"ဘ၀"

ကျနော် ဒီနေ့ ဂျူတီကျတဲ့ Section က လူနည်းတဲ့ နေရာ ဖြစ်တာကတကြောင်း ဒီရက်ပိုင်း ခရီးသည် နည်းတာကက တကြောင်း (လာကစားသမျှလူတွေလည်း ကုန်ပီလေ) အကြောင်းကြောင်းသော အကြောင်းတို့ ဖြင့် လူမရှိသော Section တွင် ကျနော် တယောက်တည်း ဖြစ်နေကာ အတွေးတို့က ဟိုရောက် ဒီရောက်ဖြင့် ဘ၀ ဆိုသော ခေါင်းစဉ်အောက်ရောက်သွားကာ အတွေးနယ်ချဲ့မိသည် နှင့် ကျနော် တို့ ရှင်သန်နေရ တဲ့ ဘ၀ ဆိုတာကို ဆွေးနွေးချက်တခုအနေနဲ့ ဆွေးနွေးချင်တဲ့ ဆန္ဒလေး တခုဖြစ်လာခဲ့တယ်ပေါ့ဗျာ။ ကျနော် တို့ ၀န်းကျင် မှာ ကြားနေကျ ညည်းနေကျ အသံတွေ ခင်ဗျားတို့လည်း ကြားဖူးပါလိမ့်မယ် “ဘ၀ ဘ နှင့် ၀ နှစ်လုံးတည်း မို့ပဲ တော်တော့တယ် ဆိုတဲ့ စကားမျိုးလေ။ ဒီစကားလေးဟာ နောက်ပြောင် ပြောဆိုကျပေမဲ့ တကယ့် တကယ်မှာ ဟုတ်ပါတယ် တကယ့်ကို နှစ်လုံးတည်းမို့သာ တော်ပါရော့တယ် ဒီထက်များ တလုံးလောက် ပိုလာခဲ့ ရင် တွေးကြည့်တာနဲ့တင် အတော်ကို စိတ်ညစ်ညူးဖွယ်ရာ ကောင်းလှပါတယ်။ ကျနော် ဖတ်ဖူးတဲ့ စာအုပ် တအုပ်မှာ ကျနော်တို့ရဲ့ ဘ၀တွေဟာ စပီး အမိဝမ်းကနေ ကျွတ်လာကတည်းက အရာရာ အားလုံးဟာ အစီ အစဉ် တကျဖြစ်လာတဲ့ အရာတွေ ချည့်ပါပဲတဲ့။ ကျနော်လက်ခံပါတယ် ကျနော်တို့ဟာ တကယ့် အစီအစဉ် တကျ ရေးဆွဲထားတဲ့ လောက ဇာတ်ခုံပေါ်မှာ ကနေရတဲ့ သက်ရှိ ရုပ်သေးတွေဖြစ်ပါတယ်။ ကျနော်တို့ကို လွယ်ထားရပီဆိုတာနဲ့ ကျနော်တို့ မိဘတွေမှာ ကျနော်တို့ အတွက် အစီအစဉ်တွေ ရှိပါတယ်။ ဘယ်ဆေးရုံမှာ မွေးမယ် ဘယ်ဆရာဝန်နဲ့ အပ်မယ် အစရှိသဖြင့်ပေါ့။ အိုကေ ကျနော်တို့ လူ့လောက ရောက်ရှိလာပါပီ ကျနော်တို့ ဘ၀အစ ကျောင်းတက်ရာကနေ ကျနော်တို့ နောက်ဆုံးခရီးအထိ အရာအားလုံးဟာ သူစီစဉ်ထားတဲ့ ဇာတ်ကွက်ထဲမျာ မျောပါသွားတာချည့်ပါပဲ။ ကျနော်တို့တွေမှာ လိုချင်တိုင်း တောင့်တတိုင်း ရရှိခဲ့ဖူးတာများ ရှိခဲ့ပါသလား။ ကျနော့် ဘ၀မှာတော့ မရှိခဲ့ဘူးဗျာ။ အဲလို လိုချင် တောင့်တတိုင်း ရှိခဲ့ပါတယ်လို့ ဖြေတဲ့လူရှိရင် ကျနော် တကယ့်ကို အားကျမိမှာပါပဲ။ ဟုတ်ပါတယ် ချွင်းချက်အနေနဲ့ အဲဒီလို လူမျိုးဟာ ရှိကောင်း ရှိနိုင်ပါတယ် အိုကေဗျာ ကျနော် တထစ်လျှော့မယ် ၉၉% ဟာ လိုတိုင်းတ တောင်းတိုင်းမရခဲ့ကြပါဘူး။ အဲဒီလို လိုတိုင်းတမယ် တောင်းတိုင်းသာ ရမယ်ဆိုရင် ကျနော်တို့ လူ့လောကကြီးဟာ တကယ့်ကို အေးချမ်းပီး ပျော်ရွှင်စရာကြီး ဖြစ်နေမှာပေါ့။ “စိတ်ညစ်လိုက်တာ” ဆိုတဲ့ ဝေါဟာရဟာ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ နပိုလီယံက ပြောပါတယ် “မဖြစ်နိုင်ဘူးဆိုတာ သူ့သမိုင်းမှာ မရှိဘူး” တဲ့ သူမသေဆုံးခင်အချိန်ထိ သူ့ဘ၀မှာ သူဖြစ်ချင် တာတွေ ဖြစ်ခဲ့ရဲ့လား ဆိုတာ သူမှ ပဲ သိမှာပါ။ ကျနော်တို့ လက်တွေ့ ရှင်သန် နေရတဲ့ လူ့ဘ၀မှာတော့ မဖြစ် နိုင်တာတွေဟာ တကယ့်ကို အများကြီးပါ။ စဉ်းစားကြည့်လေဗျာ ပစ္စည်းသေးသေးလေးတခုကိုတောင် တခါတလေမှာ လိုချင်ရက်နဲ့ အကြောင်းအမျိုးမျိုး ကြောင့် မရနိုင် လက်လွတ်ခဲ့ကြဖူးတယ်မဟုတ်လား။ အဲဒီလိုဆိုတော့ မဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးဟာ နပိုလီယန် လို တခေတ် တယောက်ပေါ်ခဲ့တဲ့ သူရဲကောင်းတွေ အတွက်ဟုတ်ကောင်း ဟုတ်နိုင်ပေမဲ့ ကျနော် အတွက်တော့ အလွန်ခက်ခဲပါတယ် မဖြစ်နိုင်တာတွေ အများကြီးပါ။ ပြောလေ့ ရှိပါတယ် ကြိုးစားရင် ဘုရားဖြစ်တယ်တဲ့ တကယ့်ကို အပြောပဲရှိပီး လုပ်ဖို့ရာမှာ အလွန်ခက်ခဲလှပါတယ် ဇွဲ လုံ့လ ၀ီရီယ ကံ အများကြီး စိုက်မှပါ။ အိုကေ နည်းနည်းလမ်းလွဲနေပီ ကျနော် ပြောတဲ့အထဲ မှာ အကောင်းထက် အဆိုးက ပိုများနေပါတယ် ဒါက တခြား ကြောင့်တော့မဟုတ်ပါဘူး ကျနော် ဖြတ်သန်းရှင်သန်ခဲ့တဲ့ အတွေ့အကြုံတွေက အဆိုးတွေ သိပ်များ နေတယ် ဒါကြောင့်ပါ တခါတလေ စဉ်းစားမိပါတယ် ဘ၀ဟာ အခက်အခဲတွေနဲ့ အချိန်ပြည့်တိုက်ပွဲဝင်နေရတဲ့ အရာ များလားလို့ အတွေးဝင်မိတဲ့ အထိပါပဲ။ တကယ့်ကိုလည်း ပတ်ဝန်းကျင်မှာ မြင်တွေ့ ရှင်သန်နေရတဲ့ ဘ၀တွေ ဟာ ရယ်မောသံတွေထက် စိတ်ညစ်ညူးသံတွေ ပိုများနေလားလို့ ကျနော်သုံးသပ်မိပါတယ်။ ကျနော် စာအုပ် တအုပ်မှာ ဖတ်ဖူးပါတယ် -

သရေးသျှန်းလို့ ခေါ်တဲ့ လူမျိုးနွယ်ဝင်လူစု တခုမှာ သူတို့ရဲ့ မွေးဖွားလားတဲ့ ကလေးတွေကို

ခုမွေးလာတဲ့ အချိန်က စလို့ နောက်သေဆုံးချိန်အထိ တွေ့ကြုံရမဲ့

အခက်အခဲ ဒုက္ခတွေကို ပြောပြပီး ငိုယိုကြပါတယ်

အဲ လူတယောက် သေဆုံးသွားပီဆိုတဲ့ အခါမှာတော့ သူတို့ဟာ အဲဒီလူဟာ လောကကြီးမှာ

သူတွေ့ကြုံနေရတဲ့ ဒုက္ခ အခက်အခဲတွေ စိတ်ညစ်ညူးစရာ အရာခပ်သိမ်းဟာ

ကုန်ဆုံးသွားပီဆိုပီး အဲဒီလူအတွက် ၀မ်းမြောက်ဝမ်းသာ

ခုန်ပေါက် ပျော်မြူးကြပါတယ်။

တဲ့။ အခု လက်တွေ့အကျဆုံး တခုကို ပြောမယ်ဗျာ။ ကျနော်တို့တွေကို ဘ၀စကတည်းက ကျနော်တို့ မိဘ တွေက သွန်သင်ဆုံးမခဲ့ကြပါတယ်။ ကျောင်းနေချိန်မှာ စာကြိုးစားဖို့။ နေ့စဉ်စာကျက်ဖို့ ပညာတတ်မှသာ လူ့ဘ၀ မှာ လူလူချင်း နင်းတာမခံရမှာ ဖြစ်ကြောင်း အမြဲသွန်သင်လေ့ရှိ တာကို သိကြမှာပါ။ ဒါတွေဟာ ဘာအတွက်လဲ ပညာတတ်ရင် အလုပ်ကောင်းကောင်းရအောင်လို့လား? လူ့ဘ၀မှာ သက်သက်သာသာ နေရ အောင်လို့လား? ဂုဏ်ရှိအောင်လား? အများကြီးပါ ဒီနေရာမှာ ၀င်ရောက်စွက်ဖက်လာတာက “ငွေ” ပါ။ ဒီဘက်ခေတ်မှာ ငွေဟာ ဘ၀ကို တန်ဆာဆင် တဲ့ အရေးကြီးတဲ့ နေရာတခုကနေ ပါဝင်လာတာ မငြင်းနိုင်ပါဘူး။ ငွေမရှိပဲ ပညာသင်လို့မရပါဘူး။ ပညာတတ်နေပေမဲ့လည်း ငွေမရှိရင် စီးပွားရေးလုပ်လို့ မရပါဘူး။ အဲဒီ ငွေကြောင့်ပဲ ကိုယ့်ကျင့်သိက္ခာတွေ ယုတ်လျော့ လာကြပါတယ်။ ကျနော်တို့ရှင်သန်ခြင်းရဲ့ အဓိပါယ်ဟာ ငွေရှာ ဖို့လား? မဟုတ်ပါဘူး တကယ့်ကို လွဲချော်နေပါတယ်။ ဒါပေမဲ့ တကယ့် တကယ်မှာ ဘ၀ရှင်သန်ခြင်းဟာ ငွေ ရှာခြင်းဆိုတဲ့ အရာနဲ့ ထပ်တူ အချိုးကျနေပါတယ်။ ငယ်စဉ်တောင်ကျေး လူမှန်းသိတတ် ကတည်းက ကျောင်းတွေတက် ပညာတွေသင် အရာရာ အားလုံးရဲ့ နိဂုံးဟာ ငွေရှာဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ရှိ သွားပါတယ်။ မွေးဖွားလာကတည်းက သေဆုံးခြင်းအထိ ငွေနောက်လိုက်ရင်းနဲ့ပဲ ဘ၀ဟာ အဆုံးသတ် ရပါတယ်။ ကျနော်တို့ ခင်ဗျားတို့ ကိုယ်တိုင်လဲ ခု လက်ရှိ လုပ်နေတာဟာဘာလဲ ငွေရှာနေတာပဲ မဟုတ်လား။

ဒါဆို ကျနော်တို့ရဲ့ ရှင်သန်ခြင်း အဓိပ္ပါယ်ဟာ ဘာလဲ ?

နောက်တခု က ကျနော်တို့ တွေဟာ လက်ရှိ ဖြစ်တည်နေတဲ့ ဘ၀ကို အလွန်တွယ်တာကြပါတယ်။ ကျနော်တို့ ကလေးဘ၀မှာ ဆော့ကစား မြူးတာတွေကို ခုံမင်မယ် တွယ်တာမယ်။ ကျောင်းစတက်တဲ့အချိန်မှာ သူငယ်ချင်းတွေကို တွယ်တာမယ်။ မြီးကောင်ပေါက် အရွယ်မှာ ချစ်သူရည်းစား တွေ ရှိလာမယ် အဲဒီ ချစ်သူ ရည်းစားတွေကို တွယ်တာမယ်။ နောက်ပိုင်း မိမိ မိသားစု မိမိဘ၀လေး ရှိလာမယ် ဒါကိုလည်း မြတ်နိုးမယ် တွယ်တာမှာပါပဲ။ ဟုတ်ပါတယ် လူမှန်ရင် အတွယ်အတာ သံယောဇဉ်နဲ့ မကင်းပါဘူး။ ဒါတွေရဲ့ အခြားတဘက် ကို ခင်ဗျားတို့ သိကြရဲ့လား? သိပါတယ် ခင်ဗျားတို့ ကျနော်တို့ သိပါတယ် သိသိကြီးနဲ့ မသိချင်ဟန် ဆောင်နေ ကြတာပါ အဲဒါဘာလဲဆိုတော့ ဖြစ်ပျက် ဆိုတဲ့ သဘောတရားပါ လောကမှာ တည်ရှိနေတဲ့ အရာမှန်သမျှဟာ ဖြစ်ခြင်း ပျက်ခြင်း သဘောတရားနဲ့ မလွတ်ကင်းပါဘူး။ ဖြစ်ပီးရင် ပျက်မဲ့ အရာတွေပါပဲ။ ဒါဆို ကျနော် အပေါ်မှာ ပြောခဲ့တဲ့ အရာတွေအားလုံးဟာ ဒီဖြစ်ပျက်သဘောတရားအောက်မှာ ပျက်စီးသွားပါပီ။ မနက်ဖြန်ဆိုတာ မသေချာပါဘူး။ မနက်ဖြန်ဆိုတာ ဝေးပါသေးတယ် ယခု လက်ရှိအခြေအနေရဲ့ နောက် စက္ကန့်ပိုင်းအတွင်းမှာ မိမိ တို့ ဘာဖြစ်မယ်ဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ အဲဒီလို ဖြစ်ပျက်သဘောတရားတွေ များပြားနေတဲ့ လောက ကြီးမှာ ကျနော်တို့တွေဟာ နောင် အနာဂတ်တွေထက် လက်ရှိ ပစ္စုန်ပန် အချိန်မှာ ဖြစ်ပျက်နေတာတွေကို ကျေနပ် လက်ခံပီး ပျော်ပျော်ကြီးနေထိုင်မယ်ဆို ကျနော်တို့ ဘ၀တွေဟာ သာယာလှပနေမယ်လို့ ကျနော် ယူဆ မိပါတယ်။ ဒါဆို ကျနော်တို့ ရှင်သန်နေတဲ့ ဘ၀ကြီးမှာ ဘာက အရေးကြီးဆုံးလဲ ? –

ငွေးကြေး ဥစ္စာလား ?

ဂုဏ်ပကာသနလား ?

စိတ်ချမ်းသာမှုလား ?

ကဲ ဒါကတော့ ကျနော်ရဲ့ ထင်မြင်ချက်ပါပဲ။ ကျနော် စာအရေးအသားညံ့တာကြောင့် ကျနော်ဆိုလိုချင်တာကို တိုက်ရိုက် မြင်ချင်မှ မြင်ပါလိမ့်မယ် အကြောင်းအရာတွေ ရှုပ်ထွေးကောင်း ရှုပ်ထွေးနေပါလိမ့်မယ်။ တတ်သလောက် ရေးသားခြင်းသာဖြစ်လို့ သည်းခံစေချင်ပါတယ်။ ဒီဆွေးနွေးချက်လေးဟာ ဘယ်သူ့ ဘယ်သူကိုမှ ထိခိုက် ရေးသား ခြင်း မဟုတ်ပဲ ကျနော် ဖြတ်သန်းရှင်သန်လာတဲ့ ဘ၀တလျှောက်က အကြောင်းအရာတွေကိုသာ ကျနော့ရဲ့ မတောက်တခေါက် ဥာဏ်ရည်နဲ့ သုံးသပ်ထားခြင်းမျှသာဖြစ်ပါတယ်။ နောက်ပီး ဒီပို့စ်ကို ဖတ်ဖြစ်တဲ့ ညီအကို မောင်နှမတွေကသာ စိတ်ပါဝင်စားစွာနဲ့ ပါဝင်ဆွေးနွေးမယ်ဆို ကျနော် ၀မ်းသာမိမှာပါ။ ခင်ဗျားတို့ရဲ့ အမြင်လေး တွေကို ကျနော် မျှော်လင့်ပါတယ်။ မည်သူ့ မည်သူကိုမျှ ထိခိုက်ရေးသားခြင်း မဟုတ်ပဲ ဆွေးနွေးချက် တခုမျှသာ ဖြစ်ကြောင်း ထပ်လောင်းပြောဆိုချင်ပါတယ်။



0 Comments:

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.