သင်္ဘောသားရဲ့ ShoreLeave တခေါက်

ကျနော်နဲ့ ဘလော့ဂ်လဲ ဝေးနေတာကြာပါပီ .. ဝေးဆို အလုပ်ကလည်း မအားပဲကိုး .. ကိုယ့်ဘလော့ဂ်လေး ကိုယ် မ၀င်ဖြစ်ပေမဲ့ .. သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေတော့ ၀င်မြဲ ဖတ်မြဲပါ .. ကိုယ် ကိုယ်တိုင် ရေးအားနည်း ပေမဲ့ သူငယ်ချင်းတွေ ပို့စ်အသစ်မတင်ရင် .. ဘာလို့များလဲပေါ့ .. ပို့စ်လေးတပုဒ်တောင် မတင်ဘူးလားပေါ့ .. ဒီမှာတော့ လာဖတ်လိုက်ရတာပေါ့ .. (အဲ့လိုတကိုယ်ကောင်းဆန်တာလေ အတ္တပေါ့ဗျာ :D) .. ကဲ အခုတော့ ကျနော် ပြန်ရေးပါပီ ခင်ဗျာ .. ဒီတလလုံးကို အပီအပြင်ရေးလို့ရပါပီ .. အဟဲ ကုန်ကြမ်းတော့ လိုတာပေါ့ နော်။

မနေ့ကတော့ ကျနော့်တို့ရဲ့ ဘုရားပွဲလှည့်တဲ့နေ့ပါပဲလို့ .. တလတခါ Ship Maintenance Day ပါပဲ။ ကျနော်တို့ လို တလလုံး သင်္ဘောပေါ်မှာပဲ နေ နေရတဲ့ သူတွေအတွက်တော့ ဒီလို နေ့ဟာ ရွှေပါပဲ။ အဲဒီနေ့ မတိုင်ခင် ညတည ဟာ ကျနော့်အတွက် Nigh Shift မှာ နောက်ဆုံးနေရတဲ့ တညပါပဲ Maintenance Day မှာ အောက်ဆင်းလည်ပီး နောက်နေ့မနက်ကျမှ ကျနော်အလုပ်ပြန်ဝင်ရမှာ ဖြစ်ပါတယ်။ တရက်အနားရတဲ့ သဘော ပါပဲ ဒါပေမဲ့ အောက်ဆင်းရမဲ့ နေ့နဲ့ တိုက်နေတော့ကာ မနားရဘူးပေါ့။ အဲဒီလိုညမျိုးမှာ ၀န်ထမ်းတွေအချင်းချင်း တွေ့ကြရင် မေးတဲ့စကားကတော့ “မနက်ဘယ်သွားမှာလဲ“ ဆိုတာပါပဲ။ ကျနော်တို့ အများဆုံးဆင်းရတဲ့ မြို့ဟာ မလေးရှား Penang ဖြစ်တဲ့အတွက် လည်စရာကတော့ များများစားစားမရှိပါဘူး။ အဓိက ကုန်တိုက်ကြီး တခုရှိ တဲ့နေရာကိုသွား တလစာအတွက် လိုအပ်သမျှဝယ်ခြမ်း ဟိုကြည့် ဒီကြည့်နဲ့ တလတခါ ဟာ မရိုးတမ်းလုပ် နေရ တဲ့ အလုပ်တခုပါပဲ။ အမြဲတမ်း တနေရာတည်း ဆိုပေမဲ့လည်း တလမှတခါရယ်သာ ဆိုတော့ ရှိသမျှ ၀န်ထမ်း မိန်းကလေး ယောကျာ်းလေး မရွေး အကုန်ဆင်းတာ များပါတယ်။ အပေါ်မှာနေရင်လည်း မထူးပဲကိုး။ Ship Maintenance Day ဆိုတဲ့အတိုင်း အကုန်ဆင်းပီဆိုတာနဲ့ ရှိသမျှရေသန့်လိုင်းတွေ ဖြတ်၊ အဲကွန်း ဖြတ်၊ Black Out လုပ်ဆိုတော့ အပေါ်မှာ နေတဲ့လူဟာ အတော့ကိုရှားပါတယ်။ မရှိဘူးရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ မဆင်းပဲနေတဲ့လူတွေလည်းရှိပါတယ် ဒါပေမဲ့ သူတို့အတွက်ကတော့ အခန်းထဲ အိပ်နေရုံကလွဲပီး ကျန်တာ လုပ်စရာ မရှိလှပါဘူး။ အဲ မီးပြန်လာပီဆိုရင်တော့ ဇိမ်ပေါ့ဗျာ။ ကျနော်ကတော့ သင်္ဘောပေါ်စရောက်ကတည်း ကနေ ဒီနေ့အထိ အဲ့လိုနေ့မျိုးကို လွတ်သွားရိုးထုံးစံမရှိပါဘူး။ လတိုင်းကို ဆင်းတာပါပဲ။ နဂိုကတည်းက ခြေ အငြိမ်နေခဲ့တဲ့ ကောင်မှ မဟုတ်ပဲလေ။ အဲဒီလိုနေ့မျိုး နီးလာပီဆိုရင် ငါတော့ သုံးထားတာများနေပီ ဒီလမဆင်း ပဲနေမှပဲ လို့ အမြဲ တွေးတတ်ပေမဲ့ ဒါဟာ တွေးတဲ့အဆင့်မှာပဲ ကျန်ခဲ့တာပါ တကယ့်နေ့ရောက်လာပီဆိုရင်တော့ မဆင်းပဲကို မနေနိုင်ပါဘူး ဆင်းတာပါပဲ :D

ဒီတခါလည်း ထုံးစံအတိုင်း ဆင်းကြမယ်ပေါ့ဗျာ။ ထုံးဆံအတိုင်းဆိုရင်တော့ ကျနော်တို့ သွားနေကျ သူငယ်ချင်း တွေ ငါးယောက်ရှိပါတယ်။ ကျနော်ရယ် ကျနော့ အခန်းဖော် ၂ယောက် နောက် ဖဲဝိုင်းက သူငယ်ချင်းတယောက်၊ ငွေခန်းက သူငယ်ချင်းတယောက် ပေါင်းငါးယောက်ပါ ဒါကကျနော်တို့ Shore Leave နေ့မျိုးမှာ သွားနေကျ လူစုပါ။ ကျနော်တို့ဟာ ဘယ်လောက်တောင်များ မဆင်းချင်ကြဘူးလဲဆို။ကျနော်တို့ ရေလယ်မှာ ရပ်ထားတဲ့ သင်္ဘောကနေ ကုန်းပေါ်ကိုရောက်ဖို့ ဖယ်ရီနှင့်တဆင့် သွားရပါတယ် မနက် ၈ နာရီကစလို့ပေါ့ဗျာ တနာရီခြား တခါ ရှိပါတယ် အဲ ကျနော်တို့က အဲဒီ ၈နာရီ ပထမဆုံးဖယ်ရီနဲ့ကို ဆင်းနေကြဗျ ။ ည အလုပ်က ပီးတာက မနက် ၇နာရီ။ Check Out ထွက်လာပီဆို ကမန်းကတမ်း ရေချိုး အ၀တ်အစားလဲပီး ၈နာရီဖယ်ရီနှင့် ဆင်းနေကျပါ။ ဒီတခေါက်ကတော့ ကျနော်တို့ အခန်းသား သုံးယောက်ဟာ အဲလို မဆင်းနိုင်ပါဘူးဗျာ။ ဟိုနှစ်ယောက်ကို သာအရင်လွှတ်ပီး တနေရာမှ ချိန်းဖို့သတ်မှတ်ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် တို့ ရှေ့တပတ် Cabin Inspection တုန်းက Smelly Cabin ဆိုတဲ့ အလွန့် အလွန်ကောင်းတဲ့ ပြစ်ချက်နဲ့ Fail ဖြစ်ထားတော့ကာ ဒီတပါတ် Inspection မှာ ထပ်ကျလို့မဖြစ်ဘူးလေ .. Cabin Inspection ဆိုတာက သင်္ဘောပေါ်က ကျနော်တို့ ၀န်ထမ်းတွေ အခန်းတွေကို သပ်သပ်ရပ်ရပ် နေ မနေ၊ အခန်းထဲမှာ ပျက်စီးမှု ရှိမရှိ လိုအပ်တာတွေကို တောင်းဆိုလို့ ရအောင် Captain, Staff Captain တို့က ဦးဆောင်ပီး လိုက်စစ်တာပဲ ဖြစ်ပါတယ်။ Cabin Inspection ဟာ တပတ်တခါ ကြာသာပတေးနေ့တိုင်းရှိပါတယ်။ Steward မငှားနိုင်တဲ့ ကျနော်တို့ အခန်းက သုံးယောက်သားဟာ အဲလိုနေ့မျိုးမှသာ တပတ်တခါ ရှုပ်ထားတာတွေကို အသေရှင်း ရပါတယ်။ ဒီတပါတ်လဲ ထုံးစံအတိုင်း ရှင်းထားရက်နဲ့ ဘယ်က အနံ့ က ဘယ်လိုထွက်လို့ သူကြီး က ရှုမိတယ် မသိပါဘူး။ ကောက်မှတ်သွားတာ တွေ့ရပါတယ်။ Suspension Cabin List တွေ ထွက်လာတော့မှ သွားကြည့် တော့ ကျနော်တို့အခန်းက Smelly Cabin ဆိုတဲ့ ပြစ်ချက်နဲ့ 2weeks No Shore Leave ပါတဲ့။ ဗုတ်ဒေါ အရင် တပါတ်က ဆိုတော့ No Shore Leave သာဆို ကျနော် တို့ Maintenance Day မှာ ဆင်းနိုင်မှာ မဟုတ်ဘူးလေ။ အဲဒါနဲ့ ကျနော်တို့ဟာလဲ အသည်းအသန် ဆိုင်ရာတွေမှာ လိုက်ပီး အယူခံဝင်ရတော့တာပေါ့။ အဲဒါနဲ့တခန်းချင်း ပြန်စစ်တဲ့ အထူးစပါယ်ရှယ်စစ်ပွဲမှာ ကျနော်တို့ အခန်းဟာ ကံကောင်းထောက်မစွာဖြင့်အောင်သွားတော့တာပေါ့။ (အောင်မှာပေါ့ သူကြီးလာခါနီး ဖျန်းထားတဲ့ Air Fresher က နှစ်ဘူး ကို ကုန်ရော :D) အဲဒီလိုနဲ့ ဒီနေ့ Shore Leave ဆင်းပီး မနက်ဖြန် ကြာသာပတေး Inspection လာမယ်ဆိုတော့ ဒီတခါမပေါ့ရဲတော့ဘူးလေ။ အဲဒါနဲ့ သုံးယောက်သား သဘောတူပီး မသွားခင် ရှင်းကြမယ်ဆိုပီး Check Out ထွက် ၇ နာရီကနေ ၉ နာရီခွဲ ထိ ရှင်းလိုက် ကြတာ ဖတ်ဖတ်ကို မောရောပါပဲ။ (စဉ်းစားကြည့်ကြပေါ့ဗျာ တပတ်ပဲ မရှင်းထားတာ ၂နာရီခွဲ ရှင်းယူ ရတယ်ဆိုတော့ :D )။ အဲလိုနဲ့ ကျနော်တို့ သုံးယောက်သား ၁၀ နာရီ ဖယ်ရီနဲ့ အမှီဆင်းလာနိုင်တာပေါ့။ အရင်လို အေးအေးဆေးဆေး ဆိုင်တဆိုင်မှာ ထိုင်ပီး မစားမသောက်နိုင်တော့ဘူးလေ ရတဲ့ Taxi ငှားပီးတော့ ချိန်းထားတဲ့ ကုန်တိုက်ကိုပဲ အရောက် သွားရပါတော့တယ်။ ဟိုရောက်လို့ဘော်ဒါတွေ စုံမှ မြန်မာဆိုင်မှာ မနက်စာ စားကြပါတယ်။ သိတယ်မဟုတ်လား မြန်မာပဲဗျာ မုန့်ဟင်းခါးပေါ့ ဘူးသီးကြော်နဲ့ ၀ိုက်ပလိုက်တယ်။ ရန်ကုန်မှာလိုတော့ စားလို့ မကောင်းတာ အမှန်ပါပဲ ဒါပေမဲ့လည်း အလွမ်းပြေ ရှိတာလေးနဲ့ ကျေနပ်ရတာပေါ့။ ဒါနဲ့မတင်းတိမ်နိုင်တော့ ဟင်းတွေကျက်လို့ လာချတဲ့ အခါ ကျနော် က ငါးခူကြော်နပ်၊ အမဲသားငရုပ်သီးနဲ့ မွကြော်ထားတာနဲ့ ထပ်ကြိတ်လိုက်ပါတယ် :D (အစားကြီးပုံပြောပါတယ်)။ ပီးတော့မှ အိမ်ကို ငွေပို့ရမလား မပို့ရဘူး ဆိုတာ ဖုန်းဆက်မေးကြတယ်။ ဒါကလည်း မရိုးနိုင်တဲ့ အလုပ်ပါပဲ။ (အိမ်ကသာ ဒီလတော့မပို့နဲ့ ဆိုလို့ကတော့ ကိုယ်တို့ပွဲပဲပေါ့ :D ) ဒါပေမဲ့ အိမ်က ပို့ပါဆိုတာနဲ့ ရှိတာလေး သုံးဖို့ချန်ပီး ပို့လိုက်ရတယ်လေ :( ဒီလိုနဲ့ ငွေပို့ပီး ငွေအားနည်းနေတဲ့ ကျနော်ဟာ ဒီနေ့ တနေ့တာ Window Shopping သာလုပ်ဖို့ စိတ်ကူးလိုက်ပါတယ်။ (ကွမ်းသီးကို ရဲဖမ်းတဲ့လေသံလေ :D)။ မ၀ယ်ဘူးဆိုပေမဲ့လည်း အခန်းအတွက် သုံးယောက် Share ၀ယ်တဲ့ အထဲကိုတော့ ထည့်လိုက်ရသေးတာပေါ့။ အခန်းအတွက်ဝယ်တယ်ဆိုတာကတော့ ဒီလိုပါ အခန်းအတွက်က သူ့ပစ္စည်းကိုယ့် ပစ္စည်းခွဲမသုံးကြလေတော့ တလတခါလိုတဲ့ သွားတိုက်ဆေး၊ ပိုးသတ်ဆေး၊ ဆပ်ပြာမှုန့် အစ .. အစ ရှိသဖြင့်ပေါ့ဗျာ အတူပေါင်းဝယ်ကြပါတယ် အဲဒါကို ဆိုလိုတာပါ။ ကျနော် တို့ဟိုလုပ် ဒီလုပ်နဲ့ ၀ယ်ချမ်းအပီးမှာ နာရီကြည့်တော့ နှစ်ခွဲနေပီဗျာ။ ကျနော်တို့ ကာစီနို Staff တွေက ညနေ လေးနာရီ နောက်ဆုံး အနေနဲ့ ပြန်တက်ရပါတယ်။ ညအလုပ် ၀င်ရမဲ့ သူတွေက ရှိတာကိုး။ မနက်မှ အလုပ်ဝင်မဲ့ သူကတော့ နားပေါ့ ဒီလိုပါ။ အဲ လေးနာရီကျော်ပီးမှ ရောက်လာရင်တော့ Management Team ရဲ့ Decision ဆိုတာကြီးကို ရင်တမမ နဲ့သာစောင့်ပေတော့ဗျို့ ။ ကံမကောင်းရင် Terminate လုပ်တဲ့ အထိ ပြစ်ဒဏ် ရနိုင် ပါတယ်။ ကဲ ပြောနေတဲ့ စကားတောင် ဘယ်ရောက်လဲ မသိတော့ဘူး။ ၂ ခွဲနေတော့ မှ အသည်းအသန် လက်ကျန် ၀ယ်စရာရှိတာကို အပီးဖြတ်ပီး တဂွီဂွီတဂွမ်ဂွမ် ဖြစ်နေတဲ့ ဗိုက်ပြသနာကို နီးရာ တရုတ်ဆိုင်တဆိုင်မှာ ဖြေရှင်းလိုက်ရပါတယ်။ အားလုံးပီးတော့ ၃ခွဲ ဖယ်ရီဆိပ်ကို ငါးယောက်သား အသားကို ကားငှားပီး လစ်ရ ပါတော့တယ်။ တော်သေးတာက ဖယ်ရီ ထွက်ခါနီးလေးမှာပဲ ကျနော်တို့ အောင်မြင်စွာ ဖယ်ရီပေါ်က ခုံငါးလုံးမှာ အမိအရထိုင် နိုင်လိုက်ပါတယ် ခင်ဗျား။ ကဲ တလ Shore Leave တော့ ပီးသွားပြန်ပါပီ။ နောက်လကို စောင့်ရင် ဒီမှာပဲ လေကြောရှည်တာကို ရပ်နားလိုက်ပါတယ်။



0 Comments:

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.