ဒီတခါအကြောင်းအရာလေးကတော့ အချစ်အကြောင်းပါတဲ့ အားလုံးကို တောင်းပန်ပါတယ် အလုပ်နဲ့ မအားလို့ Tag ထားတာကို ခုမှပဲ တင်နိုင်တယ်။
အချစ်အကြောင်းဆိုတော့ ကျနော် ကိုယ်တိုင်လဲ သိပ်မသိတာ အမှန်ပဲဗျာ။ လူတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြတယ် အချစ်ကြောင့် ပျော်ရွှင်မှုကို ခံစားဖူးတဲ့သူတွေ ရှိသလို နာကျင်လွမ်းဆွေးမှု ဒဏ်ကို ခံစားဖူးတဲ့ သူတွေလဲ ရှိမှာပါ။ ဒါပေမဲ့ ကျနော်တို့ အားလုံးဟာ တချိန်ချိန်မှာ အချစ်နဲ့ ကြုံတွေ့ကြရမှာပါပဲ ဒါဟာ မလွဲနိုင်တဲ့ အမှန်တရားတခုပါ ကျနော်တို့ လူမမည်ဘ၀ကနေပီးတော့ မှီးကောင်ပေါက် ဖြစ်လာပီ ဆိုရင်ပဲ ဟိုကောင်မလေးလှတာတွေ့ရင် ဒီကောင်မလေးလှတာတွေ့ရင် ရင်ခုန်ချင်သလိုလို ဘာလိုလိုဖြစ် တတ်စမြဲပဲမဟုတ်လား ကောင်မလေးကပြန်ကြည့်မယ် စိတ်ဝင်စားတဲ့ အမူအရာလေး လုပ်ပြပီဆိုလည်း ရင်ထဲ ကုလားဘုရားပွဲလှည့်သလို အူးမြူးကြတာပဲလေ အဲ အဲဒီလိုအစဉ်ပြေပီဆိုရင် တဆင့်တက်ကြမယ် သမီးရည်းစားတွေ ဖြစ်မယ်ပေါ့ဗျာ အဲဒီအချိန်မှာ အချစ်ရဲ့ ပျော်ရွှင်မှုကို ခံစားကြမယ်။ အဲဒီအချိန်မှာတော့ အရာရာအားလုံးက လှပနေတာပေါ့။ အဲတချိန်မှာ အခန့်မသင့်လို ကွဲကြ ပြဲကြပီ တယောက်မျက်နှာတယောက် မကြည့်ချင်အောင် ဖြစ်ကြပီဆိုတဲ့ အချိန်မှာတော့ လောကကြီးက မလှပတော့ဘူးပေါ့ဗျာ။ ဒါကဆယ်ကျော် သက် မှီးကောင်ပေါက်တွေရဲ့ ခံစားမှုပါ။ ကျနော့် အမြင်တော့ အချစ်ဆိုတာ ကြီးတာ ငယ်တာနဲ့ သိပ်မဆိုင် လှပါဘူး။ အချစ်ကအရာရာကို ဖန်ဆင်းနိုင်တယ် အချစ်ကြောင့် နုပျိုလာရတယ် ဆိုတာ ကျနော်တို့ဝန်းကျင် မှာ ကြားနေကျ အသံတွေပါ ဟုတ်တယ်ဟုတ်။ ဒါပေမဲ့ ဒီနေရာမှာ ပြောစရာ တခုတော့ရှိတယ်ဗျ။ အချစ်ကို စားသုံးပုံခြင်းကျတော့ မတူတော့ပါဘူး။ တချို့က အချစ်ကို ရယူပိုင်ဆိုလိုမှုနဲ့ ချစ်ကြတယ်။ တချို့ ကြတော့ လည်း ပေးဆပ်မှုတဲ့။ ရယူ ပိုင်ဆိုင်မှုနဲ့ ချစ်တဲ့ အချစ်ကတော့ မအေးချမ်းလှဘူး ထင်တယ် အတ္တတော့ အနည်းငယ် ပါနေမှာ အသေအချာပါပဲ။ ဒါပေမဲ့ ကိုယ့်ချစ်တဲ့သူကို ရယူပိုင်ဆိုင်ချင်တာလဲ သဘာဝကျပါတယ်။ ပေးဆပ်ခြင်းနဲ့ ချစ်ရတာတော့ အအေးချမ်းဆုံးပါပဲ ကိုယ်ချစ်တဲ့သူ ကို ပျော်ရွှင်အောင် ထားမယ်။ သူလိုအပ် တာလေးတွေ ဖြည့်ဆည်းပေးမယ်။ ပြသနာတစုံတရာပေါ်ရင် ကိုယ်က ရှေ့ကနေ မားမားမတ်မတ် ရပ်ပီး ရင်ဆိုင်ဖြေရှင်းပေးမယ် အင်း သူမလိုအပ်တဲ့ အချိန်ကြတော့ အသာလေးရှောင်ပုန်းနေရုံပေါ့။ အို အများကြီးပါပဲ ပေးဆပ်မှုတွေက အဲဒါတွေကိုမှ ကိုယ်ချစ်တဲ့ ချစ်သူက နားလည်ပေးပီ သူ့ရဲ့ အချစ်ကို ပြန်လည် ပေးဆပ် လာမယ်ဆိုရင် ကဲ အဲဒီ ချစ်ခြင်းလေးဟာ ဘယ်တော့မှာ မပြိုကွဲ နိုင်တဲ့(ကျနော်ထင်တာနော်) ချစ်ခြင်းလေး တခု ဖြစ်မလာ နိုင်ဘူးလား။ ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ။
အင်း ဒီလောက်ပါပဲဗျာ သိပ်မရေးတတ်လို့ပါ။ ဆက် Tag ချင်တာကတော့ ညီမလေး ရတနာစိုး နဲ့ အမ မိုးချစ်သူ ပါ။
Labels: ရေးထားတာလေးတွေ
DREAMCATCHER
Dreamcatcher ဆိုတာ Ojibwa နိုင်ငံကနေစလာတဲ့ ယဉ်ကျေးမှုဖြစ်တယ်။ ၁၉၆၀ နဲ့ ၁၉၇၀ လောက်အတွင်းက အမေရိကနိုင်ငံမှာ တစ်ကမ္ဘာလုံးဆိုင်ရာအင်းဒီးယန်း လှုပ်ရှားမှုကြီး အပြီးမှာ အိမ်မက်ဖမ်းတဲ့ ပစ္စည်းလေးတွေရဲ့ ယဉ်ကျေးမှုဟာ တခြား အမေရိကန် ပြည်နယ်တွေကိုပျံ့ နှံ့သွားခဲ့တယ်။ အိပ်မက်ဖမ်း ပစ္စည်းလေးတွေဟာ အမေရိကန် လူနီလူမျိုးတွေ နေထိုင်တဲ့ပြည်နယ်ကြီးရဲ့ စည်းလုံးမှု သင်္ကေတ ဖြစ်တဲ့ အပြင် အဲဒီဒေသမှာနေထိုင်တဲ့ လူနီလူမျိုးတွေရဲ့ ပထမဆုံး ယဉ်ကျေးမှု အမှတ်အသား ဖြစ်တယ်လို့လဲသတ်မှတ်ခဲ့ကြပါတယ်။ သို.သော်လဲ အခြားပြည်နယ်က အမေရိကန်သားတွေကလူနီလူမျိုးတွေရဲ. အိမ်မက်ဖမ်း ပစ္စည်းတွေ ထင်ရှားလာတာနဲ့ အမျှဈေးကွက်တင်ပြီး ပေါပေါလောလော ရောင်းချခဲ့ကြတယ်။
ရိုးရာအားဖြင့် Ojibwa တွေဟာ အိပ်မက်ဖမ်းပစ္စည်းလေးတွေကိုကြွက်သားမျှင်များဖြင့် ပင့်ကူအိမ်ပုံ အ၀ိုင်း သို.မဟုတ် မျက်ရည်စက်ပုံစံဖြင့် မိုးမခသား ဖြင့်ဘောင်သွင်း တည်ဆောက်ထား ပါတယ်။ ရရှိလာတဲ့အိမ်မက်ဖမ်း ပစ္စည်းလေးကို မွေ့ယာ အပေါ်တွင် ချိတ်ဆွဲခြင်းဖြင့်အိပ်ပျော်နေသော ကလေးငယ်များကို အိမ်မက်ဆိုးများ ဘေးမှကာကွယ် ပေးသည်ဟုယုံကြည်ကြသည်။ မိုးမခသား နှင့် အကောင်များ၏ ကြွက်သားများမှ လုပ်သောအိမ်မက်ဖမ်း ပစ္စည်းများမှာ အစဉ်အမြဲ ခံနိုင်ရန်လုပ်ထားခြင်း မဟုတ်ပေ။ကလေးငယ် အသက်ကြီးလာသည် နှင့်အမျှ အိမ်မက်ဖမ်း ပစ္စည်းလေးဟာ ခြောက်သွေ.ပြီးပျက်စီးသွားမှာပါ။
Dreamcatcher လေးတွေဟာ လူတစ်ယောက်ရဲ့ အိမ်မက်တွေကို ရွေးထုတ်ပေးနိုင်တယ်လို့ Ojibwa လူမျိုးတွေက ယုံကြည်ကြပါတယ်။ Terri J. Andrews ရဲ့ Dreamcatcher များရဲ့ ဒဏ္ဍာရီ အရ ကောင်းသောအိမ်မက် များသာ အိမ်မက်ဖမ်းပစ္စည်းထဲမှထွက်နိုင်ပြီး အိမ်မက်ဆိုးများ ဟာအိမ်မက်ဖမ်းပစ္စည်းရဲ့ ပိုက်ကွန်အတွင်း ကျန်နေရစ်ပြီး နေမင်းကြီး ထွက်လာတာနဲ့ နေ့ရဲ့အလင်းရောင်ထဲမှာ အိမ်မက်ဆိုးများ ကပျောက်ကွယ်သွား ကြမှာ ဖြစ်တယ်။
Ojibwa ပြည်နယ်အပြင်ဘက်မှာ နာမည်ကြီးလာရခြင်းအားဖြင့် အိမ်မက်ဖမ်းပစ္စည်းလေးတွေက တစ်ကမ္ဘာလုံးမှာ ရှိတဲ့အမေရိကန်လူနီလူမျိုးတွေရဲ့ အပြင်ဘက်အထိတိုင်အောင် ပျံနှံလာပါတယ်။ အိမ်မက်ဖမ်းပစ္စည်းလေး တွေကို ယခုအခါဆိုရင် လူငယ်တွေကိုတိုင်ပြုလုပ်ပြသခြင်း၊ ရောင်းချများ ပြုလုပ်လာကြပါပြီ။ Philip Jenkins ရဲ့ အဆိုအရ ထိုသို့ ပြုလုပ်လာကြခြင်းကို ရိုးရာအရမ်းဆန်တဲ့ တချို့ လူနီလူမျိုးတွေက မလိုလားအပ်တဲ့ ယဉ်ကျေးမှုလုပ်ဆောင်ချက်လို့ ထင်ပါသတဲ့။
ဒီပို့စ်လေးထဲက DreamCatcher ဆိုတာလေးကို ကျနော် ဆယ်တန်းလောက်တည်းက ရုပ်ရှင်တကားမှာ မြင်ဖူးပီး လိုချင်ခဲ့တာပါ။ ပစ္စည်းအဆန်းလေးတွေ စုတတ်တဲ့ ကျနော့အတွက် ဒီပစ္စည်းလေးက ကျနော့အတွက် အရမ်းကို လိုချင်စေခဲ့တာပါ။ အဲဒီတုန်းကရန်ကုန်မှာ အရူးအမူးရှာခဲ့သေးတာပေါ့။ ဒါပေမဲ့ မတွေ့ပါဘူးဗျာ။ အပြင်ထွက်လာတော့လည်း ရောက်တဲ့နေရာမှာ တတ်နိုင်သလောက် ကြုံရင်ကြုံသလိုရှာပါတယ် ဒါပေမဲ့ခုထိ မတွေ့သေးပါဘူး။ ဒီအကြောင်းလေးဖတ်မိလို့ တင်မိခြင်းဖြစ်ပါတယ်။ ဖတ်ရတာက အင်္ဂလိပ်လို့ broken လောက်သာ တတ်တဲ့ ကျနောအတွက် ဖတ်လို့နားလည်ပေမဲ့ ဘာသာပြန်ဖို့ကျတော့ အဆင်မပြေဘူးလေ။ ဒီအကြောင်းအရာလေးဖြစ်မြောက်အောင် အပူကပ်လို့ ကူညီခဲ့တဲ့ သူငယ်ချင်း ရည်မွန်၊ ဇင်မာဦးနဲ့ ကိုစံရတို့ကို ကျေးဇူးအထူးတင်ကြောင်းပါလို့ ဒီနေရာကနေ ကျေးဇူးတင်ပါရစေ။
ဒီထက်များသိသေးတဲ့ လူတွေရှိသေးရင်လဲ မျှကြပါဦးလို့။
Labels: အထူးအဆန်းလေးတွေ
ပုံ ၁။ PsP (Play Station Portable – 2GB Price is aruond $ 400 )
ပုံ ၂။ iPod (iPod 60 gb – Price is around $ 400 )
ဒီနှစ်ခု က ကျနော် အရမ်း လိုချင်နေတဲ့ ပစ္စည်းလေးပေါ့ဗျာ နှစ်ခုလုံး ၀ယ်ဖို့ ကလည်း မတတ်နိုင် အဲဒီတော့ တခုကောင်း ရွေးဝယ်ဖို့ ကလည်း အမြဲတမ်း ကိုယ့်ဘာသာ ယုံကြည်အား နည်းလှတဲ့ ကျနော့် အတွက် ပြသနာ ခုပေါ့ အရင်ထဲက အကျင့်ရှိတယ်ဗျ သူငယ်ချင်းတွေနဲ့ shopping ထွက်လို့ အင်္ကျီလေး ဘာလေး ကြိုက်ရင် တာင် ဘာရွေးလို့ ရွေးရမှန်းမသိဘူး တခုခု ဆို ကိုယ့်ဘာသာ မဆုံးဖြတ်နိုင်ဘူးလေ အဲဒါကြောင့် ကျနော့်ရှိသမျှ အ၀တ်အစား တော်တော်များများက မေမေ ၀ယ်ပေးတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် ဘော်ဒါ ရောင်းရင်းတွေ ၀ယ်ပေးတာချည့်ပဲ ကဲ ခုဒီတခါလည်း ဒီ ပစ္စည်းလေး နှစ်ခုကို အသည်းအသန် လိုချင်နေပြန်ပီ နှစ်ခုလုံး လိုချင်နေတယ် ခက်တာက ဘတ်ဂျက်ကလည်း မလောက်ဘူးလေ တခုကို ရွေးဖို့ကျတော့လည်း မဆုံးဖြတ်နိုင် အဲဒါနဲ့ အကြံကောင်းလေး တခုရမိတာ သူများအကူအညီ တောင်းမယ် ထုံးစံအတိုင်းပေါ့ Vote လုပ်လိုက်မယ်လေ အဲဒီတော့ ကျနော့်ကို ကိုယ်နှစ်သက်ရာလေး တခုတော့ ရွေးပေးကြပါလို့ ကျနော်က နှစ်ခုလုံးကြိုက်ပီးသား ဆိုတော့ ပြသနာမရှိဘူး များတဲ့ဟာလေးကို ၀ယ်လိုက်မှာ ..
ကဲ အရပ်ကူပါ လူဝိုင်းပါ တော့ ဖြစ်ပြန်ပီ ကူကြပါဦးနော် Please …
တဘက်ဘေးမှာ ကျနော် Vote အစီအစဉ်လေးလုပ်ထားပါတယ် Vote လုပ်သွားကြပါဦးနော် ။
ဒီပို့စ်လေးကတော့ ဘာရယ် မဟုတ်ပါဘူးဗျာ ပျော်လွန်းလို့ တင်မိတာ ဒါလဲ မှတ်တမ်း ပဲလေ ဒီနေ့ မနက် ကျနော် တို့ သင်္ဘောက ပြန်သွားတဲ့ အကိုတယောက် ပြန်လာပီလေ အဲဒါ အိမ်က အမေက ကျနော့ အတွက် ဆိုပီး လူကြုံပစ္စည်းတွေ ထည့်ပေးလိုက်လို့အူမြူးနေတာ ဒါဟာ ကျနော် သင်္ဘောပေါ် တက်လာပီး တနှစ်ခွဲ ရှိမှ ကျနော့ အတွက် အိမ်က လာတဲ့ ပထမဆုံး လူကြုံပါ ဒါကြောင့် ကျနော် ဒီလောက် အူမြူး ပျော်ရွှင် ရတာပါ အရင် ကတော့ အကြောင်း အမျိုးမျိုးကြောင့် အစဉ် မပြေတဲ့အတွက် မရခဲ့ ပါဘူး သူများတွေ လူကြုံပါပီဆို ကိုယ်က သွားတောင် ကြည့်စရာ မလိုဘူးလေ ကိုယ့်အတွက် မပါမှန်းသိလို့ ခုတော့ ကျနော့ အတွက် ပါလာပီလေ အရမ်း ပျော်တာပေါ့ ဒါကတော့ နားလည်ကြမှာပါ ကိုယ့်အတွက် ကိုယ့်အမေ က လုပ်ပေးလိုက်တဲ့ အမေ့လက်ရာ အမေ့ အငွေ့အသက်တွေက သားတယောက်အတွက် ဘယ်လောက် အင်အားဖြစ်စေ မလဲလို့။ စားစရာ တွေက ဆတ်သားခြောက်ဗျ ကျနော် သိပ်ကြိုက်တာ နောက် မရမ်းသီးကြော် ငါးပိကြော် သယ်လာတဲ့လူကိုတော့ အားနာပါရဲ့ ကျနော် တယောက် တည်းတင် ၃ ကီလိုကျော်မလား မသိဘူး။ ကဲ ဒီညတော့ ကျနော့ အတွက် နတ်သုဒ္ဓါနဲ့ မလဲ နိုင်တဲ့ ထမင်းတပွဲရပီပေါ့။ ကျေးဇူးပါ အမေ .. အဝေးက ရှိခိုး ကန်တော့လိုက်ပါတယ်။
Labels: ကျနော့မှတ်စု
ကြောက်စရာ သတ္တ၀ါများ
အလွမ်းအိမ် က ကျနော့်ကို Tag ပြန်ပီတဲ့ အကြောင်းအရာလေးက ကြောက်စရာ သတ္တ၀ါများ နဲ့လေ ...
ကြောက်စရာ သတ္တ၀ါဆိုကတည်းက ကျနော် ပြေးမြင်မိတာက အကောင်သေးသေး အမွေးလဲရှိမယ် မြင်လိုက်တာနဲ့ မသတီစရာ အကောင်တွေကို ပြေးမြင်မိပါတယ် အလွန့်အလွန် ကြောက်တဲ့ အကောင်တွေကတော့ ကြွက် (သင်းကတော့ ထိပ်ဆုံးခင်ဗျ) ပိုးဟပ် ဒီအတိုင်း နေလို့ ကတော့ သိပ်မကြောက် ပါဘူး အဲ သူများ ထပျံပီလားဆို အသေကြောက်တယ်ဗျ နောက် လင်းနို့ မိတ်ဆွေတို့လဲ ကြုံဖူးမှာပါ တခါတခါ လမ်းမှားပီးအိမ်ထဲ ပျံဝင်လာတတ်တယ်လေ ပီးရင် ပြန်ထွက်တဲ့ အပေါက်ကိုမမြင်ကြဘူး သင်းတို့ကအခန်းထဲ ၀ဲ နေရော အဲ့အခါ များဆို ကျနော် အတွက် နေစရာမရှိ ဖြစ်နေ တတ်တယ် အဲလိုအချိန် မျိုးဆို နီးရာ အခန်းတခန်းကို ပြေးဝင်ကာ ပုန်းနေတတ်တာပဲ။ ဖေဖေ မေမေ နဲ့ ညီနှစ်ကောင်အတွက် ဟာသကို ဖြစ်လို့ပေါ့ နောက်ဆုံး ဖေဖေက ကယ်မှသာ လွတ်မြောက်ရ တတ်တာ။ နောက်တကောင်က ပန်းတွေမှာ ပါတတ်တဲ့ ခူယားလေ သိတယ်ဟုတ်… ဖြစ်ပုံက ဒီလို ၇ တန်းကျောင်းသား လောက်တုန်းက ညီလတ်ရယ် ကျနော်ရယ် အမေဆီက မုန့်ဖိုး လိုချင်တော့ အမေ ဘုရားပန်းလဲရာမှာ ကူသလိုနဲ့ နှောင့်ယှက်တုန်းကပေါ့ ပန်းအရွက်လေးတွေ ၀ိုင်းသင်ပေးရင်း ဖတ်ကနဲဆို ကျနော့လက်ပေါ် ခူးယားတကောင်က ကျလာတယ် ကျနော်က ချက်ချင်း မသိပါဘူး တဖြည်းဖြည်း ယားလာမှ လက်ကို မကြည့်ပဲ ကုတ်လိုက်တာ ခူယားခင်မျာ ဗြိကနဲ နေအောင် ပြဲထွက်ပီး ဇီဝိန် ကျွေပါလေရော တက်တုန်းက မသိတော့ မကြောက်ဘူး လုပ်ပီးတော့ သေသွား တော့ကျနော့်မှာ ကြောက်လဲကြောက် ရွံလဲရွံပီး လက်ကို ဆေးနေတာ အထပ်ထပ်အခါခါပါပဲ မှတ်မှတ်ရရ အဲဒီနေ့ ညနေက ကျနော် ထမင်း စားလို့ကို မ၀င်တော့ပါဘူး နောက်ဆုံး အကြောက်ဆုံး တကောင်ကတော့ ကိုရွှေကြွက်ပါ သင်းကို မြင်ရင် ဘယ်လို ကြောက်မှန်းကို မသိတာပါ တွေ့တဲ့နေရာ ကနေ ထွက်ပြေးတာပဲ ဝေးရာကို အဲဒါလေးနဲ့ ပတ်သက်လို့ကလည်း အဖြစ်အပျက်လေး တခုရှိတယ်ဗျ .. တနေ့ ကျနော် ရယ် မေမေ ရယ် ညီနှစ်ကောင်ရယ် အိမ်ရှင်းကြမယ်ဆိုပီး ရှင်းကြတာ ကျနော်ကလည်း တော်ရုံတန်ရုံ အိမ်ကူတဲ့သူမဟုတ် အဲဒီနေ့ကတော့ တော်တော့ကို စိတ်ပါ လက်ပါနဲ့ကို ၀ိုင်းရှင်းပေးနေတာ စတိုခန်း လဲရှင်းရော ဗြုန်းဆို ကြွက်သိုက်ကြီး တွေ့ပါလေရော ဒီမှာတော့ ကျနော်ရယ် မေမေရယ်ညီအငယ်ဆုံးရယ်က စိတ်တူ ကိုယ်တူဗျ အကုန်လုံးကို အသည်းအသန်ကြောက်ပီး အိမ်ရှေ့ကို အော်ပီးတော့ကို ထွက်ပြေးကြတာ အဲလိုကောင်တွေကို မကြောက်တတ်တဲ့ ညီလတ် တကောင်ပဲ စတိုထဲ ကျန်ခဲ့တယ်လေ သူ့ကိုပဲ ရှင်းခိုင်း ရတာပေါ့ အဲဒါကို ညီလတ်က အဲလောက်ကြောက်ရလား ဆိုပီး ကျနော်တို့ သုံးယောက်ကို စပါလေရော ကြွက်ကလေးတွေကို ဂေါ်ပြားနဲ့ သယ် ကျနော်တို့နားကိုလာပီး ပစ်ချ ကျနော်တို့မှာဆို အလုအယက် ရှောင်လိုက်ကြရတာ မေမေလဲ သူ့ဘာသာကြောက်လို့ ရှောင်နေရတော့ ညီလတ်ကို ဆူလဲဆူ ရှောင်လဲရှောင်ပေါ့နော် အတော်တော့ ပွဲဆူသွားတယ်ဗျ နောက်ဆုံး ကျမှ ညီလတ်က သူစလို့ဝမှ အကောင်တွေကို အပြင် သွားလွှတ်တယ်လေ မေမေ ဆို သူ့ကို ဆူလိုက်တာ ပြောမနေနဲ့ ဘာပဲပြောပြော သားအမိတွေ အဲ့အကြောင်း ပြန်ပြောတိုင်း ကိုယ်စီ အသည်းအသန် ကြောက်ကြတာကို ပြန်တွေးပီး ရှက်လဲရှက် ရယ်လဲရယ်ရပေါ့ ....
ကဲ ကျနော် ကြောက်တဲ့အကောင်တွေက ကုန်လောက်ပီထင်တယ် ကျန်သေးရင်လဲ နောက်မှ ထပ်ထည့်တော့မယ် ....
အခုတော့ ဒီအကြောင်းအရာလေးကို သူငယ်ချင်း Peanut နဲ့ ညီလေး ညနေကြယ် ကို ထပ် Tag ချင်ပါတယ် ခင်ဗျာ ....
Labels: ရေးထားတာလေးတွေ
ကျနော် နဲ့ LIFE JACKET
ကျနော်ပျင်းပျင်းရှိတာနဲ့ ကျနော့်ရဲ့ Picture Folder လေးထဲက အမှတ်တရ ပုံလေးတွေ လျှောက်ကြည့်ရင်းနှင့်တနေရာ ရောက်တော့ ဒီ Life Jacket ပုံလေးကို တွေ့လိုက်ရတော့ ဘာရယ်မဟုတ် သင်္ဘောပေါ်ရောက်စ ၂လ ၃လ၀န်းကျင် က ကျနော့ရဲ့ ရယ်စရာ အဖြစ်အပျက်လေးတခုကို သွားသတိရသည် နှင့် ကျနော့ရဲ့ အွန်လိုင်း ဒိုင်ယာရီ လေးထဲ လာသိမ်းရန် စိတ်ကူးမိခြင်း ဖြစ်သည်။
ပြသနာက ကျနော်..ကျနော့တွင် အကျင့်တခုရှိသည် .. အဲလို အိပ်မောကျနေချိန် ကျနော့ကို တစ်စုံတစ်ယောက် ကအလန့်တကြား လာနှိုးလျှင် ကျနော့်မှာ ဘာဖြစ်လို့ဖြစ်မှန်းမသိသော အစီအစဉ်မကျသည့် ကယောင်ကတမ်း ဖြစ်တတ်သော အကျင့်ပင် ... ထိုနေ့ကလည်း သူလာနှိုးသောအခါ ကျနော်သည် အလန့်တကြားဖြင့် ကျနော် အိပ်သော၂ထပ်ခုတင် အပေါ်ထပ်မှ ၀ုန်းခနဲခုန်ဆင်းကာ Life Jacket ကိုဆွဲ အခန်းတံခါးဖွင့်ကာ အပြင်သို့ ပြေးထွက်ရွေ့ အပြင်ထွက်သည် လှေခါးပေါ်သို့ ပြေးတက်လေတော့သည်။ ထိုလှေခါး တ၀က်လောက်ရောက်မှ အသိစိတ် ပြန်ဝင်လာကာကိုယ့်ဘာသာ ဘာဖြစ်ရွေ့ဘာဖြစ်မှန်းမသိ ကျနော်ကို ၀ိုင်းကြည့်နေသောလူက လေးငါးခြောက်ယောက်ထက်မနည်း ကျနော် လဲ ငါတော့သေပီ ဟု တွေးကာ ကြည့်နေသော လူများကို မသိကျိုးကျွံပြုလျှက်ခပ်တည်တည်ဖြင့် (ဟန်ကိုယ့်ဖို့ အနေအထားဖြင့်) အခန်းထဲသို့ ပြန်ဝင်ခဲ့ရ လေသည် တော်သေးသည် လေးငါးခြောက်ယောက် ထက်မပိုရွေ့ အခန်းထဲရောက်တော့ ကျနော့်ကိုလာနှိုးသော သူငယ်ချင်းမှာ စာအိတ်လေး ကိုင်လျှက် မတ်တပ် ရှိသေးသည် သူလည်း ဘာဖြစ်လို့ဖြစ်မှန်း မသိလိုက် ထင်သည် သူသိမည်လည်းမထင် ကျနော်ကိုယ်တိုင်ပင် ဘာဖြစ်သွားမှန်းမသိ အဖြစ်အပျက်က မြန်ဆန်လွန်း လှသည် ... အခန်းထဲပြန်ရောက်သောအခါမှ ကျနော့ အကျင့်ကို ပြောပြတော့မှ နှစ်ယောက်သား ရယ်မော ကြရသည် …. ကျနော် ကံကောင်းသွားသည်က အပြင်မှာ ရှိနေသော လူများမှာ ကျနော်တို့ ကာစီနိုဘက်မှ လူများ မဟုတ်ပဲ Deck ဘက်မှ Crew များဖြစ်သောကြောင့် ကျနော်သက်သာရာ ရသွားခြင်းဖြစ်သည်။ ကာစီနိုဘက်မှ လူများသာဖြစ်ပါက တခုခုဆို နာမည်ပေးအလွန်တော်လှသော ကျနော်တို့ သင်္ဘောပေါ်မှ လူများနှင့်တော့ ကျနော် နာမည်တခု ကောင်းကောင်းရသွားနိုင်သည်လေ။
Labels: ကျနော့မှတ်စု
Things in My Bag
ဒီခေါင်းစဉ်နဲ့ Tag လုပ်မှပဲ ကျနော်လည်း ကျနော့် အိတ်လေးကို ပြန်ဖွင့်ကြည့်မိတော့တယ် ကျနော်အလုပ်လုပ်နေတာက သင်္ဘောပေါ်မှာ အဲဒီတော့ အိတ်လွယ်စရာမလိုဘူးလေ .. အလုပ်ကလည်း ကာစီနိုဆိုတော့ အိတ်လွယ်ဖို့မပြောနဲ့ အလုပ်ဝင်ရင် ရှိတဲ့ အိတ်လေးတွေတောင်ပိတ်ထားရတာ .. အဲဒီတော့ ကျနော်တို့သင်္ဘောသားတွေရဲ့ ထုံးစံအတိုင်း အရေးဟဲ့အကြောင်းဟဲ့ ဆို ယူပီး ပြေးဖို့အရေးကြီး ပစ္စည်း လေးတွေ ထည့်ထားတဲ့ ခေါင်းရင်းက အိတ်လေးကို သတိရတာနဲ့ ပြန်ဖွင့်ကြည့်လိုက်တော့ ......
- ကျနော် သင်္ဘောသား ဆက်လုပ်မယ် ကြံသရွေ့မရှိမဖြစ် ဆောင်ထားရမယ့် မှတ်တမ်းမှတ်ရာ တချို့ ။
- ကျနော် ရန်ကုန်မှာတုန်းက မိဘပိုက်ဆံဖြုန်းပီး ဝေလေလေတက်ခဲ့တဲ့ သင်တန်းတွေက ဟန်ပြ Certificate တချို့။
- ကျနော့် ရဲ့ မိသားစု ဓာတ်ပုံ တစ်ပုံ။ ( မရှိမဖြစ်ပါပဲ )
- အဟဲ .. ကျနော့် ၇ဲ့ အစဉ်မပြေမှုကြောင့် ပြတ်တောက်သွားခဲ့တဲ့ ရည်းစားဟောင်းရဲ့ စာတွေ။
- သင်္ဘောပေါ်ရောက်စကနေ ၄လလောက်အတွင်း ရန်ကုန်ကိုခေါ်ခဲ့တဲ့ ဖုန်းကဒ်ပေါင်းများစွာ။ (ဒါတွေက တချိန်မှာ အမှတ်တရလေ )
( ဆက် Tag ချင်တာကတော့ ကိုစိုးထက် ၊ Peanut ၊ ညနေကြယ် ပါ )
Labels: ရေးထားတာလေးတွေ





