Sweet December တဲ့ … ကျနော့ အတွက်တော့ မထူးခြားလှပါဘူး ကျနော်ကတော့ ဆောင်းရာသီထက် မိုးရာသီ ကို ပိုသဘောကျမိတာပါ။ ဒါပေမဲ့ ဆောင်းရာသီကိုလည်း နှစ်သက်ပါတယ် ဆောင်းတွင်း မနက်ပိုင်းမှာ မြူတွေ လွှမ်းပီး ချမ်းစိမ့်စိမ့်နဲ့ အိမ်ရှေ့ထွက်ထိုင်ရတဲ့ အရသာ ကို ငယ်ငယ် က အရမ်းပဲ ကြိုက်နှစ်သက် ခဲ့တာပေါ့။ ညနေပိုင်း အေးလာပီဆိုရင် သူငယ်ချင်းတွေနဲ့ စက်ဘီးကို လမ်းပတ်ပီးစီးကြ၊ ကြက်တောင် ရိုက်ရတာလဲ အမောပါ ဒါတွေကို ပြန်လွမ်းမိပါရဲ့။ ရုပ်ရှင်တွေထဲမှာ အနောက်နိုင်ငံတွေ က နှင်းတွေဖုံးနေတဲ့ လမ်းတွေ အိမ်တွေ ပတ်ဝန်းကျင်တွေကို ကြည့်ပီး ငါလဲ တနေ့ အဲဒီလိုနေရာမျိုးမှာ သွားနေမယ်ဆိုပီး စိတ်ကူးခဲ့ဖူး တာလည်း အကြိမ်ကြိမ်ပါ (စိတ်ကူးတာပဲ ပိုက်ဆံပေးရတာမှ မဟုတ်ပဲနော်)။ ဒီဇင်ဘာဟာ ခရစ်ယာန် ဘာသာဝင် လူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ လ တလဆိုလည်း မမှားပါဘူး။ သူတို့ရဲ့ ဘုရားသခင်မွေးနေ့ Christmas Day ဟာလည်း ဒီလ ထဲမှာပဲ ကျရောက်ပါတယ်။ ဒါအပြင် ဒီဇင်ဘာလဟာ နှစ်တနှစ်ရဲ့ အဆုံးသတ်လ ဆိုလဲ မမှားပါဘူး နှစ်ဟောင်းကို စွန့်ထားခဲ့ပီး နှစ်သစ်ကိုကြိုဖို့ အတွက် ကျရောက်လာတာဖြစ်ပါတယ်။ ဒါအပြင် ဒီလမှာ အလုပ်ပိတ်ရက်တွေ ကျောင်းပိတ်ရက်တွေ များတာကြောင့် မိသားစုတွေ သူငယ်ချင်းတွေ အတွက် ခရီးထွက်စရာ လကလေး တလ ဖြစ်ခဲ့တာပေါ့။

ကျနော့်တို့ သူငယ်ချင်း တွေ အတွက်ကတော့ ဒီဇင်ဘာ ကျရောက်လာတာဟာကျနော်တို့ရဲ မြန်မာ နှစ်ကူး ပွဲတော်ဖြစ်တဲ့သင်္ကြန်ပွဲတော် ကျင်းပချိန် ဧပြီ လကို ရောက်ရှိရင် ပျော်သလို ခံစားရပါတယ် ဘာလို့ဆိုတော့ ကျနော်တို့ သူငယ်ချင်း တစုဟာ ဒီရာသီ ဒီအချိန် ကိုရောက်ပီဆိုရင် သူငယ်ချင်းတွေ အားအား မအားအား .. အားအောင်လုပ်ကာ ခရီးထွက်လေ့ ရှိလို့ပါပဲ။ ဒီဇင်ဘာ မရောက်ခင်ကတည်းက သူငယ်ချင်းတွေ စုမိရင် ခရီးထွက်ဖို့ပဲ ညှိုနှိုင်းလေ့ရှိပါတယ်။ တယောက်မပါရင်မဖြစ်အောင် မအား အားတဲ့အထိစောင့်ကာ သွားဖြစ်အောင် သွားလေ့ရှိကြပါတယ်။ သွားလေ့ ရှိတာကတော့ ကျိုက်ထီးရိုး ဘုရားပါပဲ။ ကျိုက်ထီးရိုး ဘုရားဖူးခရီးဟာ သိပ်မဝေးတဲ့အပြင် ကုသိုလ်လဲရ ပျော်စရာလည်း ကောင်းတဲ့အပြင် တောတောင် ရေမြေ သဘာဝအလှတွေကို တ၀ခံစား နိုင်လို့ ကျနော်တို့ သူငယ်ချင်းတွေအတွက် အမြဲ ရွေးချယ်မိတဲ့ နေရာပါပဲ။ နှစ်တိုင်း ရောက်နေပေမဲ့ မရိုးသွားပါဘူး တခေါက်နဲ့ တခေါက်ဟာမရိုးနိုင်ပဲ အမြဲ ပျော်ရပါတယ်။ ကျနော့်အတွက်ကတော့ ကျနော် သူငယ်ချင်းတွေနဲ့ နောက်ဆုံး သွားခဲ့တဲ့ ခရီးက ၂၀၀၅ ဒီဇင်ဘာ ပါပဲ။ ကျနော်တို့ဟာ ဒီဇင်ဘာရောက်ပီဆိုတာနဲ့ သူငယ်ချင်းတွေ တိုင်ပင်ပီး လူသိပ် မများခင် ဒီဇင်ဘာ အစောပိုင်းကို ခရီးထွက်လာကြပါတယ်။ ကျနော်တို့ သူငယ်ချင်း ကိုးယောက် နောက် ကျနော်တို့ကို ဦးဆောင်ပီး လိုက်ပို့ပေးတဲ့ သူငယ်ချင်း အောင်ကျော်သူရဲ့ အဖေ အမေ အမ တို့ သုံးယောက်ပါ ပါတယ်။ ဒီလို လူကြီးတွေနဲ့ သွားလို့ ကျနော်တို့ မလွတ်လပ်ဘူး လို့ ထင်လိုက်လား။ မဟုတ်ပါဘူး အရမ်း အရမ်းကို လွတ်လပ်ပါတယ်။ တကယ့်ကိုပါပဲ လူကြီးတွေပါလာတော့ ကျနော်တို့အတွက် ၀မ်းရေးကိစ္စက ကိုယ့်ဘာသာ စီစဉ်စရာမလိုတော့ဘူးပေါ့။ မောမောပမ်းပမ်းနဲ့ လျှောက်လည် ပီးရင်ပြန်လာရင် ထမင်းဝိုင်းက အသင့် လက်ဆေးပီး စား၊ စားပီးရင်လဲ လက်ဆေးပီး ထသွားရုံပါပဲ တကယ့်ကို ချစ်ဖို့ကောင်းတဲ့ ဦး နဲ့ အန်တီပါ ကျနော်တို့ကို သူတို့ရဲ့ သားအရင်းတွေလိုပဲ ချစ်ကြတာပါ။ ကျနော်တို့ ပေါင်းခဲ့တဲ့ သက်တမ်းကလည်း မနည်းပဲကိုး ကျနော်တို့ ဟို ၂ တန်းကတည်းက စပေါင်းလာတဲ့ သူငယ်ချင်းတွေချည့်ပါပဲ ကျနော်ခု နိုင်ငံခြား မထွက်ခင်အထိကို တတွဲတွဲနေ့တိုင်း တွေ့နေကြ သူငယ်ချင်းတွေပါ။ ဦး နဲ့ အန်တီဟာ ရသေ့တောင် မှာ ဘုရားတည် ထားတဲ့ ဒကာတွေဖြစ်တာကြောင့် ကျိုက်ထီးရိုးရောက်တိုင်း ရသေ့တောင် ဘုန်းကြီးကျောင်းမှာပဲ တည်းခိုလေ့ရှိပါတယ်။ ကျိုက်ထီးရိုးဘုရားဖူးတွေဟာ ရသေ့တောင်မှာ တည်းခိုးလေ့ အတော့ကို နည်းပါတယ်။ ကျနော်တို့ သွားတုန်းကလည်း ကျနော်တို့ပဲ ရှိပါတယ်။ ကျိုက်ထီးရိုး ဘုရားကို သွားဖို့ ခရီးထောက်ပေမဲ့ တကယ့်ကို အေးချမ်းတိတ်ဆိတ်ပီး နေထိုင်လို့ကောင်းတဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ ကျနော်တို့တွေ တက်တော့ လူငယ်ပီပီ ကားနဲ့ပဲ တက်ခဲ့ကြပါတယ် :D။ ရသေ့တောင် ကားရပ်စခန်းရောက်တော့မှသာ ကျနော်တို့တွေ ရသေ့တောင်ကို ခြေလျှင်တက်ခဲ့ကြပါတယ်။ (အခု အချိန်ဆိုရင်တော့ စည်နေလောက်ပီထင်ပါရဲ့ ရသေ့တောင် ပေါ်အထိ ကားလမ်းပေါက်နေပီ လို့ ကြားပါတယ်။) ဒါတောင် ရသေ့တောင်ပေါ်တက်တဲ့ လမ်းမှာ ညည်းတဲ့ လူက ပါ ပါသေးတယ်။ ကျနော်တို့ သူငယ်ချင်း မင်းမင်း ဆိုတဲ့ ဖက်တီးပေါ့ ဟုတ်တော့လည်း ဟုတ်ပါတယ် ကျနော် တို့တွေက ပေါ့ပေါ့ပါးပါးတက်နေပေမယ့် သူ့ခမျာ မပေါ့မပါးနဲ့ :D တက်နေရတာဆိုတော့ သနားမိပါတယ် ဒါပေမဲ့လည်း ကျိုက်ထီးရိုး တက်ရတဲ့ အရသာလေးကို အပြည့်အ၀ မရတောင် တစွန်းတစ ရကောင်းရဲ့ ဆိုပီး တက်ခဲ့ကြတာပါ သူကလည်း သူငယ်ချင်းတွေနဲ့အတူပါပဲ မရရအောင် တက်ရှာပါတယ်။ ရှေ့က ကြိုကြိုရောက် နေတဲ့ ကျနော်တို့က နောက်ကနေ အိပဲ့ အိပဲ့ နဲ့တက်လာတဲ့ သူ့ကို စလိုက် စောင့်ရင်းနဲ့တက်လိုက်နဲ့ တောင်ပေါ် ရောက်လာပါတယ်။ တောင်ပေါ်ရောက်တော့လည်း မောလာသမျှဟာ ပတ်ဝန်းကျင် သဘာဝရှုခင်း တွေရဲ့ လှပမှုကြောင့် ပြေပျောက်ခဲ့ရပါတယ်။ ရသေ့တောင်ကနေ ကျိုက်ထီးရိုးဘုရားကို လှမ်းဖူးရတာလည်း တမျိုးပါပဲ။ ကျနော်တို့ ရသေ့တောင်ဆရာတော်ကို ဖူး ပီးနောက် ခေတ္တခဏ အနားယူပီးတဲ့အခါ ရေချိုး ကြပါ တယ်။ ကျိုက်ထီးရိုးတောင်ပေါ်မှာ ရေရှားလှပါတယ် ၀ယ်ချိုးတာတောင်မလောက်ပါဘူး ကျနော်တို့ ရသေ့တောင် ပေါ်မှာတော့ ကျောက်ကန်ကြီး နဲ့ နှစ်ကန်အပြည့်ပါပဲ ရေကလည်း တောင်အောက်က စမ်းရေကို မော်တာနဲ့ တင်တာဖြစ်တာကြောင့် အေးမြနေတဲ့ စမ်းရေအေးအေးလေးကို တ၀ ချိုးမိကြပါတယ် အဲဒီအခါမှပဲ တနေကုန် ပင်ပမ်းထားတာတွေဟာ ယူပစ်သလို ပျောက်ပီး လန်းဆန်းသွားပါတော့တယ်။ ကျနော်တို့ ကျိုက်ထီးရိုး တောင်ပေါ်တက်တာ ညနေ ၅ခွဲမှာပါ ပုဆိုးလေးတွေနဲ့ပေါ့ အေးအေးဆေးဆေး တက်ခဲ့တာ ညနေ ၇ နာရီ လောက်မှ တောင်ပေါ်ရောက်ပါတယ်။ ဘုရားဖူး ဈေးခင်းလျှောက် နားနားနေနေ နေပီး ပြန်ဆင်းလာတာ ည ၁၀နာရီပါ။ ဒီအချိန်မှ ဆင်းတဲ့သူဆိုလို့ ကျနော်တို့ပဲ ရှိပါတယ်။ ကျိုက်ထီးရိုးအဆင်းက အဲဒီလောက်ကြီး မဟုတ်ပေမဲ့ ရသေ့တောင် အတက်မှ စတွေ့တာပါပဲ မှောင်မဲနေတဲ့ တောလမ်းကို ည ၁၁ နာရီလောက် မှာ သူငယ်ချင်းတွေ ဟိုပြောဒီပြော ကြောက်ကြောက်လန့်လန့်နဲ့ ပြန်တက်ခဲ့ကြတာပါ ဖက်တီးတို့က ဒါမျိုးကျတော့ ရှေ့ဆုံးက တက်တယ်ခင်ဗျ :D ပြန်ရောက်တော့ အားလုံး ပေတေညစ်ပတ်နေကြပီ အဲဒါနဲ့ ခြေဆေးလက်ဆေးပီး တော့ မအိပ်ကြပဲ နဲ့ ရန်ကုန်ကတည်းက အစီအစဉ်ဆွဲပီး ယူလာတဲ့ ဖဲထုပ်နဲ့ ဖဲရိုက်ကြတယ် ခင်ဗျ :D ဘူကြီး ၂၁ ကို ၅ ကျပ်ကြေးရိုက်ကြတာ မနက် လေးနာရီကို ခွဲပါရော လား ဆော့တာက အိမ်ကို ငါးကျပ်တန် တအုပ် ၁၀ တန်တအုပ် ၂၀ တန် တအုပ် လဲခိုင်းထားတာနဲ့ ဆော့တာ .. အိမ်ကတော့ လှူဖို့ထင်တာပေါ့ ကျနော်က နဂိုတည်းက အကြံကြီးကြီးနဲ့ ဆော့ဖို့လဲတာခင်ဗျ အဟဲ လှူဖို့လည်းပါတာပေါ့နော် လှူတာက ဒီထက်အတန် ကြီးပါတယ် :D ကျနော်တို့ အဲလို ဆော့တာ ညတိုင်းပါပဲ အဲဒီတခေါက်တုန်းက ကျနော်တို့အတွက် အမှတ်တရ က လမ်းမှားပီ စွန်တောင်ကို ရောက်သွားတာပါပဲ မြစိမ်းတောင်ကို သွားရာကနေ စွန်တောင်မှ ကြိုဆိုပါ၏ ဆိုတဲ့ မုခ်ဦးတွေ့လို့ နီးနီးလေး ထင်လို့သွားလိုက်တာ အားပါး ဘယ်နှစ်မိုင်မှန်းမသိပါဘူး လျှောက်လိုက်ရတာဆိုတာ တအုပ်စုလုံးက အလျှော့မပေးချင်လို့သာ အားတင်းပီး လမ်းဆုံးမှ ရပ်မယ်ဆိုပီး တက်ခဲ့ကြတာ လမ်းမှာလဲ လူက မရှိ လမ်းမှားတယ် ထင်ရလောက်အောင်ပါပဲ သုံးနာရီလောက် လျှောက်ပီးမှသာ တောင်ထိပ် ကို ရောက်ခဲ့ပါတယ် စွန်တောင် စေတီနဲ့ ဘုန်းကြီးကျောင်းရှိပါတယ်။ ရှုခင်းကတော့ တကယ့်ကို တန်ပါတယ် တက်ခဲ့ရတာနဲ့ နောက် အောက်ပြန်ဆင်းတဲ့အထိ မခံနိုင်တော့တဲ့ ဗိုက်ပြသနာကို စွန်တောင် ဘုန်းဘုန်းဆီမှာပဲ သီးစုံဟင်းနဲ့ အပီလွေးခဲ့ပါတယ်။ မောကလည်းမော တော်တော်ဟာနေတဲ့ဗိုက်ကို တယောက် သုံးပန်းကန်လောက်စီ ဖြည့်လိုက်တာ ဘုန်းဘုန်းက တော်တော့ကို သဘောကျပါတယ် :D။ နောက်တခုက ကျနော်တို့ ပြန်လာတော့ ရန်ကုန်ကို ည ၈ နာရီလောက် အမှီ ပြန်မောင်းလာတာကြောင့် လမ်းမှာမနားပဲ တောက်လျှောက် ပဲခူးရောက်မှ သာ တထောက်နားခဲ့ကြတာပါ ပဲခူးရောက်တော့ ညနေ ငါးခွဲ ဗိုက်တွေက တော်တော်ဆာနေပီ အကုန်လုံးက ညည်းနေတာကြောင့်ကတကြောင်း ရန်ကုန်ကို ခရီးကသိပ်မလိုတော့တာ တကြောင်းကြောင့် ပဲခူးက လက်ဖက်ရည်ဆိုင်မှာ တထောက်နားပီး ဗိုက်ဖြည့်ကြပါတယ် လက်ဖက်ရည်ဆိုင်ကလဲ ညနေ ပိတ်ခါနီးဆိုတော့ ကာ ပေါက်စီ နဲ့ လက်ဖက်ရည် အပြင် တခြား ဘာမှကို မရှိတော့တာပါ။ ကျနော်တို့ ဆာဆာနဲ့ ပေါက်စီ စားကြ တာ တယောက်ဘယ်နှစ်လုံးလဲ သိလား :D လေးလုံးခင်ဗျ ကိုးယောက်ကို တယောက်လေးလုံး တွယ်လိုက်တာ ၃၆ လုံး ကုန်ရော .. အနီး ၀န်းကျင်က လူတွေကလည်း တအံ့တသြပေါ့ ဘယ်က အငတ်တိုင်းပြည်က ရောက်လာလဲဆိုတဲ့ အကြည့်တွေနဲ့ ကြည့်ကြတာပေါ့ ဂရု မစိုက်ပါဘူး ကိုယ့်ဝမ်းနာ ကိုယ်သာသိကိုး .. သုံးလုံးလောက် ကုန်ပီးလေးလုံးမြောက်မှသာ အိနြေ္ဒ ရှိရှိ နဲ့ နောက်ဆုံးအလုံးကို စားနိုင်တာပါ :D ရန်ကုန်ကို ၀င်တော့ မှောင်နေပါပီ ဗိုက်ပြည့်တော့ ခုနက တိတ်နေတဲ့ ကျနော်တို့ဟာ ဟိုတပေါက် ဒီတပေါက်ငြင်းခုန်ရင်း အိမ်ပြန်ရောက်ခဲ့ပါတယ်။ ကျနော်တို့ ဒီခရီးစဉ်မှာ ကုန်ခဲ့တာက ဖလင် ရှစ်လိပ်ပါ တကွက်မှ မပိုပါဘူး သွားတာက ယောကျာ်းလေး ကိုးယောက် .. ဒါတောင် ဓာတ်ပုံရိုက်တာ မကြိုက်ဖူးပြောတဲ့ ကောင်ကပါသေးတယ် ပီးတော့ သူပဲ အများဆုံးပါပဲ။ အဟဲ သူများတော့ မဟုတ်ဘူးဗျ အဲဒါ ကျနော်ပဲ :D။

တကယ့်ကို အမှတ်ရစရာတွေပါ ပီးခဲ့တဲ့ နှစ်ကတော့ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ သင်္ဘောပေါ်မှာပဲ ကျနော့်ရဲ့ ဒီဇင်ဘာဟာ ကုန်ဆုံးခဲ့ပါတယ် ဒီနှစ်လဲ ဘာထူးလဲ ဒီလိုပါပဲ မနက်ဖြန် သန်ဘက်ခါ ဆို ဒီကောင်တွေ သွားပါတော့မယ် မနေ့ တနေ့က သူငယ်ချင်းတွေ G-talk မှာ တွေ့တော့ ပြောတော့ စိတ်မကောင်းဖြစ်မိပါတယ် ချက်ချင်း ပြန်ချင်စိတ်ကို မနည်း ထိန်းထားရတယ် .. သူငယ်ချင်းတွေကတော့ ပြောပါတယ် ရှေ့နှစ် ပြန်လာပေါ့ တဲ့။

ကဲ 2008 ဒီဇင်ဘာကိုသာ စောင့်မျှော်ရင်း သူငယ်ချင်းတွေ ပို့ပေးမဲ့ ဓာတ်ပုံတွေ စောင့်ရင်း ကျနော့်ရဲ့ ပျင်းရိစရာ ဒီဇင်ဘာညတွေကို ဖြတ်သန်းရဦးမှာပေါ့ ။


0 Comments:

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.