မနေ့ညက မုန်တိုင်းကလည်း ဆဲခါစဆိုတော့ သင်္ဘောပေါ် လာဆော့တဲ့ ခရီးသည် နည်းလှပါတယ်။ ခရီးသည်က နည်းတော့ အလုပ်မရှိတာနဲ့ အတွေးနယ်ချဲ့ရင်း ဟိုး ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်စဉ်းစားရင်း ငယ်သူငယ်ချင်း ၂ ယောက်ကို သတိရမိသွားပါတယ်။ ကျနော် ငယ်ငယ်က သုဝဏ္ဏမှာ မွေးစကနေ ၇ နှစ်သားလောက်ထိ နေခဲ့ဖူးပါတယ်။ ကျန်တဲ့ သူငယ်ချင်း တွေကို မမှတ်မိပေမဲ့ ခုချိန်ထိ ကျနော့ ခေါင်းထဲ စွဲနေတဲ့ သူငယ်ချင်း ၂ ယောက်တော့ ရှိပါတယ်။
တယောက်က ချစ်မင်းဇော်တဲ့။ ကျနော်နဲ့ သူငယ်တန်းစတက်တော့ သိတာ။ ဒီကောင်နဲ့ ကျနော်က အရာရာမှာ တယောက်နဲ့ တယောက်ပြိုင်ရမှ ကျေနပ်ကြတာ။ သူငယ်တန်းကနေ ကျနော်မပြောင်းခင် ၂တန်းထိ ဒီကောင်နဲ့ ကျနော် တတန်းထဲ ဘေးချင်းကပ် ထိုင်ကြတာ။ လပတ်စာမေးပွဲ၊ နှစ်စဉ်စာမေးပွဲတိုင်း ၂ ယောက်လုံး အဆင့် ၁ ချည်း ရလို့ အတန်းထဲမှာ အဆင့် ၂ သမား အမြဲ ပျောက်တယ်။ ကျနော်တို့ ၂ယောက် ထမင်းစားလဲ ပြိုင်တယ်။ က ခ ရေးလည်း ပြိုင်တယ်။ ကျောင်းပြန်လို့ လမ်းထဲ ထွက်ကစားလည်း တခုမဟုတ် တခု ပြိုင်နေကြ။ ဒီကောင်နဲ့ ကျနော့ ကြားမှာ မမေ့နိုင်စရာအဖြစ် တခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တခါ ကျနော်တို့ ၂ယောက် ရန်ဖြစ်တယ် ကျောင်းမှာ။ တစ်တန်းတုန်းက ထင်တာပဲ .. စာပြိုင်ရေးရင်း ဒီကောင်က ပါးစပ်ကနေ ပွစိ ပွစိ ပြောပီး ကျနော့ကို အာရုံပြောင်းအောင် လုပ်တယ် ကြာတော့ ကျနော် သည်းမခံနိုင်တော့ပဲ ကွန်ပါဘူးနဲ့ ဒီကောင့် ခေါင်းကို ရိုက်ပလိုက် မိတယ်။ ဒီကောင်ကလည်း သူရေးနေတဲ့ ခဲတဲ့ နဲ့ ကျနော့ကို ပြန်ထိုးတာ ကျနော်က လက်ဝါးနဲ့ ခံလိုက်တော့ လက်ဝါးမှာ စိုက်သွားတာပေါ့။ ဒီကောင့်ခေါင်းလဲ မကွဲပေမဲ့ သွေးတော့စို့သွားတယ်။ ကျနော့ လက်လည်း လက်ဝါး အလယ်မှာ အပေါက်ဖြစ်ပီး သွေးထွက်တော့တာပဲ။ ငယ်တုန်းဆိုတော့ ဘာပြသနာမှတော့ မတက်လိုက်ဘူး။ ၂ဘက်လုံး မိဘတွေ နဲ့တော့ ခေါ်တိုင်တယ် ထင်တာပဲ။ သိပ်မကြာပါဘူး ပြန်တည့်တာပဲ။ ကျနော့မွေးနေ့မှာ ဒီကောင် ပေးထားတဲ့ (သူ့မိဘပိုက်ဆံပေါ့) မွေးပွရုပ်လေး ခုထိ အိမ်မှာရှိသေးတယ်။ ကျနော်ကသာ ဒီအချိန်မှာ ဒီကောင့်ကို အမှတ်ရနေတာ ဒီကောင်က ကျနော့် နာမည်ကိုတောင် မှတ်မိသေးရဲ့လားမသိ။
နောက်တယောက်က ဖူးပွင့်ငုံ တဲ့။ ကျနော့အိမ်ဘေး တအိမ်ကျော်မှာနေတဲ့ ကောင်မလေး။ ဖြူဖြူဖွေးဖွေးနဲ့ ကော်ပတ်ရုပ်လေး ကျနေတာပဲ (ဓာတ်ပုံပြန်ကြည့်ရင်း မှတ်မိတာပါ :D )။ အဲ့ကလေးမ က တဦးတည်းသော သမီး အဖော်မရှိ ကျနော် တို့အိမ်မှာပဲ ကျနော်နဲ့ လာလာကစားနေတာ။ ကျနော့ထက် တနှစ်ကျော်ငယ်တယ် ကျနော့ကို ကိုကို .. ကိုကို နဲ့ ခေါ်တယ်။ အဲ့ကလေးမကို ကျနော် သိပ်နိုင်တာတော့ မှတ်မိတယ်။ သူက ကျနော့်ဆီ ကစားချင်လို့ လာတယ် ကျနော်က သူလာပီဆို ကျနော်က မေမေ ကွယ်ရာကို ခေါ်ပီး (သိချင်နေပီပေါ့ .. ပြောဘူး ၀ယ်ဖတ် :D ) အ၀တ်စုတ်ကို ရေဆွတ် ကြမ်းတိုက်ခိုင်း တော့တာပဲ။ အကျင့်များ မကောင်းလိုက်ပုံပြောပါတယ် သူများ သားသမီးကို လုပ်ပုံက။ ချာတိတ်မက တုံးကလည်း တုံးသေးတယ်ဗျ။ အိမ်မှာ ငယ်ငယ်က အောက်စက် ဘာညာမှရှိပါဘူး။ ကလေးမ လာရင် အခွေကြည့်မလား အောက်စက်ဝယ်လိုက်ပီ ဆိုပီး ကြွားတယ်။ ကြည့်မယ်ဆိုတော့ စားပွဲက အံဆွဲ လေးထဲ ကက်ဆက်ခွေတွေထည့် တီဗီဖွင့်ပြ အဲဒါလည်း ယုံတာပဲ။ အဲဒိတုန်းကတော့ သဘောတွေ ကျတာပေါ့။ ခု ပြန်စဉ်းစားတော့ တော်တော့ကို လွမ်းမိပါတယ်။ ကျနော့် အနွံတာ တော်တော်ခံခဲ့ရတဲ့ သူငယ်ချင်းမလေးပါ။ နောက်ဆုံး ကျနော်တို့ ပုဇွန်တောင်ဘက်ပြောင်းမယ် ဆိုတော့ လာနှုတ်ဆက်ပါသေးတယ် ကိုကို ပြန်လာခဲ့နော်တဲ့။ အဲ့အချိန်က ကျနော်မမှတ်မိတဲ့ စကားကို မေမေက အမြဲ ပြောပီး နောက်တတ်ပါတယ်။ ဘာလဲဆိုတော့ မေမေ သားအတွက် အဲ့ကောင်မလေးကို ငါးဆယ်နဲ့ ၀ယ်ခဲ့ပေးပါတဲ့ :D ။
ဒီနှစ်ယောက်အပြင် ကျနော် တခြားသူတွေကို မမှတ်မိတော့ပါဘူး။ ဒါတောင် သူတို့ရဲ့ ငယ်ရုပ်တွေပဲ မှတ်မိတာပါ ဒီအချိန် လမ်းမှာ တွေ့လို့ တိုက်သွားရင်တောင် မှတ်မိကြမယ် မထင်တော့ပါဘူး။ ကျနော့် ဘ၀မှာ သူငယ်ချင်းပေါင်း များစွာ ရှိခဲ့ပါတယ်။ ကျနော်အတွက် သူငယ်ချင်းတွေဟာ ဒုတိယ ဘ၀ပါပဲ။ ကျနော့် မိသားစုနဲ့ ထပ်တူ ချစ်ရပါတယ်။ ကျနော်ချစ်သလို သူတို့ရဲ့ ချစ်ခင်မှု ပြန်မရမှာလဲ အသေကြောက်ဖူးပါတယ်။ ခုလည်း ကျနော်တွေးမိ ပြန်ပါပီ။ ကျနော် ဒီ ၂ယောက်ကို သတိရနေချိန်မှာ သူတို့ ကျနော့် နာမည်လေးကိုတောင် သိကြပါတော့မလားလို့း( ။
Labels: ကျနော့မှတ်စု, ခံစားချက်