ အိပ်မက်လား တကယ်လား ဆိုတာ ရုတ်တရက် ခွဲခြားလို့ မရခဲ့ပါဘူး နောက်မှ သီချင်းဆက်ဆိုတော့မှ ဒါဟာ အိပ်မက် မဟုတ်ပဲ တကယ့် အဖြစ်အပျက် ဆိုတာ သိခဲ့ရပါတော့တယ်။ အိပ်ယာက လိုက်ကာလေး အသာလှစ်ကြည့်လိုက်တော့ ဘုရားရေ ကျနော်တို့ရဲ့ Manage၊ Senior Supervisor၊ Pit Boss၊ Bond Store Supervisor နဲ့ လုံခြုံရေး အကိုကြီး တယောက်တို့ပါ။ အားလုံးဟာ မြန်မာတွေ ချည့်ပါပဲ ။ အခုမှ ပဲ အစောပိုင်းက ကျနော်တို့ဆီက ဂစ်တာ ခဏငှားပါလားဆိုပီး လာငှားသွားတဲ့ အကြံအစည်ကို သိပါတော့တယ်။ အားလုံးကလည်း Dept အသီးသီးက တာဝန်ရှိလူကြီးတွေဆိုတော့လည်း အိပ်ချင်ပေမဲ့ ပြုံးပြုံးလေး နဲ့ သီချင်းပီးအောင် နားထောင်ရတာပေါ့။ သီချင်းကတော့ ခရစ်စမတ်တွေမှာ ကြားနေကျ “ ဒီအိမ်ပေါ်သို့ ကောင်းချီးမင်္ဂလာ ရောက်စေသောဝ်” ဆိုတဲ့ သီချင်းပါပဲ။ သူတို့အထဲမှာက တကယ့် ခရစ်ယာန်ဘာသာဝင် ၂ယောက်သာ ပါ ပါတယ်။ ကျနော်လည်း ငိုရခက် ရယ်ရခက်နဲ့ လူကြီးတွေ မူးပီး လာဆိုကျတာဆိုတော့လည်း ငြိမ်ပီးနားထောင်နေရတာပေါ့။ သူတို့လည်း သီချင်းပီးရော ကျနော်လည်း MERRY CHRISTMAS ဆိုပီး ချော့ကလက်လေးတွေ တခုစီ လက်ဆောင် ပြန်ပေး လိုက်ပါတယ်။ အဲဒီတော့မှ ကဲ ဆက်အိပ် ဆက်အိပ် ဆိုပီး တခြား အခန်းတွေဆီ ဆက်သွားပါတော့တယ်။ အဟဲ ကျနော့ Christmas Eve Day ကတော့ ဒီလိုနဲ့ပဲ ကုန်ဆုံးသွားပါပီဗျာ။

မိုးသောက်ယံ




တနေ့စာအလွဲများ

ထူးအိမ်သင်ရဲ့ သီချင်းမဟုတ်ပါဘူး။ တကယ့်ကိုလွဲတဲ့ တနေ့ပါပဲ။ စိတ်ညစ်ဖို့ကောင်းလိုက်တာဗျာ မနက် မျက်စိ နှစ်လုံး ပွင့်ကတည်းက လွဲလိုက်တဲ့အလွဲဟာ ညအိပ်လို့ မျက်စိနှစ်လုံး ပိတ်မှ ပဲ ပီးပါတော့တယ်။ မနက် အိပ်ရာက နိုးတော့ အိပ်ချင်မူးတူးနဲ့ Alarm မြည်တဲ့ ဖုန်းကို တံတောင်နဲ့ထောင်းမိတယ်လေ။ နောက်မှ ၀ယ်ထားတာ ၂ ရက်ပဲ ရှိသေးတယ်ဆိုတာ ခေါင်းထဲပေါ်လာတော့မှ အတင်းကို ပြူးပြဲပီး ကြည့်ရတယ် တော်သေးတာပေါ့ ဘာမှမဖြစ်လို့။ မနက်စာ စားမယ်ဆိုပီး သွားတော့ ဘာမှ မရှိတာနဲ့ ကြက်ဥကြော်မယ်ပေါ့ လုပ်တာ ရိုးရိုးမလုပ်ပဲ အကွန့်တက်တာလေ အရင်က Omelet လုပ်စားနေကြကို ရှည်ပီး တလုံးကို ဒီအတိုင်းထည့်လိုက်တယ် ကြက်ဥက ၂မျိုးရောပီး ဘာအရသာမှန်းကိုမသိတော့ဘူး နောက်တခေါက်ကလည်း သွားလုပ်ရမှာ ပျင်းတာနဲ့ ဒီအတိုင်းပဲ စားလိုက်တော့တယ်။

အလုပ်ဝင်တော့လည်း စိတ်က ဘာကို အလိုမကျလို့ မကျမှန်းမသိပါဘူး အလုပ်လုပ်ရတာကို အစဉ်မပြေဘူး နေ့လည် ထမင်းစားတော့လည်း ဘာဟင်းမှ မရှိ စားရတာအစဉ်မပြေ ခရီးသည်တွေကလည်း ဒီနေ့မှ အရမ်းများပီး လျှောက်စရာ နေရာတောင် မရှိ အော်လိုက်ကြတာလဲ ငါးစိမ်းသည် အရှုံးပေးရလောက်တယ်။ ဒီလောက်များတဲ့လူတွေ ဘယ်အချိန်ပြသနာ ထတက်မလဲ မသိဘူး စဉ်းစားနေတုန်း ရှိသေး အဘွားကြီး တယောက်က အဘိုးကြီး တယောက်ကို Roulette ကစားတဲ့ နေရာမှာ ဖောင်းခနဲ နားပန်ကျင်းလိုက်တာတွေ့လိုက်ရတယ် (စိတ်ထဲကတော့ ဘုရား တော်တော် လက်သွက်တဲ့အဘွားကြီး ဆိုပီး ကျိတ်ချီးကြူးမိတာပေါ့ :D) စိတ်ထဲက တွေးနေလို့ မဖြစ်ဘူးလေ ဟိုမှာက စကားများပီး ထချကြတော့မယ် အဘိုးကြီးကလည်း အသင့်နေရာ ယူပီးပီ သူတို့ကြည့်ရတာ တကယ့်ကိုဖိုက်ကြ တော့မယ် ပုံပေါက်နေတယ် အဘိုးကြီးက နေရာသာယူထားတာ တကယ်ဆော်နေတာက အဘွားကြီးဗျ တော်တော်လက်သွက်တယ်ဗျာ အနားဝန်းကျင်ကြည့်တော့ ကျေးဇူးရှင် လုံခြုံရေးတွေက တယောက်မှကို မရှိဘူး အဲဒါနဲ့ မနေတတ်မထိုင်တတ် သွားဝင်ဆွဲတယ်ပေါ့ဗျာ .. အဲဒီတော့မှ အဘိုးကြီးက မင်းနောက်မဆုတ်ရင် မင်းကို ထိုးမယ်တဲ့ ကျနော်လည်း ပါးစပ်လေး အဟောင်းသားနဲ့ ဘုရား တလိုက်ရတာပေါ့ ဘယ့်နှယ် ကိုယ်နဲ့မဆီမဆိုင် တော့ မခံနိုင်ပေါင် ကျနော်လဲ သင်ထားတာတွေက အလကား မဟုတ်ပဲလေ နောက်ကို အသာလေးလှမ်း လောက်ကို ဆုတ်ပလိုက်တယ် စက်ကွင်းက လွတ်ပီလေ :D နောက်တော့မှ ရေဒီယိုနဲ့ခေါ်တော့မှ ကိုယ်ရွှေချော လုံခြုံရေးတွေ အသည်းအသန်ရောက်လာပီး ဆွဲတယ်။ နောက်တော့ ကျနော့်ကို မေးလိုက် မြန်းလိုက်တာ တရားခံအတိုင်းပဲ ဘာမှ ကို မဟုတ်ပဲ အမှုတွဲထဲ ၀င်ပါနေတာလေ။ စိတ်ညစ်ပါတယ်။ ညနေ အလုပ်ပီးလို့ အွန်လိုင်းတက်တော့လည်း ညီကို တွေ့တာနဲ့ ကိုယ်က ကောင်းကောင်း သြ၀ါဒပေးနေတာ ပီးတောင် မပီးသေးဘူး ဟိုဘက်က အင်းမလုပ် အဲမလုပ် Reply မလာလို့ မသင်္ကာတာနဲ့ အပေါ် ဘားလေးကို ကြည့်တော့မှ သင်းက အောက်သွားပီ ဘယ်ရမလဲ ဖုန်းမဆက်ချင်လို့ ဒီမှာ ပြောတာကို အောက်သွားတော့လည်း ဖုန်းဆက်ပီး ပြောရတာပေါ့ အဲဒီတော့မှ သင်းက ပြောတာက အင်တာနက်ဆိုင်မှာ ကိုးနတ်ချင် ဒေါင်းသွားလို့တဲ့။ ဖြစ်မှ ဖြစ်ရလေ လို့ တရုံမှ တပါး တခြား မရှိတော့ပီလေ။ ဒီမှာကလဲ ရေလည်ခေါင် လိုင်းက မိတချက် မမိတချက်နဲ့ ညကလည်း နက်နေပီဆိုတော့ ဟင်းး လို့ သက်ပျင်းချပီး အိပ်တာပဲ အေးချမ်းတယ်လို့ သဘောပိုက်ကာ စောစောစီးစီး လိမ်မာလိုက်ရတော့တာပေါ့ဗျာ။ လွဲလိုက်တဲ့ အလွဲတွေနော် …..

မိုးသောက်ယံ

ဧည့်သည်

မဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့မင်း

မလိုအပ်ပဲနဲ့ရရှိခဲ့တဲ့သံယောဇဉ်

မတောင်းဆိုပဲနဲ့ပေးတဲ့ခဲ့အချစ်

မနှင်ထုတ်ပဲနဲ့ထွက်သွားခဲ့တဲ့မင်း

ဒါတွေကိုငါဘယ်လိုနားလည်ရမလဲ


ဒါပေမဲ့

ငါ့ရင်ထဲမှာတော့

မင်းအတွက်

နေရာလေးတခုတော့ရှိနေမှာပါ။ ။

မိုးပြေး

သူသိပါစေ


မပြုံးချင်ပေမဲ့လို့

ဟန်ဆောင်မှုတွေနဲ့ပြုံးနေခဲ့ရတယ်
ငါ့ရင်ထဲက ခံစားချက်တွေကို
ဘယ်သူသိနိုင်မှာလဲ
ပြန်မရနိုင်တော့တဲ့အချိန်တွေ
ပြင်မရတဲ့မှားယွင်းမှုတွေ
မဆုံးနိုင်တဲ့နောင်တတွေနဲ့
ဒီရင်ထဲမှာ
မင်းကိုရင်မောစွာနဲ့လွမ်းနေတယ်ဆိုတာ
မင်းသိမယ်ဆိုရင်
တို့ကျေနပ်ပါပြီ...........။

မိုးပြေး



Newer Posts Older Posts Home

Blogger Template by Blogcrowds.