ခွဲခွာခြင်း

တွေ့ဆုံကြုံကွဲ ဆိုတာ လူ့လောကမှာ ဖြစ်ပျက်နေကြ သဘောတရားတွေပါ။ ဒါတွေကို ကျနော်တို့ နားလည်နေပါလျက်နဲ့ ကိုယ်ချစ်ခင်သူ တစုံတယောက်က ခွဲခွာသွားတဲ့အခါများမှာ ဘာလို့များ ၀မ်းနည်းကြေကွဲမှုတွေကို ခံစားကြရတာ ပါလိမ့်။ ကျနော်တို့ဟာ ခံစားချက်နဲ့ အသက်ရှင်နေတဲ့ သက်ရှိလူတွေ ဖြစ်လို့ပါပဲ။


ကျနော့် ဘ၀တလျှောက်မှာ ကျနော်ချစ်ခင်တဲ့ သူတွေကျနော့် ကို ခွဲခွာသွားကြတာ မနည်းပါဘူး။ ပထမဆုံး ကျနော် သိပ်ချစ်တဲ့ အဖေ။ ကျနော့ကို သိပ်ချစ်တဲ့ အဖေဆို ပိုမှန်လိမ့်မယ်။ အဖေဟာ ကျနော့်တို့မိသားစုကို စောစောစီးစီး ခွဲခွာ သွားခဲ့တယ်။ နောက် ကျနော်ချစ်တဲ့ အဘိုး၊ အဘွား သူတို့တွေ ခွဲခွာသွားခဲ့တယ်။ ဒါတွေက ဘယ်တော့မှ ပြန်မဆုံနိုင် တော့တဲ့ သေခြင်းတရားက ကျနော်ချစ်တဲ့သူတွေနဲ့ ကွဲကွာစေခဲ့တာပါ။ နောက် ကျနော် သင်္ဘောတက်လာတော့ ဟိုးငယ်ငယ်လေးတည်းက ပေါင်းလာကျတဲ့ ကျနော်သိပ်ချစ်တဲ့ သူငယ်ချင်းတွေကို ခွဲခွာခဲ့ရတယ်။


အခု တခေါက်တော့ ကျနော့် အကိုလဲဟုတ် သူငယ်ချင်းဆိုလည်း ဟုတ်တဲ့ Kelso @ အောင်သူ တယောက် ကျနော်တို့ သင်္ဘောက Resign လုပ်ပြီး ပြန်သွားပြီလေ။ တရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားကလဲ ရှိတာကြောင့် ဒီက အလုပ်ထွက်ကာ တခြားတိုးတက်လမ်း ထပ်ရှာမဲ့ သူ့ကို ကျနော်တို့တွေ မတားခဲ့ပါဘူး။ သူဟာ တကယ့်ကို ပေါင်းသင်းလို့ ကောင်းတဲ့ သူငယ်ချင်းကောင်း တယောက်ပါပဲ။ အရမ်းလည်း သည်းခံတတ်တဲ့ တယောက်ပါ။ ကျနော် သူ့လိုလူမျိုး ခုမှတွေ့ဖူးတာပါ။ ထိလွယ် ပေါက်ကွဲလွယ်တတ်တဲ့ ကျနော့အတွက်တော့ သူ့ဆီက သင်စရာတွေက သည်းခံခြင်းတွေပါပဲ။ တခန်းထဲမှာ ၂ နှစ်နီးပါး ညီအကိုတွေလို နေခဲ့ကြပြီး ခုလို ခွဲခွာသွားတဲ့အချိန်မှာ တကယ့်ကိုပဲ စိတ်ထဲမကောင်းပါဘူး။ မနေ့ညက သူ့ကို ကျနော်တို့ နှုတ်ဆက်ပွဲလေး လုပ်ပေးခဲ့ကြပါတယ်။ လူမရှိတဲ့ ကျနော့တို့ ဘားလေးမှာ ကျနော်တို့တစုသာ ရှိပါတယ်။ သူတီးတဲ့ ဂစ်တာနဲ့ ကျနော်တို့တွေ သီချင်းတွေ အများကြီးဆိုခဲ့ပါတယ်။ နောင်တချိန်မှာ ဒီလို ပြန်ဆုံနိုင်ကြပါ့ဦးမလား ဆိုတဲ့ အသိကြောင့် အားလုံးရဲ့ ရင်ထဲမှာ မကောင်းကြပါဘူး။


ကဲ Kelso ရေ ကျနော့ ဘလော့ဂ်လေး ကနေ ဆုတောင်းပေး လိုက်ပါတယ်။ အရာရာ အောင်မြင်ပါစေ လို့။ တချိန်မှာ ပြန်တွေ့ ကြမယ်။

ကျွန်မနာမည်ကမိုးပြေးပါ။မိုးသောက်ယံရဲ့အခင်ဆုံးသူငယ်ချင်းတယောက်ပေါ့။
မိုးပြေးရဲ့ကဗျာတွေကိုသာတင်ပြီးအားလုံးနဲ့မိတ်ဆက်ဖို့ကိုတော့မိုးပြေးမေ့နေခဲ့
တယ်လေ။စိတ်မရှိကြနဲ့နော်..မိုးပြေးရဲ့ကဗျာလေးတွေကိုလဲ
ခံစားပေးကြပါအုံးနော်..မှားတာရှိရင်လဲပြင်ပေးကြပါ...
အားလုံးကိုကျေးဇူးတင်ပါတယ်...


မိုးပြေး

ပြန်ဆုံနိုင်ဖို့
ဘယ်တော့မှန်းမသိတဲ့
တစ်ချိန်ချိန်အတွက်
အဆုံးမရှိတဲ့
မျှော်လင့်ခြင်းများစွာနဲ့
အမြဲတမ်းအမှတ်ရနေမယ်
ဆိုတာယုံပါကွာ...


မိုးပြေး

Newer Posts Older Posts Home

Blogger Template by Blogcrowds.