Labels: ကြေငြာချက်
ကျနော် အကြိမ်ကြိမ် ပြန်စဉ်းစားနေကြည့်မိသည်။ စဉ်းစားလိုက်တိုင်း အဖြေက မိမိကိုယ်ကို သာ အပြစ်တင် နေမိသည်။ ဘာကြောင့် ဒီလောက် ဖော်ရွေမှု နည်းရပါသလဲဟု .. ဖြစ်ပုံက ဒီလို ..
ကျနော် အလုပ်လုပ်သော ကာစီနိုထဲတွင် လှည့်ကာ ကျနော်တို့ Dept နှင့်သက်ဆိုင်သော Slot Machines များကို လှည့်ကြည့်နေတုန်း ဖြတ်လာသော Marketing မန်နေဂျာကို ကျနော် တွေ့လိုက်သည်။ တွေ့လိုက်ပါလျှက် မိမိ အထက်လူကြီးတယောက်ကို ပြုံးပြသင့်ပါလျှက် ကျနော် သူ အနားရောက်လာချိန်ထိ ကျနော်မပြုံးပြ မိသည့်အပြင် အဲ့အချိန်မှာ ကျနော့မျက်နှာက တော်တော် တည်နေခဲ့သည်ဟု ကျနော်ထင်သည်။ သူကတော့ အဲ့လိုမဟုတ် Marketing မန်နေဂျာ ပီသစွာ ဖော်ရွေသော အပြုံးတချက်ကို ကိုယ့်လက်အောက် ငယ်သားပင် ဖြစ်စေကာမူ ပြုံးပြသွားခဲ့သည်။ အဲ့ဒီ စက္ကန့်ပိုင်းလေး အတွင်းမှာပင် ကျနော် အရှက်ကြီး ရှက်ရတော့သည်။ မိမိလုပ်နေသည်က လူအများနှင့် ဆက်ဆံနေရသော နေရာတခု ထို့အပြင်ကိုယ့် အလုပ်က ပိုရွေ့ လူအများနှင့် တိုက်ရိုက်ထိတွေ့ရသော အလုပ်။ အများကြီး စဉ်းစားမိကာ မိမိ အပြုအမူအတွက် အရှက် ရမိတော့သည်။ ထိုကြောင့် သူ တပတ်ပြန်လာသော အခါ ကျနော် က ဦးအောင် ဖော်ဖော်ရွေရွေ ပြုံးပြ လိုက်မိသည်။ ထို့အတွက် သူက ကျနော့ ပုခုံးကို ပုတ်ကာ ခေါင်းညိမ့် ဆက်လျှောက်သွားတော့သည်။
အမှန်က ကျနော် ဒီရက်ပိုင်း တော်တော့ ကို အလုပ်များနေသည်။ ပုံမှန် ၀န်ထမ်းတယောက် အနေနှင့် သိပ်မများ နိုင်ပေမဲ့ ကျနော်တို့ယူထားရသော နေရာက တဌာနလုံးမှာမှ ကျနော်အပါအ၀င် လေးယောက်သာရှိသည်။ ကျနော်တို့ ညဂျူတီတွင် ၂ ယောက်သာရှိသည့် အတွက် အထဲတွင်ရော ရုံးခန်းတွင်ပါ ကျနော်တို့ အလုပ်များ ကြသည်။ ဒီရက်ပိုင်း ပိုများသည့် အကြောင်းက နေရာတူ သူငယ်ချင်းတယောက်က အပြီး ပြန်သွားခဲ့သည်။ သူပြန်သွားတော့ သူကိုင်ထားသော ပရော့ဂျက်များကို HOD လုပ်သူက ကျနော့ကို လုပ်နိုင် မလုပ်နိုင် မမေးပဲ တာဝန်ပေးခဲ့သည်။ ပေးခဲ့တာက ကျနော်လုံးဝ မကျွမ်းကျင်သော ဂရပ်ဖစ်ဒီဇိုင်းများ ... ပထမရက်ပိုင်း တော်တော်ကို စိတ်တိုခဲ့သည်။ သို့ပေမဲ့ သူ့ဆန်စား ရဲရမည် ဟု တင်းကာ ဖြစ်အောင် လေ့လာခဲ့ကာ အရင် အခြေခံနှင့် ပေါင်းပီး ကျနော်တတ်နိုင်သမျှ ကြိုးစားခဲ့သည်။ ထုတ်သမျှ ဒီဇိုင်းကို ဂျေးများကာ ပြန်ပြင်ခိုင်းခဲ့သော မားကက်တင်း ဌာနကိုလည်း ကျေးဇူးတင်သည်။ သူတို့ ဂျေးများလို့သာ အခု ကျနော် နားလည်ရသည်။ တပတ်အတွင်း ကျနော် ဒီဇိုင်း ၇ ခု ထုတ်ပေးခဲ့သည်။ သို့ပေမဲ့ ရလဒ်က ကျနော် လူရှေ့သူရှေ့ မရှောင် ဟန်မဆောင်နိုင်လောက်အောင် စိတ်ကျဉ်းကျပ်မှုကြောင့် မျက်နှာက မှုန်ကုတ်ကုတ် ဖြစ်သွားရသည်။ နောက် တချက် ရီပြဖို့ကို သေမလောက် တွန့်တိုနေခဲ့တော့သည်။ တချက်ရယ်ရင် တရက်အသက်ပိုရှည် မည်ဟု ကြားဖူးပေမဲ့ ဘာကိုမှ ဂရုမစိုက်နိုင်လောက်အောင် ကျနော့် အလုပ်ပိခဲ့သည်။ သို့ပေမဲ့ ဒီမနက် သင်ခန်းစာက ကျနော့ကို ပြုပြင်ပေးလိုက်ပြီ။
အလုပ်ဘယ်လောက်များများ ကျနော် နောက်ကို ပြုံးဖို့ ၀န်မလေးတော့ပါ။ ကျနော့အပြုံးက လူတယောက်ကို စိတ်အဆင်ပြေမှု ပေးနိုင်တယ်ဆို ကျနော် ပြုံးရကျိုး နပ်ပီဟု .....
Labels: ကျနော့မှတ်စု, ခံစားချက်
ဟန်လွင်ဦး
ကျနော့ရဲ့ ညီအကို လိုချစ်တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက သူငယ်ချင်းတယောက်ပါပဲ။ ဒီကောင့်ကိုတော့ အဖွဲ့ထဲမှာ ချီးကြောင် ရယ်လို့ နာမည်ဖျက်ပေးထားကြတယ် ခင်ဗျ။ ပုံမှန်ဆိုရင် ကောင်းပေမဲ့ တခါတခါ ကျပ်မပြည့်ပဲ လုပ်ချင်တာ ထလုပ်တတ်လို့ ဒီနာမည်ကို ပေးထားရခြင်းဖြစ်ပါတယ်။ ခုမှရတဲ့နာမည်လည်း မဟုတ်ပါဘူး ဟိုးငယ်ငယ် လေးတန်းကျောင်းသား ဘ၀လောက်တည်းက ပိုင်ဆိုင်ထားတဲ့ ဘွဲ့ဖြစ်ပါတယ်။ လူပုံစံကတော့ ဖြူဖြူ ပိန်ပိန်နဲ့ ရုပ်ရည်က ခပ်သန့်သန့်မို့ SKB ပေါ့ဗျာ။ (ဒါပေမဲ့ ခုချိန်ထိ ရည်းစား မယ်မယ်ရရ မရှိသေးပါဘူး အီစီကလီတွေတော့ ရှိပါရဲ့)။ ဒီကောင်နဲ့ ကျနော် စခင်တာက ကျနော် သင်္ဃန်းကျွန်းကနေ ကျောင်းပြောင်းလာပီး ပထမဆုံး ကျနော် ကျောင်းစတက် ရမဲ့ နေ့မှာပါ။ ဖြစ်ချင်တော့ ဒီကောင်ကလည်း ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် အဲလိုနဲ့ ကျနော်တို့ တူတူထိုင်ဖြစ်ရင်း ခင်ခဲ့ကြတယ်ပေါ့။ အဲ အဲ့ဒီကနေ စလို့ အတူတူထိုင်လိုက်တာဟာ ကျနော်တို့ တက္ကသိုလ်ကျောင်း နောက်ဆုံးနှစ်ထိပါပဲ။ နောက် ဒီကောင့် အိမ်နဲ့ ကျနော့်အိမ်က ရှေ့နောက် ကပ်နေတာဆိုတော့ သူ့အိမ်ဟာ ကျနော့်အိမ် ကျနော့်အိမ်ဟာ သူအိမ်ကို ဖြစ်နေတော့တာပါပဲ။ တခါတရံ ကျနော်က ဒိကောင့် မိသားစုနဲ့ ထမင်းစားနေချိန်မှာ ဒီကောင်က ကျနော့်အိမ်က ထမင်းစားဝိုင်းမှာ ခပ်တည်တည်နဲ့ မျိုဆို့နေတတ်ပါတယ်။ ဘောလုံးကန်လည်း တူတူ၊ ကျူရှင် သင်တန်း တက်လည်းတူတူ စာကျက်တော့လည်း တူတူ ဘယ်တော့ဖြစ်ဖြစ် တတွဲတွဲ တွေ့ရတတ်တာကြောင့် သူငယ်ချင်းတွေကြားထဲမှာ ကျနော်တို့ ၂ယောက်ဟာ ဖြူမဲ ညီနောင်ရယ်ဆိုပီး နာမည်တွင်ခဲ့ပါတယ်။ မှတ်မိသလောက် ကျနော်တို့ ခုနစ်တန်း အရွယ်မှာ အိမ်က ကုက္ကိုင်း ရေကူးကန်ကို ရေကူးသင်ဖို့ လွှတ်ခဲ့ပါတယ်။ အိမ်က ပထမအပတ်လောက်ပဲ လိုက်ပို့ကာ နောက်ရက်တွေ တက္ကစီနဲ့ပဲ လွှတ်ပါတော့တယ်။ တနေ့ ကျနော်တို့ ရေကူးသင်ရင်း ရေနစ်လို့ ၂ယောက်လုံး ကြောက်ပီး နောက်နေ့တွေ သင်တန်း မသွားတော့ပဲ ဂိမ်းဆိုင်မှာသာ အချိန်ဖြုန်းပီး အချိန်တန်မှ အိမ်ပြန်ခဲ့ ကြပါတယ်။ ခပ်တည်တည်ပဲပေါ့ အဲ သင်တန်းပီးတော့ သင်တန်းဆင်း လက်မှတ် ပေးပွဲကြီးက တီဗီမှာလာတော့မှ ကျနော်တို့မှာ အဆူခံ ရပါတော့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျနော်တို့ ၂ယောက်လုံး သူငယ်ချင်းတွေ ကောင်းမှုနဲ့ ရေမကြောက်တော့ပဲ ကျွမ်းကျွမ်း ကျင်ကျင် ကူးတတ်တဲ့ အဆင့်ထိ ရောက်သွားပါတယ်။ အဲ့အရွယ်ထဲက ကျနော်တို့က အဲ့လိုပါ။
ကိတ်စတော်တော်များများကို ဒီကောင်မပါပဲ ကျနော်မလုပ်တတ်သလို သူကလည်း ကျနော့ကို မတိုင်ပင်ပဲ မလုပ်တတ်ပါဘူး အနည်းဆုံး အသိတော့ ပေးကြပါတယ် ဘယ်ခြေလှမ်းမယ်ဆိုတာကိုပေါ့။ ကျနော်တို့ မိုးတွေသိပ်သည်းတဲ့ ညလိုမျိုးမှာ လမ်းထွက်လျှောက်ဖူးတယ်၊ ကောင်မလေး တယောက်ကို ၂ ယောက် အတူတူ ကြိုက်ခဲ့ဖူးတယ် (နောက်တော့လည်း ဟုတ်တာမဟုတ်ပါဘူး)၊ ဗိုလ်တထောင် ဆိပ်ကမ်းမှာ ညကြီးသန်းခေါင် ဂစ်တာထိုင်တီးခဲ့ကြဖူးတယ်၊ ဒီကောင် အရူးထတာ မနက်လေးနာရီလောက်ကြီး ကျနော့်ကို နှိုးပီး သူကြိုက်နေတဲ့ ကောင်မလေး အိမ်ကို ပန်းသွားချိတ်ချင်တယ် ဆိုလို့ ကျနော် လိုက်ပေးခဲ့ရဖူးတယ်၊ ကျနော် အိမ်က ခိုးလစ်ပီး ခရီးတယောက်တည်း သွားမယ်ဆိုတော့ ဒီကောင်က အဖော်လိုက်ပေးခဲ့ဖူးတယ်၊ ကျနော်တို့ အိမ်တွေ ပြသနာ ကြုံရတိုင်း ခေါင်းချင်းဆိုင်ဖြေရှင်း ကြတာ ကျနော်တို့ ၂ယောက်ပါပဲ၊ ကျနော်တို့ အတူဖြတ်သန်းလာတဲ့ အချိန်က များလွန်းပါတယ် ဒါကြောင့်တယောက်နဲ့ တယောက် ဘာလုပ်ချင်တယ်ဆိုတာ နားလည်မှု အရမ်းရှိပါတယ်။
ကျနော် သင်္ဘောတက်လာတော့ ဒီကောင်က အင်ဂျင်ဘက် ရွေးတာမို့ ဒေါက်ဆင်းရင်း ကျန်ခဲ့ပေမဲ့ အရင်လိုပဲ ကျနော့်အိမ်မှာ မေမေလိုသမျှကို ကူညီ လုပ်ကိုင်ပေးနေပါတယ်။ ကျနော့်ကို လေယာဉ်ကွင်း လိုက်ပို့တုန်းက ဒီကောင် မျက်ရည်ဝဲပီး ပြောခဲ့တာကို အမှတ်ရပါသေးတယ် ငါတို့ ၂ယောက် ဘယ်တုန်းကမှ ဒီလောက် အကြာကြီး မခွဲခဲ့ကြဖူးဘူး ငါတို့ ငယ်ငယ်တုန်းက အချိန်တွေကို ပြန်ရချင်တယ်ကွာ တဲ့ ကျနော် တချက်ပြုံးပီး ငပေါ လို့သာ ပြောနိုင်ပါတယ် ကျနော်ကိုယ်တိုင်လည်း စိတ်ထဲက ဒီကောင့်လို ပြောမိနေလို့ပါပဲ။ ခုတော့ ဒီကောင်က ရည်းစားတွေ ဘာတွေရလို့ အိုကေနေပီတဲ့ ကျနော့ကို ဒီကောင်ကြောသွားပီပေါ့ အဟင်းဟင်း (သတိထားစေချင်ပါသည်) ဘာပဲဖြစ်ဖြစ် ပြန်မဲ့အချိန်ကျရင်တော့ ၂ယောက်လုံး နည်းနည်းပါးပါး သောက်တတ် နေကြပီမို့ သွားစရာ နေရာတနေရာ တိုးဦးမည် ဟု တွေးရင် ချီးကြောင် အကြောင်း ဒီမှာပဲ ရပ်ပါရစေ။ တခြား ချစ်သယ်ချင်းတွေအကြောင်းကိုလည်း အလျဉ်းသင့်သလို တင်ပါဦးမည်။
Labels: ကျနော့မှတ်စု, ခံစားချက်, သူငယ်ချင်း
ပန်းခင်းကြီးကို ငေးကြည့်ရင်း
ငါဟာ ဥယျာဉ်မှူး တယောက် ဖြစ်ချင်ခဲ့ဖူးတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ် တွေရဲ့
အောင်မြင် ကျော်ကြားမှုတွေကို ကြည့်ရင်း
ငါဟာ ကမ္ဘာကျော် တယောက်ဖြစ်ချင်ခဲ့ဖူးတယ်။
အကွေ့အကောက်များတဲ့
လောကကြီးကို ဖြတ်သန်းရတိုင်း
ဖြူစင်တဲ့ ကလေးငယ်တယောက်ရဲ့ ဘ၀မျိုး
ပြန်လည် ရချင်ခဲ့ဖူးတယ်။
ချစ်သူရဲ့ အပြုံးမျက်နှာကို
ခပ်ဝေးဝေးက ငေးကြည့်ရင်း ကျေနပ်ခဲ့ဖူးသလို
သူမမျက်နှာ မှိုင်နေချိန်မှာတော့
အပြုံးတွေ ပြန်လည်ထုဆစ်ပေးဖို့ ငါ့လက်တစုံကို
အသုံးတော်ခံ ချင်ခဲ့ဖူးတယ်။
ဒါတွေဟာ ...
တကယ်တော့ ... တကယ်တော့ ...
ငါရဲ့ စိတ္တဇဆန်ဆန် စိတ်ကူးယဉ်မှုတွေပါပဲ
ဒါတွေကို ဖယ်ပြီး ငါ့ဘ၀ရဲ့ ပုစ္ဆာတွေကို အဖြေထုတ်တော့
အသိဥာဏ်က မီးမောင်းထိုးပြလိုက်တယ်
မင်းဟာ စိတ်ကူးယဉ်သာ ဆန်တတ်တဲ့
အကြွင်းမရှိ အညံ့စားကောင် တဲ့ ။
ငါရယ်သံတွေ ခြောက်ကပ်နေမလား မသိ။
Labels: ကဗျာ
မျက်နှာကို ကမန်းကတမ်း သစ် သွားပင်မတိုက်အား အသင့်ချိတ်ထားတဲ့ ဂျူတီဝတ်စုံကို အသည်းအသန်ကောက် စွပ်ကာ ပြေးရသည်။ ကြောင်လျှာသီးကို လမ်းသွားရင် တည့်သည် မတည့်သည် မသိ ကောက်စွပ်ကာ ဘိုသီ ဘတ်သီဖြင့် တန်းနေအောင် ပြေးရသည်။ လမ်းတလျှောက် ကြည့်ကြတဲ့ လူတွေက မနည်း ဂရုမစိုက်နိုင်အား Time Card ရိုက်သည့်နေရာကို ရောက်ကာ ကဒ်ယူလိုက်တော့ 9:02 Pm။ သေသာ သေလိုက်ချင်တော့သည် ဟု ကိုယ့်ကိုယ်ကို ကျိန်ဆဲကာ အထဲ ၀င်သွားတော့ တဌာနတည်း ဘော်ဒါတွေက Dream Walking လားတဲ့ ပုံမှန် အနေအထားဆို ပြန်ပြောမိမှာ သေချာပေမဲ့ အခု ကိုယ်က နောက်ကျနေတော့ အတတ်နိုင်ဆုံး စပ်ဖြဲဖြဲ လုပ်ထားရသည်။ သိပ်မကြာ HOD ခေါ်ရာ ရုံးခန်းထဲသို့ လိုက်သွားကာ အဆူခံရတော့သည် ကံကောင်းသည် ဒီအပြစ်က ကံကောင်းလျှင် Warning Letter လောက်နဲ့ ပီးနိုင်သလို ကံဆိုးရင် Bonus Deduction ထိ ရနိုင်သည် HOD စိတ်ကောင်းဝင်နေချိန်မို့ထင့် နောက် ၂ နှစ်ကျော်အတွင်း ဘာအပြစ်မှ မရှိတာ တို့ကို ထောက်ကာ နောက်မဖြစ်စေနှင့်ဟု ဆိုကာ ရေချိုးချိန်ပြန်ပေးတော့မှ ချိုးရတော့သည်။ စိတ်ထဲမှတော့ တရုတ်မင်းသား နဲ့ နာရီကို ကျိန်ဆဲနေမိသည်။
ထိုနေ့က ခရီးသည်များ သဖြင့် ကာစီနိုထဲ လူရှုပ်ကာ အားလုံး အလုပ်များနေကြသည်။ ကျနော့် ထမင်းစားချိန်က ထမင်းစားခန်းမပိတ်မှီ ငါးမိနစ် အလိုလေး ဖြစ်သဖြင့် ဘရိတ်ခ်ရတော့ အသည်းအသန် ပြေးရသည်။ ကိုယ်ရွှေ ၀ိတ်တာတွေက ၀ီရိယကောင်းကာ စောသိမ်းလျှင် ငတ်နိုင်သည်လေ။ ဟိုရောက်တော့ ဟင်းဘန်းတွေမြင်မှ စိတ်အေးသွားကာ ရင်ထဲက အလုံးက ၀ုန်းဆို ကျသွားသည်။ ငါမငတ်တော့ဘူးပေါ့ :D ။ ထုံးစံအတိုင်း စားစရာ မရှိပေမဲ့ အဆင်ပြေနိုင်တာလေးတွေ ရွေးထည့်ကာ စားပွဲဆီသို့ အလျှင်စလိုသွားမိလိုက်တော့ အဲ့မှာ တွေ့ပီပေါ့ အဲ့မှာ တွေ့တာ ဘင်လာဒင်နဲ့ ချောစုခင် စတွေ့တာ ( ပထမတော့ ဘာမှန်းမသိ ကလေးတွေပြောနေကြတာ လိုက်ယောင်တာ နောက်တော့ သေချာမေးကြည့်တော့မှ ကိုကြီးကလည်း ဘင်လာဒင်က မုတ်ဆိတ် မများဘူးလား တဲ့ အင်း များတယ်လေ ချောစုခင်က သွားမခေါဘူးလားတဲ့ အင်း ခေါတယ်လေ ဆိုတော့ အင်းပေါ့ သူတို့ ၂ ယောက်တွေ့တော့ ညိတာပေါ့တဲ့ ကောင်းလေစွ လို့ တမိကာာ သဘောကျသွားတော့သည် မသိသူများ မှတ်လော့) စကားတောင် ဘယ်ရောက် သွားမှန်းမသိ သူတို့ရှုပ်တာနဲ့ .. အဲ အလျှင်စလိုသွား လိုက်တော့ ဘယ်သူ မှောက်ထားမှန်းမသိတဲ့ ရေတွေကို တက်နင်းမိကာ လူက ဟိုဘက်လဲမလို ဒီဘက်လဲမလို နဲ့ အနိုင်အနိုင်ထိမ်းရင်းက လက်ထဲက စားတော်ခွက် အဲလေ ပန်းကန်က ကျကာ ကွဲသွားတော့သည်။ ဟင်င် ရယ်လို့ တကာ မှင်သေသွားမိသည် သူများတွေ ၀ိုင်းကြည့်တာကို ဂရုမစိုက်အား ဘာလို့ဆိုတော့ ၀ိတ်တာ တယောက်နဲ့ ကျနော်တို့ အလောင်းအစားလုပ်ကာ ဒီပန်းကန်တွေက ဂျာမနီက ပန်းကန်တွေ တော်ရုံကျရုံ နဲ့ မကွဲဟုဆိုတာကို ကျနော်တို့က လက်မခံနိုင်ပဲ လောင်းစား လုပ်ကာ သူတလှည့်ကိုယ်တလှည့် ချခွဲခဲ့သည် ပန်းကန်တွေ အဲ့တုန်းက ဘုရားစူး မကွဲခဲ့တဲ့ ပန်းကန်တွေ ခု ကိုယ့်လက်ထဲကျတော့ ကွဲသွားပီ။ အောင့်သက်သက်နဲ့ Restaurant Supervisor ပြောတာကို ခံပီး စားလည်းမ၀င်တော့ ပြန်ဆင်းလာရသည်။ တနေကုန်တော့ ဘာဆာသလဲ မမေးနဲ့တော့။ မနက်စောစောမှသာ ပေါင်းကာ ကျိတ်ရတော့သည်။ အလုပ်ထဲတွင်လည်း တောက်လျှောက် အဆင်မပြေလိုက်တာဆိုတာ အဲ့ဒီတော့မှ အော် ပြသဒါးနေ့ဆိုတာ ဒီလိုနေ့မျိုးထင်ပါ့ဟု ကောက်ချက် ချမိတော့သည်။ အလုပ်ထွက်လာတော့ ဘေးခန်းမှ သူငယ်ချင်းက သူကြည့် နေသည့် ကိုးရီးယားကား ပီးပီတဲ့ မင်းယူထားလိုက် ဇာတ်လမ်းလေးက ကောင်းချက်ကွာ မင်းသမီးကလည်း ချောက ချောဆိုတော့ ဘာပြောကောင်းမလဲဆိုကာ အခွေလာပေးတော့ နေကွာ ဟု ပြောကာ တံခါးဆောင့် ပိတ်လိုက်တော့ ဟိုကောင့်ခမျာ အူလည်လည်နဲ့ ထွက်သွားရရှာတော့သည်။
ကဲ မ၀ါရေ ဒီလောက်နဲ့ပဲ ကျေနပ်ပါတော့နော်။ လွန်ခဲ့တဲ့ ၃ လလောက်က ကြုံခဲ့ရတဲ့ ကျနော့်ရဲ့ နှစ်နှစ် ကျော် အတွင်း ဗရုတ်သုတ်ခ အကျဆုံး နေ့တနေ့ ကို သတိရမိတာနဲ့ ပြန်ဖော်ပြပေးလိုက်ပါတယ်။ နောက်ကျတဲ့ အတွက် ဆောရီးပါ အမ၀ါရေ .. ဆက်ပြီးတော့ ကျနော့် အကြွေးကျန်နေသေးတဲ့ ကိုလင်းထက်ကို ဒီပို့စ်လေးကို သူ့ ပြန် တဂ်လိုက်ပါတယ် (ဟွန့် မှတ်ပီလား တဂ်ချင်ဦး လက်စားချေပလိုက်တာ မှတ်ထား) :D ကိုလင်းထက်ကြီး ရေးပေးပါဥိးလို့။
Labels: Tag
မှတ်သားဖွယ်ရာစကားများ
သူငယ်ချင်း တစ်ယောက် Forward လုပ်လိုက်တဲ့ Powerpoint File လေးထဲက တန်ဖိုးရှိတဲ့ စကားတွေပါ။ ကျွန်မကို စိတ်ခွန်အားတွေရစေလို့ ဆိုလိုရင်းမပျက်အောင် အတတ်နိုင်ဆုံး ကြိုးစားဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ မူရင်းရေးသားသူ (တစ်ယောက်ထက်ပိုရင်) အားလုံးကို ကျေးဇူးတင်မိပါတယ်ရှင်။
- ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
- ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
- သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
- အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
- လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
- ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။
- ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
- အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
- မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
- သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
- အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် “အတွေ့အကြုံ”ဆိုတာ ဖြစ်လာပါတယ်။
- ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
- အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။
Labels: ကူးယူဖော်ပြချက်
''ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
ပြာမှိန်လျက် မြူချေဆိုင်း .. ။
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း'' ............ ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူ
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။ (ထိုစာသားများကို ကိုနန္ဒ၏ Mail Forward မှ ယူကာ အသုံးပြုထားပါသည်)
အော ဘာလိုလိုနဲ့ သီတင်းတခါကျွတ်လာပြန်ပီ .. ဒီနေရာမှာ အောက်တိုဘာကို ဖြတ်လာတာ သုံးခါ တိတိရှိခဲ့ ပြန်ပီပေါ့ .. အဲဒီလို အခါသမယတွေရောက်တိုင်း ကိုယ့်နေရပ် ကိုယ့်ဌာနီကို သတိရမိတာ တအားပါပဲ ...
မိသားစု၊ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေဟာ ဒီအချိန်မှာ ခံစားမှုကို နက်နဲ စေတာပါပဲ ....
ဟိုး ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်ပီဆိုရင် ဖေဖေ မေမေ နဲ့ လိုက်ပြီး ကန်တော့ထိုက်တဲ့ သူတွေကိုလိုက် ကန်တော့ ခဲ့တာ မှတ်မိနေပါတယ်။ အဲ့လိုနေ့မျိုးဆို ၀တ်ကောင်းစားလှတွေဝတ် မနက်စောကြီး ရွှေတိဂုံဘုရားကို တက်ဖူး ဘုရားစောင်းမှာ မနက်စာ နန်းကြီးသုပ်စား နောက်တော့ ဖေဖေက သွားချင်တဲ့ နေရာမှန်သမျှ တနေကုန် လိုက်ပို့ပါတယ် လျှောက်လည် ရုပ်ရှင်ကြည့်ပေါ့ ... ညပိုင်းကျတော့ ဘိုးဘိုး၊ ဘွားဘွား၊ ဦးလေး အဒေါ်တွေကို လိုက်ကန်တော့ မုန့်ဖိုးတွေရ ပွဲဈေး လျှောက်လည် မုန့်စားနဲ့ ပျော်စရာ သိပ်ကောင်းခဲ့ပါတယ်။
အသက်အရွယ်လေး ရလာတော့ အိမ်နဲ့မသွားတော့ဘူး။ အမေနဲ့ အဖေကတော့ တနေကုန် ဘုန်းကြီးကျောင်း မှာသာ ဥပုသ်ယူရင်း အချိန်ကုန်စေတော့တယ်။ သူငယ်ချင်းတွေနဲ့ မနက်ဆို ဘုရားတက်တယ် အင်းကျီ အဖြူ ယောပုဆိုးလေးတွေနဲ့ တူညီပေါ့။ အဲ ကားထဲမှာတော့ အိတ်တွေနဲ့ ထုပ်ထားတယ် ဘောင်းဘီတွေ တီရှပ်တွေ ပါတယ်ခင်ဗျ ;D။ ပီးတာနဲ့ ကဲကြမယ်ဆိုတဲ့ အကြံနဲ့လေ။ ဘုရားဖူးပီး ပြန်လာပီ ဆိုတာနဲ့ တနေကုန် တနေကမ်း လျှောက်အလေလိုက်တော့ တာပါပဲ။ ညနေရောက်တော့ အိမ်မှာ မီးပုံးတွေ တပ် မီးပူဇော်၊ အိမ်ရှေ့ကကျောက်ခက် ပင်တွေမှာ မီးအလှ လိုက်ဆင် နဲ့ အချိန်ကုန်စေတော့တာပါပဲ။ အားလုံးပီးပီ ဆိုရင် ဒန်းလေးပေါ် ထိုင်ပီး ထိန်ထိန်သာနေတဲ့ လကြီးကို ငေးရင် တယောက်တည်း စိတ်ကူးယဉ်၊ စိတ်ပေါက်ရင် ဂစ်တာ ထတီး နဲ့ အဲလိုညမျိုးကို မအိပ်ပဲ ကုန်ဆုံးစေခဲ့ဖူးပါတယ်။
နောက် ကျနော်တို့က ပုဇွန်တောင်သားတွေဆိုတော့ ပုဇွန်တောင် သီတင်းကျွတ် ပွဲဈေးဆိုတာ နာမည် ကြီးပဲလေ တအားစည်တာ ရောက်ဖူးသူတွေ သိကြမှာပါ။ ဈေးသည်တွေ အစီအရီ ကစားနည်းတွေမျိုးစုံနဲ့ သိပ်စည်တဲ့ ပွဲဈေးတခုပါ။ ဆယ်တန်းပီးတော့ မှတ်မှတ်ရရ သူငယ်ချင်းတွေ စုပီး ပွဲဈေးမှာ ဈေးဆိုင် ဖွင့်မယ် ဆိုပီး စပ်ဆော့ကြတယ်။ အဲလိုနဲ့ စလိုက်တာဟာ တကယ်တမ်းလိုက်လုပ်တော့ မပီးတော့ပါဘူး ဈေးဆိုင်အတွက် နေရာယူရ၊ မြို့နယ်ရုံးပေါင်းစုံ သွားရ ခံဝန်ကတိတွေ များစွာ ထိုးရနဲ့ ငါးယောက်လုံး ကိုယ့်ဟာနဲ့ကိုယ် အလုပ်ရှုပ်ကုန်ပါတယ်။ အားလုံးပီးတော့ ဆိုင်ဖွင့်တာဟုတ်ပါပီ ဘာရောင်းမှာတုန်း ဆိုတော့ ၀ိုင်းစဉ်းစားရင်း Burger, Snack & Soft Drink ဆိုင်လေး ဖြစ်သွားတယ်။ နီးစပ်ရာ အသိုင်းအ၀ိုင်းကို လက်မှတ်တွေ ၀ယ်ချင်လည်းရောင်း မ၀ယ်ချင်လည်း ရောင်းနဲ့ ရှိသမျှ ကူပွန်တွေ ကုန်သွားတယ်ပေါ့ ;D ။ ကိုယ့်ဟာကို decorate လုပ်ထားတဲ့ ဆိုင်လေးကို တကယ်ဖွင့်တော့မဲ့ အဖိတ်နေ့ ညနေမှာ ကြည့်ရင်း ကြည်နူးနေကြမိတယ်။ ဒီဆိုင်လေးအတွက် ပေးထားရတဲ့ အချိန်က နည်းမှ မနည်းပဲကိုး။ တကယ်လည်း အလုပ်စရော မှာထားတဲ့ အော်ဒါတွေက တော်တော်နဲ့ မရောက်နိုင်ဖြစ်ပီး ဆိုင်က ကိုးနာရီလောက်မှ စဖွင့် နိုင်တော့တယ် ရောက်နေတဲ့ သူငယ်ချင်းတွေကို အားနာပါးနာနဲ့ လျှောက်ကြည့်ခိုင်းထားရတယ်။ အားလုံးစုံပီ ဆိုတော့မှ ကိုယ်တွေပဲ စားပွဲထိုး၊ ကိုယ်တွေပဲ ဧည့်ကြို၊ ကိုယ်တွေပဲ ဒီဂျေ ပေါ့ တယောက်တလက်နဲ့ လုပ်လိုက်ကြတာ ပင်ပမ်းလို့ ပင်ပမ်းမှန်းတောင် မသိရပါဘူး။ ဒီကြားထဲ ကိုယ်တွေလိုပဲ ဆိုင်ဖွင့်တဲ့ လသာ ဘက် သူငယ်ချင်းတွေကလည်း ဖိတ်ထားတာမို့ သူတို့ဆီလည်း ၂ယောက်လောက်ကို လွှတ်ရသေးတယ်။ မနက်ကျတော့လည်း မနားရ တယောက်က ဆိုင်စောင့် ထားရတယ် ဆိုင်မှာပဲနေပေါ့ ဒီပွဲတော်ရက်ကတော့ အဲလို စီစဉ်ထားတာ တကယ်တမ်းလည်းကျရော တယောက်တည်း မထားရက်တာနဲ့ ငါးယောက်လုံး ဆိုင်မှာပဲ နေကြ ထမင်းစားတဲ့အချိန်လောက်ပဲ အိမ်ကို ခဏပြန်ကြတယ် အိမ်တွေကလည်း တော်တော် မျက်စိ စပါးမွှေး ဆူးနေကြပီ အဟိ။ ပွဲတော်ရက်ပီးလို့ အားလုံးပြန်ချုပ်ကြတော့ နဂိုက မှန်းထားတဲ့အတိုင်း အရှုံးက ပေါ်နေတော့ သိပ်မထူးဆန်းတော့ပါဘူး စလုပ်တည်းက ကျနော်တို့ မြတ်ချင်လို့ လုပ်ခဲ့တာမှ မဟုတ်တာ ကျနော်တို့ သူငယ်ချင်းတွေရဲ့ စည်းလုံးမှု အတွေ့အကြုံ တွေကို လိုချင်လို့ လုပ်ခဲ့တာဖြစ်လို့ ကျနော်တို့ ပျော်ပျော်နဲ့ပဲ ပြီးခဲ့ကြပါတယ်။
ခုနှစ်တွေမှာတော့ ပုဇွန်တောင်ဟာလည်း ပျော်စရာမကောင်းတော့ပါဘူး။ သီတင်းကျွတ်ဆိုရင်လည်း ဘာမှန်း မသိပဲ ပြီးပြီးသွားတတ်တယ်။ အရင်လို ပျော်ပွဲ ရွှင်ပွဲ လုပ်ခွင့်မပေးတော့ဘူး ဘာကြောင့်မှန်းတော့ မသိဘူးပေါ့ နော်။ ကျနော်ကတော့ ကျနော်ဖြတ်သန်းခဲ့တဲ့ နှစ်တွေကို ပဲ သတိရနေတယ်။ ဟော အခု တခါရောက်လာပြန်ပီ ဒီနေ့ ဘာမှ ထွေထွေထူးထူး မလုပ်နိုင်တော့ သက်သက်လွတ်လောက်တော့ ဖြစ်အောင်စားမယ် ဆုံးဖြတ်ပီး သီတင်းကျွတ်လပြည့် နေ့ကို တယောက်တည်း ဖြတ်သန်းခဲ့ပါတော့တယ်။
Labels: ကျနော့မှတ်စု, ခံစားချက်