ရက်သတ္တပတ် ၂ ပတ်ကျော် ကြာမြင့်ခဲ့တဲ့ အိုလံပစ် အားကစား ပွဲတော်ကြီးတော့ ပီးဆုံးသွားပြန်ပါပီ။ နိုင်ငံဂုဏ် ဆောင်နိုင် ခဲ့တဲ့ အားကစားသမားပေါင်း များစွာ ပေါ်ထွက်ခဲ့ပါပီ။ ဒီနှစ်အတွက် ကျနော် အားအရဆုံးကတော့ အမေရိကန်တွေက လင်းပိုင်လူသားလို့ ချစ်စနိုး ခေါ်ဝေါ်တဲ့ အမေရိကန်နိုင်ငံ နိုငံရဲ့ ရေကူးသမား Michael Phelps ပါပဲ။ သူဟာ ပီးခဲ့တဲ့ အေသင် အိုလံပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ် ခြောက်ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီတခေါက် ပေကျင်း အိုလံပစ်မှာတော့ သူပါဝင်ယှဉ်ပြိုင်တဲ့ ရေကူးကစားနည်း ရှစ်ခုကနေ ရွှေတံဆိပ် ရှစ်ခု ရယူနိုင် ခဲ့ ပါတယ်။ အံ့အားသင့်စရာ ရလဒ်ပါပဲ ကျနော့် စိတ်ထဲက ချီးကျူးမိပါတယ်။ သူ့အကြောင်းကို စိတ်ဝင်စားလို့ အိုလံပစ်အကြောင်း အင်တာနက်မှာ wiki လိုက်တဲ့အခါ ပိုအံ့အားသင့် ရပါတယ်။ သူဟာ ၁၉၇၂ မြူးနစ် အိုလံပစ်မှာ Mark Spitz (အမေရိကန်နိုင်ငံသား) ခူးဆွတ်ထားတဲ့ ရွှေတံဆိပ် ၇ ခု စံချိန်ကို ကျော်လွန်သွားတာကို တွေ့ရပါတယ်။ ဂုဏ်ယူပါတယ် Michael Phelps ။
ပေကျင်း အိုလံပစ် ဖွင့်ပွဲဟာ ကြီးကျယ် ခမ်းနားလှပါတယ်။ တရုတ်လူမျိုးတွေဟာ လူဦးရေ ထူထပ်တာနဲ့အညီ ဒီဖွင့်ပွဲကို လူအင်အား သိန်းနဲ့ချီ သုံးပီး အခမ်းနားဆုံး ပြုလုပ်သွားတာ တွေ့ရပါတယ်။ ပေကျင်း အိုလံပစ် ပြိုင်ပွဲဟာ လွန်ခဲ့တဲ့ လေးနှစ်က အေသင် ပြိုင်ပွဲထက် ကြီးကျယ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ပိတ်ပွဲဟာလည်း ဖွင့်ပွဲ နည်းတူ ခမ်းနားလှပါတယ်။ ကျနော်ကြိုက်တဲ့ အိုက်ဒီယာလေးကတော့ အိုလံပစ် မီးရှူးတိုင်ကို သယ်ဆောင်မဲ့ နောက်နိုင်ငံ တနိုင်ငံဖြစ်တဲ့ London မြို့ဆီကို သွားဖို့အတွက် ကြိုတဲ့ ပြကွက်လေးဖြစ်ပါတယ်။ ဘတ်စကားဂိတ်မှာ စောင့်နေတဲ့ လူအုပ်စု ရွေ့လျားလာတဲ့ ဘတ်စ်စကား ဒါတွေကိုကြည့်ရုံနဲ့ လန်ဒန်ရဲ့ မြင်ကွင်းကို မြင်ယောင်မိစေပါတယ်။
ကျနော် ကြိုက်နှစ်သက်လှတဲ့ ဘောလုံးကစားသမား သရဲနီဟောင်း ဒေးဗစ်ဘက်ခမ်းဟာလည်း ဒီပွဲမှာ တက်ရောက်ပီး တလုံးတည်းသော ဘောလုံးကို ပရိတ်သတ်ဆီကို ကန်ကာ လက်ဆောင်ပေးခဲ့ပါတယ်။ ဒါကိုမြင်တော့ ဘက်ခမ် ပင်နယ်တီ လွဲတဲ့ ဘောလုံးကို e-bay မှာ လေလံတင် ပြန်ရောင်းခဲ့တာကို အမှတ်ရပီး အင်း .. ဘောလုံး လေလံ တခုတော့ သိပ်မကြာခင် မြင်ရဦးမယ်လို့ တွေးမိပါတယ်။
စိတ်မကောင်းမိတာကတော့ ကျနော်တို့ မြန်မာနိုင်ငံအလံကို သယ်ဆောင်လာတာ မြန်မာလူမျိုးတွေမဟုတ်တော့ပဲ တရုတ်ဖြစ်နေတာပါပဲ။
Labels: အားကစား
စောဘွဲ့မှူး၏ သီချင်း မဟုတ်ပါ။ ခုတလော ဘာတွေဖြစ်တယ်မသိ လူက ချူချာ ချင်သည်။ နေရင်းထိုင်ရင်း ခေါင်းနောက်ဘက်ခြမ်း က ထထကိုက်သည်။ နှလုံးရှိတဲ့နေရာက တချက်တချက် အောင့်သည်။ အမြဲဖြစ်နေတာလည်း မဟုတ် တချက်ချက် ထဖြစ်ရင်တော့ အတော့်ကို နေရထိုင်ရ ခက်လှသည်။ ကျနော် ရောဂါကြီးကြီး ဖြစ်မှာကို ကြောက်နေမိတယ်။ ဟုတ်တယ် ဖြစ်လိုက်ရင်လည်း ကိုယ်က အသည်းအသန်ချည့်ပဲလေ။ ငယ်ငယ်တည်းက ကျနော် ၇ နှစ်သားလောက် လေဖြတ်ဖူးတယ် လေဖြတ်တယ်ဆိုလို့ တပိုင်းသေသွားတာ မဟုတ်ဘူး ရီလိုက်ရင် ပါးက ရွဲ့ရွဲ့ သွားတာ အဖေနဲ့ အမေဆိုတာ စိတ်ပူလိုက်တာဆိုတာ နောက်ဆုံး အကြောပြင်တဲ့ အနှိပ်ဆရာနဲ့မှ ပျောက်သွားသည် ဒါပေမဲ့ ခုထိ ရီလိုက်ရင် ရွဲ့ချင်တုန်း။ နောက်တခေါက် ခြောက်တန်းမှာ ပါးမှာ အကျိတ်ကြီးမှ အကြီးကြီး ပေါက်သည်။ ဆရာဝန်တွေက operation လုပ်ရမည်ပဲ ပြောသည်။ အဖေနဲ့အမေက လက်မခံ အနာရွတ်ကျန်မည်စိုးသည်။ နောက်ဆုံး ဂွတ်တလိပ်က ဆရာကြီး ဦးမြဒင်ဆီမှာ သွားပြသည်။ သူကလည်း ဆေးတွေအုံ ဘာအုံနှင့် ဒီအနာ ပေါက်မည်ပဲ ပြောသည်။ နောက်ဆုံး အဖေက ဘုရားစာဖြင့် နေ့တိုင်း မန်းပေးသည်။ အံသြစရာကောင်းလှသည်က ဆရာဝန်တိုင်းက ပေါက်မည်ပြောသော အနာသည် အဖေ့ မေတ္တာတန်ခိုးဖြင့် ချပ်ချပ်သွားသည်။ မြန်မာဆရာလည်း အံသြ အင်္ဂလိပ်ဆရာလည်း အံ့သြ အဲဒီတုန်းကလည်း ကံကောင်းလို့ပေါ့။ နောက်ဆုံး ဒုတိယနှစ်မှာ ဘာကြောင့်မှန်း မသိ နေ့လည် ၁၁ ၀န်းကျင်ဆို ခေါင်းထဲက မခံနိုင်လောက်အောင် ကိုက်သည်။ တော်ရုံမျက်ရည်မကျတဲ့ ကျနော် အဲ့အချိန်ဝန်းကျင် ရောက်ပြီဆို ခံစားရမှာကြောက်ပီး မျက်ရည်ကျနေပီ။ တခါမှ အဲဒီလောက်ပြင်းသော ဝေဒနာ မခံစားဖူး။ လမ်းသွားနေရင်း ခေါင်းထဲက နာလွန်းသောကြောင့် လဲကျသည်အထိ ခံစားရသည်။ နောက်ဆုံး ဆရာဝန်က ထိပ်ကပ်နာဟုဆိုကာ ရာပန်းဆီ ရှူခိုင်းသည် ကျက်ကျက်ဆူနေသော ရေနွေးအငွေ့ကို ရှူခိုင်းသည် အဲဒီတော့မှာ ရောဂါက သက်သာသွားသည်။ အဲဒီက ကျန်သည့်ဒဏ်က ခုထိ နှာချေသောအခါ လက်မောင်းရိုးတွေ မခံ မရပ်နိုင်အောင် ကိုက်သည့် ဝေဒနာဖြစ်သည်။ ခုထိ မပျောက် ဆိုးလှသည် ဒါကြောင့် ကျနော် နှာချေမှာကိုလည်း ကြောက်သည်။ ခု ဖြစ်ပြန်ပီ ခေါင်းက ကိုက်သည် နှလုံးကအောင့်သည်။ ဒီတခါဆိုရင်ဖြင့် ကျနော့်ကို ပြုစု ဂရုစိုက်ပေးမည့် သူများ မရှိတော့ တယောက်တည်း ခံရမည်ဖြစ်သည်။ ဒါကြောင့် ရောဂါ ဖြစ်ရမှာကို ကြောက်လှသည်။ L
Labels: ကျန်းမာရေး
သူငယ်ချင်းတွေက ပြောတယ် မင်း ၀ လာတယ်တဲ့။ တယောက်စ နှစ်ယောက်စ သုံးယောက်ကျတော့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရတယ် ဟုတ်ရဲ့လားလို့။ လွန်ခဲ့တဲ့ နှစ်နှစ် က သင်္ဘောပေါ် စတက်လာခါစနဲ့တော့ အရမ်းကို ကွာသွားတာပဲ ဒီအချိန် အိမ်ပြန်မယ်ဆို အိမ်က မှတ်မိပါ့မလား မသိဘူး။ ဒီအပေါ် ရောက်မှ အရမ်း အကျင့်တွေ ပျက်လာတယ်။ ဒီသင်္ဘောဟာ ငါ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို နှိမ့်ချတဲ့ နေရာပါပဲလို့ အပြစ်တင်ရမလို ဖြစ်နေပီ။ ရန်ကုန်မှာတုန်းက ကျနော့မှာ နားချိန်မရှိဘူး ရန်ကုန် လူငယ်တွေ ထုံးစံအတိုင်း မနက် ခြောက်ဆို ထ မျက်နှာ အသည်းအသန် သစ် ပီးရင် သင်တန်းကို ပြေးရပီ။ သင်တန်းက ပြန်လာပီဆို ဆိုင်မှာ ၀င်ထိုင် အမေက ခိုင်းရင် ပြေးရပြန်ပီ။ နောက် သူငယ်ချင်းတွေ လာခေါ်ရင် လိုက်သွားနဲ့ နားချိန်ကိုမရှိ။ နောက် ကိုယ်ကြိုက်တဲ့ အားကစား ကလည်း ကစား သေးတယ်။ အားကစားပိုးကတော့ ကျနော့ကို အမေ သွင်းပေးတာ နွေကျောင်းပိတ်ပီ ဆိုတာနဲ့ ကျနော် အားကစား သင်တန်း တခုခုကို ရောက်နေပီသားပဲ။ လေးတန်းကနေ ခုနစ်တန်းလောက်ထိ ကရာတေး ကစားတယ်။ နောက် ခြေထောက်ကျိုးလို့ မကစားခိုင်းတော့ဘူး အမေက၊ နောက် ရေကူးတယ် တော်တော်ကြီးကို ကြိုက်တယ် ညနေတိုင်း လိုလိုကို သွားကူးဖြစ်တယ်။ Table Tenis ကို ကျောင်းပွဲ တွေအထိ ကစားတယ် ဆုတော့ မရဘူးပေါ့ ။ ကိုးတန်း မှာ စပီး တင်းနစ်စ် ရိုက်တယ် အစပိုင်း တော်တော်ကြီး စိတ်ပျက်ပေမဲ့ နောက်ပိုင်းမှာ ဒီကစားနည်းကို စွဲလာတယ်။ သက်လုံလည်း တော်တော်ကောင်းလာတယ်။ ခု ဒီအပေါ်လည်း ရောက်ရော အကျင့်တွေ အကုန်ပျက်ကုန်တယ် တနေကုန် အလုပ်လုပ်၊ လုပ်ရတဲ့အလုပ်ကလည်း ခြေလုပ်လက်လှုပ် မရှိ ချွေးမထွက် တနေကုန် အဲကွန်းရှိနေတဲ့ ကာစီနိုထဲမှာ အလုပ်က ပီးတော့လည်း ဘာ လေ့ကျင့်ခန်းမှလည်း မလုပ်နိုင်၊ သူတို့ ပေးထားတဲ့ ဆားဗစ်စ်တွေက အပြည့် အိမ်မှာ ကိုယ့်အ၀တ် ကိုယ်လျှော်တယ် စက်က လျှော်တာမပြောင်လို့ဆိုပီး ဒီမှာ လျှော်ဖို့ နေနေသာသာ အလုပ်ထွက်လာရင် လူက ဘာဖြစ်လို့ ဖြစ်မှန်းမသိ ညောင်းပီ ခွေပဲနေချင်တယ်။ အဲလို စားလိုက် သောက်လိုက် ဘာလေ့ကျင့်ခန်းမှ မရှိတော့လည်း ၀လာတာ မဆန်းဘူးပေါ့။ ပြန်ခါနီးရင်တော့ လုပ်ဦးမှပဲလို့ တွေးရင်းပဲ ထပ်ခွေလိုက်တော့မယ်။ :P
ကိုယ့်ဘလော့ဘက် ကိုယ် ခြေဦးမလှည့်တာလဲ ကြာပီ။ တခါ တခါ ငါ့ဘလော့လေးမှ ရှိသေးရဲ့လားလို့ ၀င်ဝင် ကြည့်မိတာက လွဲလို့ ယောင်လို့တောင် မလှမ်းမိ။ ဘာမှ မရေးထားတာကို လမ်းမှား ရောက်လာပီး ဖတ်သွားကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါရဲ့။ ဘာဆို ဘာမှကိုမလုပ်ချင် စိတ်ထဲ လေနေတာပဲ သိတယ်။ မဖြစ်သင့်မှန်း မလုပ်သင့်မှန်း သိသိကြီးနဲ့ မနိုင်ဝန်ထမ်းနေမိတာ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲလေ ခံပေါ့ လို့ပဲစိတ်ထဲက ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်။ စပီးတော့မှလည်း နောင်တ မရချင်ဘူး သူများတွေတောင် လုပ်နိုင်သေးတာ ငါဘာလို့ မလုပ်နိုင် ရမှာလဲလို့ အားတင်းလိုက် ပြန်လုပ်လိုက်နဲ့ပဲ အရမ်းပင်ပမ်းလာတယ်။ လက်လျှော့ချင်နေပီ။ သင်္ဘောပေါ် မှာနေရတာလဲ အရင်လို ပျော်စရာမကောင်းတော့ဘူး။ အင်းလေ ငါက နဂိုထဲကမှ ဒီလောကမှာ ပျော်မှ မပျော်ခဲ့တာပဲ။ ဖြစ်နိုင်ရင် ရုန်းထွက်သွားချင်တယ်။ တဘက်ကလည်း အမေ့ကို စိတ်မပျက်စေချင်ဘူး။ အမေ ငါ့ကို သိပ်အားကိုး လွန်းတယ်။ အဲဒါက ငါ့ရဲ့ စိတ်ကို သိပ်လေးစေတယ်။ ရွယ်တူလူငယ်တွေလို ပျော်ပါးချင်တဲ့ စိတ်တွေ ငါ့မှာလည်း ရှိပါတယ်။ စိတ်ကို လွှတ်လိုက်မယ် ကြံတိုင်း ဒါကြီးက ခေါင်းထဲ ၀င်လာတယ်။ သင်္ဘောပေါ်က အကိုတယောက် ပြောဖူးတယ် မိသားစု တခုမှာ တယောက်ကတော့ ရင်းရစမြဲပဲ။ ဒါဆို ငါက ငါ့မိသားစုအတွက် ရင်းရမဲ့ လူလား? ။ စိတ်ညစ်တယ် ဆိုတာထက် စိတ်လေနေမိတာ။ စစ်တပ်တခုလို စည်းကမ်းတင်းကျပ် လွန်းတဲ့ ဒီသင်္ဘောပေါ်မှာ အလုပ် လုပ်ရတာ တကယ် မပျော်တော့ဘူး။ ညစ်နေတုန်းရှိသေး စည်းကမ်းအသစ်က ထပ်ထွက်လာတယ်။ ဘယ်နေရာ သွားသွား အိုင်ဒီ တပ်ထားရမယ်တဲ့။ တော်တော့ကို ခက်ခဲတဲ့ ကိတ်စပါ အမှုမဲ့ အမှတ်မဲ့ ထသွားတာနဲ့ အိုင်ဒီမေ့ကျန်ခဲ့ရင် သေပီ။ အခန်းကလွဲလို့ ပြင်ပ ဧရိယာမှာ CCTV က အပြည့်။ သုံးခါမိရင် TERMINATE တဲ့။ စည်းကမ်းတွေ လာရွတ်ပြနေတဲ့ မန်နေဂျာကို စိတ်ထဲက ဆဲမိတယ်။ မုန်းတယ်ကွာ စည်းကမ်းဆိုတာကို။ ။
Labels: ကျနော့မှတ်စု
တွေ့ဆုံကြုံကွဲ ဆိုတာ လူ့လောကမှာ ဖြစ်ပျက်နေကြ သဘောတရားတွေပါ။ ဒါတွေကို ကျနော်တို့ နားလည်နေပါလျက်နဲ့ ကိုယ်ချစ်ခင်သူ တစုံတယောက်က ခွဲခွာသွားတဲ့အခါများမှာ ဘာလို့များ ၀မ်းနည်းကြေကွဲမှုတွေကို ခံစားကြရတာ ပါလိမ့်။ ကျနော်တို့ဟာ ခံစားချက်နဲ့ အသက်ရှင်နေတဲ့ သက်ရှိလူတွေ ဖြစ်လို့ပါပဲ။
ကျနော့် ဘ၀တလျှောက်မှာ ကျနော်ချစ်ခင်တဲ့ သူတွေကျနော့် ကို ခွဲခွာသွားကြတာ မနည်းပါဘူး။ ပထမဆုံး ကျနော် သိပ်ချစ်တဲ့ အဖေ။ ကျနော့ကို သိပ်ချစ်တဲ့ အဖေဆို ပိုမှန်လိမ့်မယ်။ အဖေဟာ ကျနော့်တို့မိသားစုကို စောစောစီးစီး ခွဲခွာ သွားခဲ့တယ်။ နောက် ကျနော်ချစ်တဲ့ အဘိုး၊ အဘွား သူတို့တွေ ခွဲခွာသွားခဲ့တယ်။ ဒါတွေက ဘယ်တော့မှ ပြန်မဆုံနိုင် တော့တဲ့ သေခြင်းတရားက ကျနော်ချစ်တဲ့သူတွေနဲ့ ကွဲကွာစေခဲ့တာပါ။ နောက် ကျနော် သင်္ဘောတက်လာတော့ ဟိုးငယ်ငယ်လေးတည်းက ပေါင်းလာကျတဲ့ ကျနော်သိပ်ချစ်တဲ့ သူငယ်ချင်းတွေကို ခွဲခွာခဲ့ရတယ်။
အခု တခေါက်တော့ ကျနော့် အကိုလဲဟုတ် သူငယ်ချင်းဆိုလည်း ဟုတ်တဲ့ Kelso @ အောင်သူ တယောက် ကျနော်တို့ သင်္ဘောက Resign လုပ်ပြီး ပြန်သွားပြီလေ။ တရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားကလဲ ရှိတာကြောင့် ဒီက အလုပ်ထွက်ကာ တခြားတိုးတက်လမ်း ထပ်ရှာမဲ့ သူ့ကို ကျနော်တို့တွေ မတားခဲ့ပါဘူး။ သူဟာ တကယ့်ကို ပေါင်းသင်းလို့ ကောင်းတဲ့ သူငယ်ချင်းကောင်း တယောက်ပါပဲ။ အရမ်းလည်း သည်းခံတတ်တဲ့ တယောက်ပါ။ ကျနော် သူ့လိုလူမျိုး ခုမှတွေ့ဖူးတာပါ။ ထိလွယ် ပေါက်ကွဲလွယ်တတ်တဲ့ ကျနော့အတွက်တော့ သူ့ဆီက သင်စရာတွေက သည်းခံခြင်းတွေပါပဲ။ တခန်းထဲမှာ ၂ နှစ်နီးပါး ညီအကိုတွေလို နေခဲ့ကြပြီး ခုလို ခွဲခွာသွားတဲ့အချိန်မှာ တကယ့်ကိုပဲ စိတ်ထဲမကောင်းပါဘူး။ မနေ့ညက သူ့ကို ကျနော်တို့ နှုတ်ဆက်ပွဲလေး လုပ်ပေးခဲ့ကြပါတယ်။ လူမရှိတဲ့ ကျနော့တို့ ဘားလေးမှာ ကျနော်တို့တစုသာ ရှိပါတယ်။ သူတီးတဲ့ ဂစ်တာနဲ့ ကျနော်တို့တွေ သီချင်းတွေ အများကြီးဆိုခဲ့ပါတယ်။ နောင်တချိန်မှာ ဒီလို ပြန်ဆုံနိုင်ကြပါ့ဦးမလား ဆိုတဲ့ အသိကြောင့် အားလုံးရဲ့ ရင်ထဲမှာ မကောင်းကြပါဘူး။
ကဲ Kelso ရေ ကျနော့ ဘလော့ဂ်လေး ကနေ ဆုတောင်းပေး လိုက်ပါတယ်။ အရာရာ အောင်မြင်ပါစေ လို့။ တချိန်မှာ ပြန်တွေ့ ကြမယ်။
Labels: ကျနော့မှတ်စု
မိုးပြေး
Labels: မိုးပြေးရဲ့ရင်ခုန်သံ
ဘယ်တော့မှန်းမသိတဲ့
တစ်ချိန်ချိန်အတွက်
အဆုံးမရှိတဲ့
မျှော်လင့်ခြင်းများစွာနဲ့
အမြဲတမ်းအမှတ်ရနေမယ်
ဆိုတာယုံပါကွာ...
မိုးပြေး
Labels: ကဗျာ, မိုးပြေးရဲ့ရင်ခုန်သံ
