ဒီ ပို့စ်လေးကို ဖတ်ရင်း ဖတ်ရင်းက ရေးချင်တာနဲ့ ရေးလိုက် မိပါတယ်။ ဘယ်သူတဂ်လဲ မေးရင်တော့ ကိုရန်အောင်ကြီး တဂ်တယ် လို့သာ ပြောပါတဲ့ :D။

ကိုယ့်ရဲ့ နာမည်

မိုးသောက်ယံ တဲ့ ဘယ်သူကမှ မပေးပေမဲ့ ကိုယ့်ဟာကို ကြိုက်လို့ ပေးလိုက်မိတဲ့ နာမည် လှလှလေး တခုပါ။ (ကိုယ့်ဟာကိုယ် ပေးတာပဲနော် လှတာပေါ့ :P )

ကိုယ့်ကို ဒီလိုခေါ်တယ်

အမေကတော့ သားကြီးတဲ့၊ ညီလေး ၂ ယောက်က ကိုကြီးတဲ့၊ သူငယ်ချင်းတွေကတော့ နာမည်ပြောင်တွေ ခေါ်တာ များပါတယ်။ သင်းတို့က စိတ်ကောင်းဝင်နေချိန်ဆို ယောက်ဖ (သူတို့ပေးရမှာနော် ကျနော့်မှာ ညီချည့်ပဲ သိတာ သူတို့ သိတယ် :P )၊ ချော့ကလက် (မင်း အသားရည်က မည်းတာလဲ မဟုတ်ဘူးတဲ့ ညိုကို ညိုတာပါတဲ့ တခုခု ကျွေးခါနီးတိုင်း အဲ့လိုကို ပြောတာ)၊ တခါတလေ ပွတ်တီး လို့ခေါ်သေးတယ် (အဲ့နာမည်က လေးတန်း လောက်တည်းက သယ်ရင်း တကောင်က စပ်ဆော့ပီး ပေးထားတာ ဘာရည်ရွယ်မှန်း မသိဘူး)၊ သင်းတို့ ဒေါသ ထွက်တဲ့ အခါမှာတော့ ငမဲ တဲ့ တလုံးတည်းကို ပိတ်ခေါ်တာ .. ကောင်းရော ။

ကိုယ်ဒီမှာနေတယ်

လောလောဆယ် ထိတော့ ရပ်တည်မှု ဆိုတာ မည်မည်ရရ မရှိသေးပါဘူး။ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးပေါ်မှာ သေးငယ်တဲ့ နေရာထိုင်းခင်းတခု အတွက် ရုန်းကန် နေရဆဲ ပါပဲ။

ကိုယ့်ဆီဖုန်းဆက်ချင်ရင်

လူကြီးမင်း ခေါ်ဆိုနေသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာ ပြင်ပ ရောက်ရှိနေပါသဖြင့် ခေါ်ဆိုရွေ့ မရနိုင်ပါ ခင်ဗျာ။ :D

အရောင်ဆိုရင်

အရောင် ခပ်နုနုတွေ ကြိုက်တယ်။ ကျနော့် အ၀တ်အစားတွေဟာ ကာလာစုံများတယ်။ တခါတလေတော့လည်း အဖြူ နဲ့ အမဲကို မုန်းလောက်အောင်ကို ၀တ်တယ်။ အကြိုက်ဆုံးက အစိမ်းရောင်ပါ မိုးရွာပီးစ လန်းနေတဲ့ သစ်ရွက်စိမ်းစိမ်း လေးတွေရဲ့ အရောင်မျိုးပါ စိတ်ကြည်လင်မှုကို ပေးနိုင်လို့ ကြိုက်မိတာပါ။

အ၀တ်အစားဆိုရင်

တီရှပ်နဲ့ ဂျင်းဘောင်းဘီသာ အ၀တ်များပါတယ်။ ကြယ်သီးတွေ တပ်ရတဲ့ ရှပ်အင်္ကျီ တို့ ဘောင်းဘီ ကြယ်သီး တပ်ရ တဲ့ 501 လို ဘောင်းဘီမျိုး ကျနော်မ၀တ်ပါဘူး။ ပုဆိုးကို ဘုရားကျောင်းကန် တက်တဲ့ အချိန်နဲ့ ကျောင်းတက်ရတဲ့ အချိန်တုန်းကသာ ၀တ်ခဲ့ပါတယ်။ ပုဆိုး ၀တ်လိုက်တိုင်း စိတ်ထဲ မညီဘူးရယ်လို့ ခံစားမိလို့ပါ။ ပုဆိုးလဲ မမြဲဘူးဗျ။ :D ကျနော်အကြိုက်ဆုံး brand တွေက Valentino, Crocodile, Hush Puppies အစရှိတဲ့ တံဆိပ်တွေပါ (ပြောရတာ အရသာကို ရှိနေတာပဲ) :D။

ကိုယ့်ကိုယ်ကို ဘာစတိုင် ၀တ်တယ်ရယ်လို့ မသုံးသပ်ဖူးတာ အမှန်ပါ။ Rapper တွေလို ပွပွကြီး မ၀တ်ပေမဲ့ များသော အားဖြင့် ပွပွ ရှိတာကို ၀တ်ဖြစ်ပါတယ်။ အရမ်း Fit ဖြစ်တာမျိုးမကြိုက်ပါ။ တခါတလေတော့လည်း အောက်က ဘောင်းဘီ အပွနဲ့ တီရှပ် Fit ဖြစ်တဲ့ဟာမျိုးကို ၀တ်ဖြစ်ပြန်ရော။

အစားအသောက်ဆိုရင်

စားကောင်းတာ မှန်သမျှ အကုန်စားပါတယ်။ တော်တော်များများ ကြိုက်ပါတယ် သိပ် ဂျေးမများတတ်ပါဘူး။ ထမင်းဟင်း ဆိုလည်း သူ့ဟာနဲ့ အစပ်အဟပ် တည့်ရင် မြိန်ရင် စားတာပါပဲ။ အသုပ်စုံ၊ ကောက်ညှင်းပေါင်း အရမ်းကြိုက်တယ် နောက် ရှမ်းစာ တော်တော်များများ ကျနော် ကြိုက်ပါတယ်။ ကျနော် မကြိုက်တာဆိုလို့ ရွှေဖရုံသီး နဲ့ ကြက်မောက်သီးပါ ငယ်ငယ်တည်းက ခုချိန်ထိ အဲဒါတွေကိုမြင်ရင် ပျို့သလိုလို ဘာလိုလိုဖြစ်လို့ တသက်နဲ့ တကိုယ် ခုချိန်ထိ မစားဖူးသေးပါဘူး။

ပစ္စည်းဆိုရင်

ကျနော်က ပစ္စည်း ဆန်းဆန်း တော်တော်ကို ကြိုက်တတ်ပါတယ်။

သီချင်းဆိုရင်

သီချင်းလား ဘာလာလာ ဒေါင်းတယ်ခင်ဗျာ။ သိပ်ပြီးမဆူညံဘူး ခံစားလို့ရတယ် အဓိပ္ပါယ် ရှိတယ်ဆို အကုန် နားထောင်ပါတယ် Classic ကအစ နောက်ဆုံး Rap, Hiphop ထိ နားထောင်ပါတယ်။ မြန်မာသီချင်းကြီး ထဲက ကြိုက်မိတာက နတ်သျှင်နောင် ဆိုတာနဲ့ ဆောင်းအမှီ ဆိုတဲ့ သီချင်းတွေပါ မူရင်းအဆိုတော်တွေကိုတော့ မမှတ်မိတော့ပါဘူး။ တခြား တော်တော်များများလည်း နားထောင်ဖူးပါတယ်။ ငယ်ငယ်က အမေက အမြဲ ရေဒီယို ဖွင့်နားထောင်တော့ နားထဲယဉ်နေတာပါ။

စာရေးဆရာ

ချစ်ဦးညို၊ မြသန်းတင့်၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစံ၊ နီကိုရဲ၊ အကြည်တော်၊ မောင်မိုးသူ တော်တော်များများ ကို ကြိုက်ပါတယ်။

Life Style

သိတတ်တဲ့ အရွယ်မှာ ဘ၀ဆိုတာ နေစရာ နေရာတခု၊ စားစရာ စတာတွေ အတွက် တိုက်ပွဲ ၀င်နေရတဲ့ အရာ တခုလို့ပဲ မြင်တော့တယ်။ အေးအေးချမ်းချမ်း နေရတဲ့ ဘ၀မျိုး လိုချင်တာပေါ့ဗျာ မဟုတ်ဘူးလား။

ဝါသနာ

ရေကူး၊ တင်းနစ်စ်၊ ဘောလုံးကန်၊ စာဖတ်၊ ခရီးသွား စတာတွေပါ။ ခရီးသွားတာ ဘယ်လောက်များ ၀ါသနာပါလဲဆို အိမ်က တော်ရုံဆို ခရီးပေးမထွက်ပါဘူး။ အဲ အမေက သူစိတ်ဆိုးရင် အိမ်ပေါ်က ဆင်းသွားလို့ ပြောတတ်ပါတယ်။ အဲ့စကားကို ထိထိမိမိ အသုံးချတတ်တာ ပထမနှစ်မှာပါ အဲ့တခေါက်က အမေက အဲလို ဆင်းလို့လည်းပြောရော ထည့်ထားတဲ့ အထုပ်နဲ့ ခပ်တည်တည် ဆင်းသွားတာပါ။ မေမေကတော့ နောက်လမ်းက ဘကြီး အိမ်မှာ သွားနေတယ်ပဲ ထင်တာပေါ့။ အရင်ကလည်း ဒီလိုပဲကိုး ကျနော်က လစ်သွားတာခင်ဗျ လစ်သွားတာ:D။ သူငယ်ချင်း တယောက်ကို အဖော်စပ်ပီး ကျိုက်ထီးရိုး ဘုရားရောက်သွား ခဲ့ပါတယ်။ ပြန်လာတော့ အဆူခံပေါ့။ ဒါမျိုး ၂ ခါ ၃ခါ လောက် လုပ်ပြီးတဲ့ အခါမှာ မေမေ ကျနော့်ကို ဘယ်မှ ဆင်းမသွားခိုင်းတော့ပါဘူး :P ။

အလိုချင်ဆုံး လက်ဆောင်

အင်း .. ခုချိန်မှာ ဒီမေးခွန်းကို မေးရင်တော့ .. ကျနော် ချစ်နေတဲ့ ကောင်မလေး ကျနော့်ကို အမြန်ဆုံး နားလည်နိုင် ပါစေဆိုတဲ့ လက်ဆောင်ပဲ။ သူက ကျနော့်ကို နားလည်တာ သိပ်နည်းနေတယ်ဗျ။

ကိုယ့်ရဲ့ အချစ်ဆုံးသူက

၅၂၈ မှာ ဖေဖေ မေမေ ပေါ့။ ၁၅၀၀ မှာတော့ ….. ။

ကိုယ့်ရဲ့ အမုန်းဆုံးသူက

မရှိသေးပါဘူး လူတယောက်ကို ကြာရှည် စိတ်မဆိုးတတ်တဲ့ ကျနော့ အတွက် မုန်းရမဲ့ သူဆိုတာ မရှိသေးပါဘူး။

ကိုယ့်ရဲ့အလေးစားဆုံးသူ

ဖေဖေပါ ဖေဖေဟာ သူ့ဘ၀မှာ သူဖြစ်ချင်တာတွေ တော်တော်များများကို အဆုံးရှုံးခံပြီး သူချစ်တဲ့ သူတွေအတွက် ဆန္ဒ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖေဖေ့လိုဖြစ်အောင် ကြိုးစားချင်ပါတယ်။ မလွယ်လှပါဘူး။

ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်း

အားလုံးပါပဲ။

ကိုယ့်ကို အများဆုံး နားလည်ပေးတဲ့သူက

မရှိဘူးထင်တယ် ၀မ်းနည်းရဆုံး ကိစ္စ တခုပါ။ ကျနော်လူတော်တော်များများကို နားလည်ပေမဲ့ လူ တော်တော် များများ က ကျနော့ကို နားမလည် ကြပါဘူး။

ရင်အခုန်ဆုံး အချိန်

မိန်းခလေးတယောက်ကို ချစ်မိနေပြီလို့ သိလိုက်ရတဲ့ အချိန်။ ကိုယ့်လူတို့လည်း ကြုံဖူးမှာပါ တော်တော် Romantic ဆန်တယ်ဗျာ။

အကြောက်ဆုံးအချိန်

လူတယောက်ယောက်နဲ့ ပြိုင်နေရတဲ့အချိန်။ ကျနော် ရှုံးမှာကို တော်တော် ကြောက်ပါတယ်။ အသေးအဖွဲက စလို့ပေါ့။ အဲလို ရှုံးမှာ ကြောက်တတ်တဲ့အတွက်ကြောင့် နေရာတော်တော်များများ မှာ ကျနော် ရှုံးနိမ့် ခဲ့ရပါတယ်။

အမှတ်တရနေ့

အောက်တိုဘာ ၅ ရက်၊ ၂၀၀၀ ခုနှစ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်

မပူမပင် မကြောင့်မကျ နေနိုင်တဲ့ ဘ၀လေးတခု ကို တောင့်တမိတယ်။ နောက် သူမနဲ့ ကျနော့် အကြား ကျနော်က ချစ်နေပါတယ်လို့ ဖွင့်မပြောပဲ တယောက်နဲ့ တယောက် အပြန်အလှန် နားလည်နိုင်ဖို့။

ပထမဆုံး နေခဲ့သည့် ကျောင်း-အမက (၁၆) သင်္ဃန်းကျွန်း။

ပထမဆုံး ရခဲ့သည့် မုန့်ဖိုး -ငါးကျပ်။ လေးတန်းကျောင်းသား ဘ၀အရွယ်၊ ဘာလုပ်ပစ်တယ် ထင်တုန်း ဂေါ်လီရိုက်ပစ်လိုက်တယ်ဗျ။ ;D

ပထမဆုံး စီးဖူးသည့် ဘတ်စ်ကား-ကိုယ်ပိုင်ကားမှ မရှိပဲဗျာ၊ ငယ်ငယ်လေးတည်းက စီးတာဆိုတော့ မမှတ်မိတော့ဘူး :P

ပထမဦးဆုံး ကျောင်းပြေးဖူးသည့်အချိန်-အဲ ခက်ပီ .. ကျနော်က ကျောင်းပျော်ဗျ၊ တကယ့်ကို တခါမှ မပြေးဖူးပါဘူး။ နေမကောင်းရင်တောင် တော်ရုံတန်ရုံဆို ရောက်အောင်သွားတယ်။

ပထမဆုံး ဂစ်တာတီး သင်ရင်း ဆိုခဲ့သည့်သီချင်း-ကလေးရယ် ပါ အဲလက်စ် သီချင်းလေးပါပဲ။ round chord ပဲမို့ လွယ်ပါတယ်။

ပထမဆုံးထိုင်ဖူးတဲ့ လက်ဖက်ရည်ဆိုင်-ဒါလည်း တော်တော် စဉ်းစား ရတယ်ဗျ၊ လက်ဖက် ရည်ဆိုင် သိပ် မထိုင် ဖြစ်ပါဘူး။ ဆယ်တန်း ကျောင်းသား ဘ၀မှာ ကျူရှင်တက်ရင်း ထမင်း သွားစားတော့ သူငယ်ချင်းတွေနဲ့ ထိုင်တယ်။ ရေကျော် ဗိုလ်ချုပ်လမ်းမှာပါ သုံးပန်လှ လို့ ခေါ်ပါတယ်။ နောက်ပိုင်းလည်း ထိုင်ဖြစ်ပါတယ် သူငယ်ချင်းတွေနဲ့ ဆိုရင်ပေါ့။

ပထမဆုံးသောက်ဖူးသည့် စီးကရက်-ဆေးလိပ် သောက်ဖူးဗျ ကြိုက်ဘူး အနံ့ကို ခံရခက်လို့။

ဆေးပေါ့လိပ်-ပိုဆိုးတာပေါ့ဗျာ ;D

ပထမဆုံး ရည်းစားထားဖူးသည့်အချိန်-ကိုးတန်း ကျောင်းသားဘ၀မှာပါ တနှစ်လုံး အသေအလဲ လိုက်ပြီး ဆယ်တန်းကျောင်း စတက်တဲ့အချိန်မှ အိုကေခဲ့တာပါ။

ပထမဆုံး ဖတ်ဖူးသည့် ၀တ္ထုစာအုပ်-စာတော်တော် ဖတ်ဖြစ်ပါတယ် ဒါမဲ့ မေ့ပီဗျာ ပထမဆုံး ဘာဖတ်လည်း ဆိုတား( ။

ပထမဆုံး ဖတ်ဖူးသည့် ဘာသာရေးကျမ်း-ဦးဆန်းလွင် ရေးတဲ့ ဗုဒ္ဒဘာသာဝင်တွေ ယုံကြည်တာက ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ ညွှန်းပါတယ် ဖတ်သင့်ပါတယ်။

ပထမဆုံး အရက်မူးဖူးသည့် အချိန်-ကျနော် သင်္ဘော တက်မယ် ဆိုတော့ မထွက်ခင် တည အလို ကျနော်တို့ သယ်ချင်းတစု ဘီယာလေးပုလင်း ၀ယ်ပြီး ဗိုလ်တထောင် ဆိပ်ကမ်းမှာ ဂစ်တာတီးရင်း သွားသောက်ခဲ့ကြတယ်။ အားလုံးက တကယ့်ကို အဲ့အချိန်မှ စသောက်ဖူးတာပါ မူးတယ် မဆိုသာပေမဲ့ ရီရီလေးနဲ့ ကောင်းနေတာပေါ့ဗျာ အဟတ် ဟတ် :P ။

ပထမဆုံး ပစ်ဖူးသည့် သေနတ်-ဘော်ဘော်တွေနဲ့ လေသေနတ် ပစ်တမ်း ကစားတော့ ကိုင်ဖူးတာ လေသေနတ် ပစ်စတိုလေးပေါ့ ;D ။

ပထမဆုံး ရောက်ဖူးသော နိုင်ငံခြား-မလေးရှားပါ ။

ပထမဆုံး ရေးခဲ့သော ဘလော့ပို့စ်-တခါတုန်းက ဆိုတဲ့ ကဗျာလေးပါ ။

ကဲ အကိုလင်းထက် ကောင်းမှုနဲ့ ရေးစရာ ပျောက်နေတဲ့ ကျနော် ရေးစရာရ သွားတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ် အကိုလင်းထက်။ ကျနော်ကလည်း လက်ထဲ တုတ်ရရင် အညိမ်မနေ တတ်ဆိုတော့ ကျနော့် သယ်ရင်းလေး ခုဘလော့ဂ် ပါ့တနာလေး ပီးနတ်ကို တဂ်ပါမယ်။ ရေးပေတော့ :P ။ (ရေးလို့ အဆင်ပြေပါ့မလားတော့ မသိ ငါကတော့ တက်ဂ်လိုက်တယ် ဘာပဲဖြစ်ဖြစ် ဖြစ်အောင်ရေးနော် .. ပထမဆုံးတွေ သိချင်လို့ :P)

Crew Party ..

ဒီနေ့ဟာ ကျနော်တို့ Crew တွေရဲ့ Party Day ပါ။ ကျနော်တို့ သင်္ဘောပေါ်မှာ Crew Party ကို ၂လ တကြိမ် ပထမအပတ် သို့ ဒုတိယ အပတ်မှာ ကျင်းပပေးလေ့ရှိပါတယ်။ Crew Party ဆိုလို့ သိပ်ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနားတော့ မဟုတ်ပါဘူး။ ကိုယ့်ဆီက ၀န်ထမ်းတွေ စားကြသောက်ကြ ပြိုင်ပွဲလေးတွေလုပ်ကြ ဒီလောက်ပါပဲ။ ပျော်စရာတော့ ကောင်းလှပါတယ်။ ကျနော်ကတော့ သင်္ဘောပေါ်ရောက်ပီးတည်းက ၂ နှစ်ကျော်အတွင်း မှတ်မှတ်ရရ ရောက်စက တခါလားပဲ ရောက်ပါတယ်။ ကိုယ်တိုင်က သိပ်မသောက်တတ်တာရယ် လူရှုပ်တာကို မကြိုက်တာ ရယ်ကြောင့် အဲ့လို ပွဲရှိတဲ့ လ မျိုးဆို ကျနော့ရဲ့ partner ကိုသာ နေ့ပိုင်းပေးနေပီး ကျနော်ကတော့ ညဘက်သာ ယူခဲ့တာ များပါတယ်။

Crew Party ဆိုရင် ကျနော့တို့ Crew တွေအတွက် ဘီယာ၊ အရက်၊ အအေး စသဖြင့် ကိုယ်နှစ်သက်ရာကို သောက်သုံးခွင့် Free ကူပွန်တွေ ရပါတယ်။ တဦးကို ဘီယာဆို လေးဘူး၊ အရက်ဆို ၂ ပက်၊ အအေးဆိုခြောက်ဘူး စသဖြင့် ရပါတယ်။ အရက်သေစာ သောက်သုံးတာနဲ့ ပတ်သက်လို့ တရားဝင်သတ်မှတ်ထားတာက ၀န်ထမ်းတိုင်း တဦးကို alcohol limit က 0.4 ထက်ကျော်လို့ မရပါဘူး။ ပြသနာတခုခု တက်တဲ့အခါ (ရန်ဖြစ်တာ ဘာညာ ကို ဆိုလိုပါတယ်) ဆရာဝန်က အရက်ခေါ်စစ်ပါတယ် သောက်ထား မသောက်ထား သောက်ထားရင် သတ်မှတ်တာထက် ကျော်လားပေါ့ ကျော်ရင်တော့ ဒီဝန်ထမ်းအတွက် Terminate ပါ There’s no excuse ပါပဲ။ အဲ ဒီလိုညမျိုးကို တော့ ချွင်းချက်အနေနဲ့ ခွင့်လွှတ်ပေးထားပါတယ်။ နောက်နေ့ကို အရက်မစစ်ပါဘူး ပြသနာ မဖြစ်ခဲ့ရင်ပေါ့လေ။ Crew Party တိုင်းမှာ Entertainment Contest တွေပါ ပါတယ်။ ကြိုက်တဲ့ ဌာနတိုင်းက ၀န်ယှဉ်ပြိုင်ခွင့်ရှိပီး ဆုတွေကိုလည်း ထိုက်ထိုက်တန်တန် ပေးပါတယ်။ ကျန်တဲ့နေ့တွေမှာ အစားအသောက် အဆင်မပြေလှပေမဲ့ အဲ့နေ့ကတော့ Buffet ၊ BBQ စသဖြင့် တော်တော် စားရတာ အဆင်ပြေလှပါတယ်။ ကျနော်ကတော့ ဂျုတီချိန်မို့ သူငယ်ချင်းတွေ ကင်ထားတဲ့ အသားတွေရယ် Coke ရယ် သောက်ပီး ညစာပြီးဆုံးခဲ့ပါတယ်။

ဒီတခေါက် Crew Party ကတော့ Buffet ၊ BBQ ၊ အဖျော်ယမကာ အစုံအပြင် Music Contest and Beer Contest ပါ ၀င်ခဲ့ပါတယ်။ Music Contest မှာတော့ ကျနော်တို့ ကာစီနို ဘက်က လူငယ်တွေအများစု ဖြစ်တာကြောင့် ဆု သုံးဆု လုံးသိမ်းယူခဲ့ပါတယ်။ Beer Contest မှာလည်းပဲ နှစ်ယောက်တတွဲ ချထားတဲ့ ဘီယာ ၂ ဘူးကို တဘူးကို မော့သောက်ပီး ပီးတာနဲ့ တခြားတဘူးကို ပိုက်နဲ့စုပ် အရင်ကုန်တဲ့သူက အနိုင်ရရှိပါတယ်။ ဒီမှာလည်းပဲ ကျနော်တို့ ကာစီနိုဘက်က ပဲ အနိုင်ရရှိလိုက်ပါတယ် ဒီတခါ အနိုင်ရရှိတာကြောင့် လွန်ခဲ့တဲ့ ၂လက ဘာဆုမှ မရရှိတဲ့ သိက္ခာလေး ပြန်ဆည်လိုက် နိုင်ပါတယ်။

၁၂ နာရီ နောက်ပိုင်းက Disco Time ပါ။ ဒီတလှည့်မှာ အထူးအဆန်းနေနဲ့ ကျနော်တို့ Hotel Manager က အပြင်က DJ ကို ငှားကာ ပျော်စေခဲ့ပါတယ်။ သို့ပေမဲ့လည်း ဒီက အထာကို နားမလည်တဲ့ DJ ကြောင့် ပထမပိုင်းမှာ တော်တော်ပျင်းဖို့ ကောင်းခဲ့ပါတယ်။ HM က ချက်ချင်းပဲ House DJ နဲ့ ပြန်လဲခိုင်းတော့မှ အားလုံးဟာ ပျော်ရွှင်ခဲ့ရပါတယ်။ ဒီမှာ တခုပြော စရာရှိတာက ကျနော်တို့ party တိုင်းမှာ သင်္ဘောပေါ်ရှိတဲ့ လူမျိုးတိုင်းရဲ့ Remix တွေဖွင့်ပေးခြင်းပါပဲ အရှုပ်ချ ခံရဆုံးက သီရိလင်္ကာ (သ ကုလား) တွေရဲ့ Remix ဖြစ်ပီး အနှစ်ခြိုက်ခံရဆုံးက ကျနော်တို့ မြန်မာအဆိုတော် L လွန်းဝါရဲ့ အချစ်မျက်ဝန်း Remix ဖြစ်ပါတယ်။ L လွန်းဝါ ကံတက်ပုံက သင်္ဘောပေါ်မှာ သူ့သီချင်းကို တော်တော် ကြိုက်ကြပါတယ်။ ပီးခဲ့တဲ့ Music Contest က ဖိလစ်ပိုင် လူမျိုး ၀န်ထမ်းတယောက်က အချစ်မျက်ဝန်းကို နှုတ်တိုက်ကျက်ပီး ဒုတိယဆု ရသွားခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ညဦးပိုင်း ကိုးနာရီက စခဲ့တဲ့ ကျနော်တို့ ပါတီဟာ ညလယ် ၃ နာရီမှာ ဘာပြသနာမှ မရှိပဲ အေးအေး ဆေးဆေး ပြီးဆုံးခဲ့ပါတယ်။

Red Devil ..

တွေးလိုက်တိုင်း တနုံ့နုံ့၊ ပြန်မြင်ယောင်တိုင်း စိတ်ပျက်လောက်အောင် ဖြစ်လာတာမို့ မနက် အလုပ်ပီးတဲ့ အချိန်ထိ မစောင့်နိုင်တော့ပဲ အားလပ်ချိန်လေးမှာ အသည်းအသန် ပြေးရေးမိပါတယ်။

ဘာအကြောင်းလဲ ဆိုတော့ကာ ဒီနေ့ ကန်ခဲ့တဲ့ လီဗာပူးလ် - မန်ယူ ပွဲဖြစ်ပါတယ်။ ဆယ်နှစ်အတွင်းမှာ မန်ယူဟာ လီဗာပူး အိမ်ကွင်းမှာ တပွဲ ရှုံး တပွဲ သရေက လွဲလို့ ကျန်တဲ့ ရှစ်နှစ်မှာ အနိုင်ရခဲ့ပါတယ်။ ကျနော်ဟာ သရဲနီ ပရိတ်သတ် ဖြစ်ခဲ့တာ ၁၀နှစ်ကျော် ကြာခဲ့ပါပီ။ ငယ်ငယ်လေးတည်းက အားပေးခဲ့တဲ့ အသင်းမို့ ဒီအချိန်မှာ သရဲတွေရဲ့ ကျနော့ကို စိုးမိုးနိုင်စွမ်းဟာ အမြင့်ဆုံးပါပဲ။ သရဲနီတွေ အောင်ပွဲ ခံရင် ကျနော် ထပ်တူပျော်တယ်။ ကျရှုံးရင် ကျနော် သူတို့နဲ့ ထပ်တူ ၀မ်းနည်းရတယ်။

အခုကန်ခဲ့တဲ့ပွဲဟာ ပထမပိုင်းကို လွတ်လွတ်ကျွတ်ကျွတ် ကြည့်ခဲ့ရပေမဲ့ ဒုတိယပိုင်းဟာ ကျနော့ အလုပ်ချိန်အတွင်းမှာ ဖြစ်တာကြောင့် အသည်းအသန် လူကြီးကို request လုပ်ပီး ကြည့်ခဲ့ရတာပါ။ ပွဲပီးတော့မှ မကြည့်မိရင် အဲ့လောက် စိတ်ထိခိုက်ရမှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။ ဒီပွဲမှာ နှစ်ဘက်အသင်းဟာ ဒဏ်ရာကြောင့် ပါဖို့ မသေချာဘူးဆိုတဲ့ ကစားသမားတွေကို ထုတ်သုံးသွားတာ တွေ့ရပါတယ်။ သရဲနီဟာလည်း C.Ronaldo တယောက်က လွဲရင် ကျန်တဲ့ကစားသမားတွေကို ထုတ်ကာ လီဗာပူး အသင်းရဲ့ အိမ်ကွင်းမှာ ကြံ့ကြံ့ခံကစား ခဲ့ပါတယ်။ ပွဲစလို့ သိပ်မကြာခင်သုံးမိနစ်မှာ သရဲနီအသစ် ဘာဘာတော့ဖ် ခင်းပေးတဲ့ ဘောလုံးကို တီဗက်စ် သွင်းယူရာက တဂိုး ဦးဆောင်ခဲ့တော့ ပျော်လိုက်တာဆိုတာ ပြောမနေပါနဲ့။ လီဗာပူး ပရိတ်သတ် သူငယ်ချင်းကိုလည်း စလိုက်သေးတာပေါ့။ အဲ ပထမပိုင်း ပီးခါနီးမှာပဲ ဗန်ဒါးဆားနဲ့ ၀က်စ်ဘရောင်းတို့ နားလည်မှု မှားရာက ကိုယ့်ဂိုး ကိုယ်သွင်းမိကာ နစ်နာစရာကောင်းလှတဲ့ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။

လီဗာပူးမှာ မကစားနိုင်ဘူး ထင်ရတဲ့ Steven Gerrard၊ Fernando Torres၊ အပြင် Babel တို့ဟာ ပထမပိုင်းမှာ ၀င်မကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာ လူစုံ ၀င်ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သရဲနီ ဗီဒစ်ရဲ့ Found ကနေ Vidic ဟာ အနီကတ်ဒ်ရပီး ထွက်ခဲ့ရတဲ့ နောက်ပိုင်း လီဗာပူးဟာ လူစုံထည့်ပီး ဖိကစားခဲ့ရာကနေ Babel ရဲ့ အနိုင်ဂိုးသွင်းတာကို ကြည့်လိုက်ရတဲ့အခါ ခံပြင်းလွန်းတာကြောင့် ခုံကို လက်သီးနဲ့ ထိုးမိတဲ့အထိပါပဲ။ ဒီလိုနဲ့ပဲ ပွဲဟာ လီဗာပူး ၂ - ၁ မန်ယူ နဲ့ ပီးဆုံးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်မကောင်းပေမဲ့ အစွမ်းကုန်ကြိုးစားခဲ့တဲ့ သရဲနီတွေနဲ့ ကြိုးကြာတွေကို ဂုဏ်ယူပါတယ်။ နောက်တကြော့တွေ့မဲ့ Man Utd ရဲ့ Home Old Tradfford မှာ MU Revenge ဘယ်လိုလာမလဲ ဆိုတာ ထပ်မျှော်လင့်ရင်း ဘယ်လိုမှ စိတ်မပါတော့မဲ့ ရှည်လျားတဲ့ ညတညကို ဖြတ်သန်း ပါတော့မယ်။

ထပ်တူ ၀မ်းနည်းရပါတယ် သရဲနီ။


Newer Posts Older Posts Home

Blogger Template by Blogcrowds.